ကြိုတင်ကြေညာခြင်းမရှိဘဲ မြန်မာနှစ်ဆန်းတရက်နေ့မှစ၍ ရန်ကုန်-ပုသိမ် လမ်းပိုင်းတွင် လမ်းကြေး၊ တံတားကြေးကောက်ခံမှုများ နှစ်ဆကျော်တိုးမြှင့်မှုကို အေးရှားဝေါ်လ် ကုမ္ပဏီက ပြုလုပ်လိုက်သည်။
အေးရှားဝေါလ် ကုမ္ပဏီလီမိတက်မှ B.O.T (Built,Operate,Transfer) စနစ်ဖြင့် ပြုပြင်လုပ်ကိုင်နေသည့် ရန်ကုန်-ပုသိမ်လမ်းမကြီးပေါ်တွင် ယခင်က ယခင်က တန်ချိန် (၂ဝ) ဝန်းကျင်ရှိ ဆယ်ဘီးယာဉ်တစီးလျှင် လမ်းကြေးနှင့် တံတားကြေးစုစုပေါင်း ကျပ်သုံးသောင်းခွဲခန့် သာကျသင့်ခဲ့ရာမှ ယခုအခါ စုစုပေါင်း ကျပ် ခုနစ်သောင်းခွဲခန့် ကျသင့်နေပြီး၊ ယခင်က ကျပ်လေးသောင်းခန့်သာ ကုန်ကျခဲ့သည့် တန်ချိန် (၄ဝ) ရှိ ဆယ့်နှစ်ဘီးယာဉ်တစီးမှာ ယခုအခါ ကျပ် ကိုးသောင်းကျော်အထိ ပေးဆောင် ရသည်။
ယခင်က တံတားငယ်များအတွက် အခွန်ကောက်ခံခြင်းမရှိသလို တံတားသစ် နှစ်ခုအတွက် ၆ ဘီးကားတစ်စီးလျှင် ကျပ်သုံးထောင်၊ ၁ဝ ဘီးကားတစီးလျှင် ကျပ်ရှစ်ထောင်နှင့် ၁၂ ဘီးကားတစ်စီးအတွက် ကျပ်တစ်သောင်း စသဖြင့် အသီးသီးပေးဆောင်လာရသည်။
"သင်္ကြန်အပြီးနောက်နေ့ကတည်းက စတက်တာ။ ဖြတ်သန်းခ စလစ် ပေးတယ်။ ကားတန်ချိန် ဘယ်လောက်မို့လို့ ဘယ်လောက်ကောက်တယ် ဆိုတာမပါဘူး။ ကောက်တဲ့ ဂိတ်တွေ မှာလည်း ဘယ်ကားကို ဘယ်လောက်ဆောင်ရမယ်လို့ ရေးထားတာမတွေ့ဘူး။ အထက်က ကောက်ခိုင်းတဲ့အတိုင်းလို့ ပြောတယ်။ "ဟု ဘုရင်နောင် ကုန်စည်ဒိုင်မှ ဆယ်ဘီးယာဉ်မောင်းတဦးက ဆိုသည်။
ယာဉ်အမျိုးအစားအားလုံးကို လမ်းအသုံးပြုခ တိုးမြှင့်ကောက်ခံခဲ့ခြင်းဖြစ်ပြီး ကုန်တင်ယာဉ်များမှာ ပိုမိုပေးဆောင်ရသည်ဟု သိရသည်။
လမ်းကြေး၊ တံတားကြေးများ တိုးမြှင့်ပေးဆောင်နေရသည့် ရန်ကုန်-ပုသိမ်လမ်းပိုင်းမှ ကုန်တင်ယာဉ်များသည် တန်ဆာခများ တိုးမြှင့်ရန် ညှိနှိုင်းမှုများ ပြုလုပ်လျှက် ရှိနေသော်လည်း ခရီးသည်တင်ယာဉ်များမှာမူ လူစီးခများတိုးမြှင့်ရန် အစီအစဉ်မရှိသေးကြောင်း သိရသည်။