ရှမ်းပြည်နယ်မြောက်ပိုင်းမှ ပလောင်ကလေးငယ် ထက်ဝက်ကျော်မှာ အလယ်တန်းအဆင့်ထက်ပို၍ ပညာသင်ကြားရခြင်းမရှိကြောင်း တအောင်း ကျောင်းသားနှင့် လူငယ်များ အဖွဲ့ TSYO က ပြောသည်။
ပလောင်ခေါ် တအောင်းလူမျိုးများ အများဆုံးနေထိုင်ရာ ရှမ်းပြည်မြောက်ပိုင်းရှိ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း စသည့်မြို့နယ် ၃ မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၆၁ ရွာမှ ကျောင်းသူ/သား၊ ဆရာ၊ ဆရာမနှင့် မိဘများအပါအဝင် လူဦးရေ ၁၇၅ ဦးကို ၂ဝဝ၆ ခုနှစ်မှ ၂ဝဝ၉ ခုနှစ်ထိ ကွင်းဆင်း မေးမြန်းပြီး TSYO က ”အလင်းမဲ့ဘဝ” အမည်ရ အစီရင်ခံစာတခုထုတ်ပြန်ခဲ့သည်။
“စပြီး စရင်းပြုစုတုန်းက ရ၅% လောက် ကျောင်းတက်နိုင်ကြသေးတယ်။ အခု ၄၅%လောက်ပဲ တက်နိုင် တော့တာကို တွေ့ရတယ်။ ” ဟု အထွေထွေအတွင်းရေးမှူး မိုင်းအောင်ကိုက ပြောသည်။ မူလတန်းနှင့် အလယ်တန်းအဆင့်ကျောင်းတက်နိုင်မှုနှုန်းကို သူက ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ပလောင် လူဦးရေစုစုပေါင်း ၁ သန်းကျော်အနက် မန်တုံ၊ နမ့်ဆန်၊ နမ့်ခမ်း စသည့် မြို့များတွင် အများစုဖြစ်ကာ လက်ဘက်စိုက်ပျိုးခြင်းဖြင့် အဓိက အသက်မွေးဝမ်းကြောင်းကြသည်။
တွေ့ဆုံမေးမြန်းခဲ့သူ ၁၇၅ ယောက်အနက် ၃ ဦးသာလျှင် တက္ကသိုလ်ပညာသင်ကြားရသည်ဟု မိုင်းအောင်ကိုက ပြောသည်။
ကျောင်းထွက်ခဲ့ရသည့် အသက် ၁၄ နှစ်မှ ၁၈ နှစ်အတွင်း လူငယ်များမှ ဘိန်းသုံးစွဲသူ ၄ဝ ရာခိုင်နှုန်းခန့် ရှိနေသည်ဟုလည်း ဆိုသည်။
ကုလသမဂ္ဂက ထုတ်ပြန်ချက်အရ မြန်မာစစ်အစိုးရသည် နိုင်ငံ၏ ဘဏ္ဍာငွေများမှ ပညာရေးအတွက် နိုင်ငံ့ ထုတ်ကုန်တန်ဖိုးစုစုပေါင်း ဂျီဒီပီ၏ ၁.၃ ရာခိုင်နှုန်းသာ အသုံးပြုသည်ဟု ပါရှိသည်။
၂ဝဝ၈ ခုနှစ်၌ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ စျေးကွက်အတွင်းရှိ လက်ဘက်များတွင် လူကို အန္တရယ်ဖြစ်စေသည့် ဓါတုဆိုးဆေးများ အသုံးပြုထား သည်ကို တွေ့ရှိရပြီးနောက် ဝယ်ယူစားသုံး သူနည်းသွားသဖြင့် လက်ဘက်စျေးများကျပြီး ဝင်ငွေထိခိုက်ခြင်းသည်လည်း ကလေးငယ်များကို ကျောင်းမထားနိုင်ခြင်း၏ အကြောင်းရင်းတခုဖြစ်သည်ဟု မိုင်းအောင်ကိုက ပြောသည်။
မြန်မာနိုင်ငံတွင် မူလတန်းအဆင့် တပိုင်းတဆဖြင့် ကျောင်းထွက်သွားသူ အနည်းဆုံး ၅၅ ရခိုင်နှုန်း ရှိသည်ဟု UNICEF အစီရင်ခံစာတခုက ဖော်ပြထားသည်။