ပါတီအမည်မခံဘဲ တရားဝင် လူမှုရေးလုပ်မည်ဟု NLD ပြောဆို

ပါတီအမည်မခံဘဲ တရားဝင် လူမှုရေးလုပ်မည်ဟု NLD ပြောဆို
by -
မြင့်မောင်
လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ပါတီနာမည်မခံဘဲ မှတ်ပုံတင်ကာ တရားဝင် လုပ်ကိုင်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောသည်။ ...

နယူးဒေလီ (မဇ္စျိမ)။      ။ လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ပါတီနာမည်မခံဘဲ မှတ်ပုံတင်ကာ တရားဝင် လုပ်ကိုင်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောသည်။

“ဘာနာမည်မှ မခံဘူး။ အဓိပ္ပာယ်က လူမှုအထောက်အကူပြု NLD တို့၊ တရားဥပဒေ အထောက်အကူ NLD တို့ ဆိုတဲ့ နာမည်တွေ မခံပါဘူး။ ဒီလို နာမည်ခံလို့ ရှိရင်လည်း ရမှာမဟုတ်ဘူးလေ။ ဒီလို နာမည်ခံလို့ ရှိရင်လည်း ပါတီအဖွဲ့အစည်းလုပ်တယ် ဆိုပြီးတော့ တာဝန်ရှိတဲ့ အာဏာပိုင် အဖွဲ့အစည်းတွေက လက်ခံမှာ မဟုတ်ဘူး။ ဥပဒေနဲ့အညီ ဖြစ်မှာမဟုတ်ဘူး'' ဟု NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးက မဇ္စျိမကို ပြောသည်။

ဗဟန်းမြို့နယ် ပါတီရုံးချုပ်တွင် ယနေ့ပြုလုပ်သော CEC အစည်းအဝေးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး နေအိမ်တွင် ထိန်းသိမ်းခံနေရသည့် ပါတီအထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ကျန်းမာရေးမကောင်းသည့် ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်နှင့် CEC အဖွဲ့ဝင် ဦးလွန်းတင်မှ လွဲ၍ ကျန်အဖွဲ့ဝင်အားလုံး တက်ရောက်ခဲ့ကြသည်။

''အသင်းအဖွဲ့ ဖွဲ့စည်းတဲ့ ဥပဒေတွေ ရှိတဲ့အတွက် မှတ်ပုံတင်ရမယ့်ဟာတွေ ရှိလာဦးမယ်။ ဒါတွေနဲ့ ပတ်သက်လို့ မှတ်ပုံတင်သင့်တဲ့ဟာတွေ တင်မယ်။ တင်လို့ ရရင်လည်းရ၊ မရရင်လည်း မှတ်ပုံမတင်တဲ့အပိုင်းနဲ့ တဦးချင်းစီရဲ့ စိတ်ဓာတ်နဲ့ လုပ်သွားမှာ ဖြစ်တယ်” ဟု ဦးတင်ဦးက ပြောသည်။

NLD သည် စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည်မဟုတ်ဘဲ လူမှုရေးလုပ်ငန်းများကို ပါတီသက်တမ်းကုန်ဆုံးမည့် လာမည့်လ ၆ ရက်နေ့ နောက်ပိုင်းမှ စတင်ကာ လုပ်ကိုင်သွားရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။

သို့သော် ပါတီအမည်အား အသုံးပြုသွားမည်၊ အသုံးမပြုမည်နှင့်ပတ်သက်၍ ယခုလ ၂၆ ရက်နေ့တွင် CEC အစည်းအဝေးတွင် ဆုံးဖြတ်နိုင်ခြင်း မရှိခဲ့ရာမှ ယနေ့ အစည်းအဝေးက ရှင်းလင်းစွာ သဘောထား ချမှတ်လိုက်ခြင်း ဖြစ်သည်။

လက်ရှိ လုပ်ကိုင်နေသည့် နိုင်ငံရေးအကျဉ်းသား မိသားစုများအား ကူညီရေး၊ HIV/AIDS ဝေဒနာသည်များအား စောင့်ရှောက်ရေး၊ ပြည်သူလူထုအနေနှင့် ဥပဒေကြောင်းအရ နစ်နာသည့် ကိစ္စများအတွက် အထောက်အကူပြုရေး စသည့် လူမှုအထောက်အကူပြု လုပ်ငန်းများအပြင် ဒီမိုကရေစီ အင်အားစုများနှင့် ဝိုင်းဝန်းကူညီရန်လည်း ဆုံးဖြတ်ခဲ့သည်။

ထို့အပြင် ပြည်နယ်နှင့် တိုင်းအသီးသီးတွင် ဖွင့်လှစ်ထားသည့် NLD ရုံးများသို့ အဖွဲ့ချုပ်၏ ရပ်တည်ချက်များနှင့် ပတ်သက်၍ လမ်းညွှန်ကြားချက်များအား ရက်ပိုင်းအတွင်း ထုတ်ပြန်သွားရန် ဆုံးဖြတ်ခဲ့သေးသည်။

“တိုင်းနဲ့ ပြည်နယ်တွေကို အဖွဲ့ချုပ်အနေနဲ့ အလံမချ၊ ဆိုင်းဘုတ် မဖြုတ်ဘူး၊ ဒါပေမဲ့ ရုံးမှာ တာဝန်ရှိတဲ့ သူတွေကတော့ ရှိနေမယ်။ ရုံးလုပ်ငန်းတွေကိုတော့ မလုပ်ဘူး။ မိမိရှိတဲ့ ပစ္စည်းတွေကို သိမ်းဆည်းထား၊ မလိုလားတဲ့ စာရွက်စာတမ်းများကို ဖျက်ဆီးပစ်၊ ငွေစာရင်းနဲ့ ပတ်သက်လို့ တရားဥပဒေနဲ့အညီ ရှင်းတန်တာ ရှင်းဖို့၊ နောက်တခုက ကိုယ်ဒေသနဲ့ကိုယ် လျော်ညီအောင် ဆောင်ရွက်ဖို့၊ အိမ်ရှင်နဲ့ ပြေလည်အောင် ဆောင်ရွက်ဖို့နဲ့ အေးအေးချမ်းချမ်းဖြစ်အောင် လုပ်ဆောင်ဖို့ မကြာခင် ညွှန်ကြားစာပို့မယ်” ဟု ဦးတင်ဦးက ပြောသည်။

မြန်မာနိုင်ငံ တနိုင်ငံလုံးတွင် NLD တိုင်း/ပြည်နယ်နှင့် မြို့နယ်ရုံးများ အပါအဝင် စုစုပေါင်း ရုံးပေါင်း ၃ဝဝ ကျော် တည်ရှိနေသည်။

Most read this week