လူထုဒေါ်အမာ ကွယ်လွန်ခြင်း ၂ နှစ်ပြည့်အထိမ်းအမှတ် ဆွမ်းကပ်လှူဒါန်းပွဲကို မန္တလေးမြို့ မဏိရတနာရာမ မြတောင်တိုက်ကျောင်းတိုက်ရှိ နှစ် ၁ဝဝ ပြည့် သာသနာ့ ဗိမာန်တော်ကြီးတွင် ယနေ့မနက်တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယနေ့အခမ်းအနားတွင် သံဃာတော် အပါး ၁ဝဝ တို့အား နေ့ဆွမ်းဆပ်ကပ် လှုဒါန်းခဲ့ပြီး ကြွရောက်လာသည့် ဆွေမျိုးများ၊ စာရေးဆရာများ၊ ကဗျာဆရာများ၊ ဗြဟ္မစိုရ် လူမှုဖူလုံရေး အမှုဆောင်များနှင့် နိုင်ငံရေး နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ် ရဝ ခန့်အား နေ့လည်စာဖြင့် ဧည့်ခံခဲ့သည်။
“မနက် ၁ဝ နာရီလောက်ကနေ နေ့လည် ၁၂ နာရီလောက်ထိလုပ်ဖြစ်ပါတယ်။ ထူးထူးခြားခြားကြီးတော့ မဟုတ်ပါဘူး။ အမေဆုံးတာ ၂ နှစ်ပြည့်အနေနဲ့ သံဃာတော် တွေပင့်၊ အမေရဲ့ နယ်ပယ်အသီးသီးက မိတ်သင်္ဂဟတွေဖိတ်ပြီးတော့ ဆွမ်းကပ်လှုဒါန်းပွဲလုပ်တာပါ” ဟု လူထုဒေါ်အမာ၏ သားငယ်ဖြစ်သူ စာရေး ဆရာ ဦးညီပုလေးက မဇ္စျိမကိုပြောသည်။
သတင်းစာဆရာမကြီး လူထုဒေါ်အမာသည် ၂ဝဝ၈ ခုနှစ် ဧပြီလ ရ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ပြီးနောက် သူ့ကို ကြည်ညိုချစ်ခင်လေးစားသော စာပေနှင့် နိုင်ငံရေး နယ်ပယ်မှ သားတပည့်၊ မိတ်သင်္ဂဟများက နှစ်ပတ်လည်ဆွမ်းကပ်ပွဲနှင့် မွေးနေ့ အမှတ်တရ အခမ်းအနားများကို တက်ရောက်ခဲ့ကြသည်။
ကွယ်လွန်ခြင်း ၂ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် “ပြည်သူချစ်သော လူထုဒေါ်အမာ” ခေါင်းစဉ်ဖြင့် စာရေး ဆရာများဖြစ်ကြသည့် ဆရာဦးအံ့မောင်၊ ဆရာဦးစိန်မောင်ဦး၊ ဆရာလူထုဦးစိန်ဝင်း၊ ဆရာမ ရွှေဘို ဒေါ်မြင့်မြင့်ကြည်၊ ဆရာမောင်ညိုပြာ၊ ဆရာ ဦးဝင်းငြိမ်း တို့၏ လူထုဒေါ်အမာကွယ်လွန်စဉ် အမှတ်တရ ရေးပေးထားသည့် ဆောင်းပါးများနှင့် ကဗျာများကို ယခုလလည်ပိုင်းတွင် ထုတ်သွားမည်ဖြစ်ကြောင်း ဦးညီပုလေးကပြောသည်။
လူထု ဦးလှနှင့် လူထုဒေါ်အမာတို့တွင် သားသမီး ၅ ယောက်ထွန်းကားခဲ့ပြီး အကြီးဆုံးသား ကိုစိုးဝင်း (ကွယ်လွန်) ၊ ဒုတိိယ ဒေါက်တာဒေါ်သန်းရင်မာ၊ တတိယ ရဲဘော် ဖိုးသံချောင်း ဗမာပြည်ကွန်မြူနစ်ပါတီ၊ စတုတ္ထ ဒေါ်တင်ဝင်း (လူထုပုံနှိပ်တိုက်) နှင့် အငယ်ဆုံးသား စာရေးဆရာ ဦးညီပုလေးတို့ဖြစ်ကြသည်။