ပြည်သူ့စစ်အဖြစ် ပြောင်းလဲရန် စစ်အစိုးရက ညွှန်ကြားခဲ့သည်ကို ငြင်းဆန်လိုက်ပြီးနောက် စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ မွန်ပြည်သစ်ပါတီက ပြုလုပ်လျက် ရှိသည်။
ယခုလ ၂၂ ရက်နေ့မှစ၍ ပါတီ၏ ဆက်ဆံရေးရုံးများရှိ စာရွက်စာတမ်းများ သိမ်းဆည်းထားကာ မော်လမြိုင်ရုံးမှလွဲ၍ ရုံးများကို ပိတ်ထားလိုက်သည်။
“ဒီလ ၂၂ ရက်နေ့ နောက်ဆုံးထား အဖြေက ကျနော်တို့ လက်မခံနိုင်တဲ့အတွက် ရုံးပိတ်ပစ်လိုက်တယ်။ ပိတ်လိုက်တယ်ဆိုတာက စစ်အစိုးရက အရေးယူမှု ပြဿနာ ဖြစ်လာမှာ စိုးရိမ်လို့၊ သဘောကတော့ စစ်ရေးအရ အရေးယူလာရင် ကျနော်တို့လူတွေ အထဲမှာ ခပ်များများ ကျန်သွားမှာ စိုးရိမ်လို့ပါ” ဟု ပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်ခြေးမွန်က ပြောသည်။
ရန်ကုန်၊ ရေး၊ မြဝတီ၊ ဘုရားသုံးဆူ၊ သံဖြူဇရပ်ရှိ ပါတီရုံုးများ ပိတ်လိုက်ပြီး မော်လမြိုင်တွင် ဆက်ဆံရေးတာဝန်ခံ ၂ ဦးသာ ထားသည်။
၁၉၉၅ ခုနှစ် စစ်အစိုးရနှင့် အပစ်ရပ်စဲစဉ် နှစ်ဖက်ဆက်သွယ်နိုင်ရန်အတွက် ဆက်ဆံရေးရုံးများ ဖွင့်လှစ်ထားခြင်းသာဖြစ်ပြီး ပါတီအနေဖြင့် မည်သည့်စီးပွားရေး လုပ်ငန်းများ လုပ်ပိုင်ခွင့်မရသဖြင့် ပါတီစီးပွားရေး လုပ်ငန်းများ ထိခိုက်မည်မဟုတ်ကြောင်း မွန်ပြည်သစ်ပါတီဝင်ဟောင်း နိုင်တင်အောင်က ပြောသည်။
“စောစောပိုင်းတော့ သစ်လုပ်ငန်းပဲ ကြီးကြီးမားမား လုပ်တာ။ အခုနောက်ပိုင်း သစ်လုပ်ငန်းတောင် အစိုးရက ပါမစ်တွေ မချပေးတော့ မလုပ်နိုင်တော့ဘူးလေ။ ရုံးပိတ်လို့ ထိခိုက်တာ မရှိပါဘူး။ အထူးအခွင့်အရေးမှ မရတော့ ဘာမှ ထိခိုက်တာ မရှိပါဘူး” ဟု သူက မဇ္ဈိမကို ပြောသည်။
အပစ်ရပ်စဲမှု စတင်အပြီး သစ်လုပ်ငန်းများ၊ ကားလမ်းဘီးခွန်ကောက်ခြင်း၊ ကားလိုင်းများ ပြေးဆွဲခြင်းနှင့် သွင်းကုန်ထုတ်ကုန် လုပ်ငန်းများ လုပ်ကိုင်ခွင့်ရခဲ့သော်လည်း နောက်ပိုင်းတွင် ပိတ်ပင်ခံခဲ့ရသည်။
လက်ရှိ စစ်အစိုးရနှင့် မွန်ပြည်သစ်တို့အကြား တင်းမာမှုရှိနေပြီး စစ်ရေးအတွက် ပြင်ဆင်မှုများ ရှိနေကြောင်း အကဲခတ်လေ့လာသူတဦးဖြစ်သော ဦးအောင်သူငြိမ်းက ပြောသည်။
မွန်ပြည်သစ် ပါတီရုံးရှိရာ ရေးမြို့နယ်တွင် စစ်အစိုးရ၏ တပ်ရင်း ၃ ရင်း၊ စစ်ဆင်ရေးနှင့် ကွပ်ကဲရေးဌာနချုပ် (စကခ) တခုရှိပြီး ဘုရားသုံးဆူတွင် တပ်ရင်း ၃ ရင်း၊ မော်လမြိုင်မြို့တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်နှင့် ထိုမှ မုဒုံမြို့နယ်အထိ နအဖ တပ်ရင်း အမြောက်အမြား ရှိနေသည်။
လက်နက်ကိုင် စစ်သည်အင်အား ရဝဝ ခန့်ရှိ မွန်ပြည်သစ်က မော်လမြိင်ခရိုင်၊ ထားဝယ်ခရိုင်၊ သထုံခရိုင်၊ ရေးချောင်းဖျားရှိ ဗဟိုဂွင်၊ ဘုရားသုံးဆူဒေသတွင် ထိန်းချုပ် ထားသည်။
စစ်ပွဲဖြစ်လာမည်ကို စိုးရိမ်သဖြင့် ရေးမြို့နယ် တိုးဟပယောက်၊ အနီ၊ ချဲတိုက်၊ ဝေဆင်၊ နောင်ဘွဲ့ စသည့် ကျေးရွာသား ၄ဝဝ ကျော်သည် ယခု ၂၅ ရက်နေ့မှ စတင်၍ ထိုင်း-မြန်မာနယ်စပ်ရှိ ခလောက်ခနီ မွန်ဒုက္ခသည်စခန်းသို့ ထွက်ပြေးလာကြကြောင်း သတင်းများ ထွက်ပေါ်နေသည်။
၁၉၅၈ ခုနှစ်အတွင်း တည်ထောင်ခဲ့သည့် NMSP သည် မွန်အမျိုးသားများ အပါအဝင် တိုင်းရင်းသားအားလုံး တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လက်နက်ကိုင် လမ်းစဉ်ဖြင့် တိုက်ပွဲဝင် တော်လှန်ခဲ့ကြသည်။