ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မပါဝင်လျှင် စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် ရလဒ်သည် အငြင်းပွားဖွယ် ဖြစ်နိုင် ကြောင်း အင်ဒိုနီးရှားနိုင်ငံက ပြောကြားလိုက်သည်။
နိုင်ငံခြားရေးဝန်ကြီးသစ် မာတီ နာတလီဂါဝါ Marty Natalegawa မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုသို့ထုတ်ဖော် ပြောဆို ကြောင်း ဂျကာတာပို့စ် သတင်းစာတွင် ရေးသားထားသည်။
“လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်စေဖို့ (နိုင်ငံခြားရေး ဝန်ကြီးများ) အစည်းအဝေးမှာ ထည့်သွင်းဆွေးနွေးမှာပါ။ ဒေါ်အောင်ဆန်းစုကြည် မပါဝင်ရင် ရွေးကောက်ပွဲ ရလဒ်ကိုလည်း မေးခွန်းထုတ်စရာ ဖြစ်လာမှာပါ” ဟု အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ တဲကူးဖိုင်ဇာယား Teuku Faizasyah က ပြောကြားကြောင်း သတင်းစာတွင် ဖော်ပြပါရှိသည်။
အရှေ့တောင်အာရှ နိုင်ငံများအသင်း ASEAN အဖွဲ့ဝင် အင်ဒိုနီးရှားသည် မြန်မာစစ်အစိုးရအား ပွင့်လင်းစွာ ဝေဖန်လေ့ရှိသည့် နိုင်ငံတနိုင်ငံဖြစ်ပြီး၊ ပြီးခဲ့သည့်နှစ် သြဂုတ်လ အတွင်း စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့စဉ်ကလည်း တရားမျှမှု မရှိကြောင်း ပြစ်တင်ဝေဖန်ခဲ့သည်။
Teuku Faizasyah က ယခုခရီးစဉ်သည် နိုင်ငံခြားရေးဝန်ကြီးသစ်၏ နှစ်နိုင်ငံ အပြန်အလှန် လည်ပတ်သည့် ခရီးစဉ်သာဖြစ်ပြီး မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲအတွက် အဓိကထားခြင်း မဟုတ်ကြောင်း ပြောသည်။
စစ်အစိုးရ ရွေးကောက်ပွဲဥပဒေများသည် တရားမျှတမှု မရှိသဖြင့် နိုင်ငံရေးပါတီအဖြစ် ထပ်မံမှတ်ပုံ မတင်ရန်ကိုပင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က ဆုံးဖြတ်ပြီး ဖြစ်သည်။
စင်္ကာပူနိုင်ငံကလည်း စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများကြောင့် အမျိုးသား ရင်ကြားစေ့ရေးအတွက် ပိုမိုခက်ခဲသွားစေပြီး လာမည့်ရွေးကောက်ပွဲတွင်လည်း NLD နှင့် အခြားအတိုက်အခံများလည်း ပါဝင်နိုင်ရမည်ဖြစ်ကြောင်း ယမန်နေ့က ပြောသည်။
ယခုလ ၆ ရက်မှ ၉ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပမည့် ASEAN ဆွေးနွေးပွဲတွင် မြန်မာ့ရွေးကောက်ပွဲအကြောင်းသည် အဓိက ဆွေးနွေးမည့် အကြောင်းအရာတခု ဖြစ်လာဖွယ်ရှိသည်။ ASEAN တွင် မြန်မာ၊ ထိုင်း၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယားတို့ ပါဝင်သည်။
နိုင်ငံရေးလေ့လာသူများကမူ ASEAN အနေဖြင့် အဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရဟုဆိုသည့် မူဝါဒကြောင့် မြန်မာ့အရေးတွင် ထဲထဲဝင်ဝင်ဖြင့် ဦးဆောင်ဖြေရှင်းရန်မှာ မဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။