ရွေးကောက်ပွဲအတွက် မှတ်ပုံမတင်ရန် ဆုံးဖြတ်လိုက်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အပေါ် စစ်အစိုးရက ဖြိုခွင်းမှုအသစ်များ ပြုလုပ်လာနိုင်ကြောင်း ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က သတိပေးလိုက်သည်။
“ကျနော်တို့မှာ ပါတီမရှိဘူးဆိုရင် ကျနော်တို့ရဲ့ လှုပ်ရှားမှုတွေဟာ အများကြီး Limited ကန့်သတ်ထားပြီးသား ဖြစ်သွားပါလိမ့်မယ်။ ကျနော်တို့က ဒီထက်ပိုပြီးတော့ လှုပ်လှုပ်ရှားရှား ရှိလာမယ်ဆိုရင်၊ ရပ်တည်လာမယ်ဆိုရင် ကျနော်တို့ကို မတရားအသင်းအဖြစ် ကြေညာလာနိုင်တယ်ဗျ” ဟု ဦးဝင်းတင်က ပြောသည်။
အဓိက အတိုက်အခံပါတီကြီး၏ ဗဟိုအလုပ်မှုဆောင်များနှင့် ပြည်နယ်နှင့်တိုင်း ဗဟိုဦးစီးအဖွဲ့ဝင်များက စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေက တရားမျှတမှု မရှိဟုဆိုကာ ပါတီမှတ်ပုံပြန်မတင်ရန် ယမန်နေ့က တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြသည်။
ဥပဒေအရ ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများသည် ရက်ပေါင်း ၆ဝ အတွင်း ပြန်လည်၍ မှတ်ပုံတင်ရမည်ဖြစ်ရာ မေလ ၆ ရက်နေ့တွင် ပြည့်မည်ဖြစ်သည်။
နိုင်ငံရေးယုံကြည်ချက်ကြောင့် ၁၉ နှစ်ခန့် ထောင်ကျခဲ့ပြီး ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသူ ဦးဝင်းတင်သည်လည်း ပါတီမှတ်ပုံမတင်ရေးကို အစောပိုင်းကပင် အခိုင်အမာ ပြောကြားခဲ့သည်။
”သူများထက် ခြေတလှမ်းစောတဲ့သူ၊ သူများထက် လုပ်နိုင်ကိုင်နိုင်တဲ့ သူတွေဆိုရင် ထောင်ထဲ ဆွဲထည့်မှာပဲဗျ။ ဒါတွေကတော့ ကျနော်တို့ ကြုံရမှာပဲ” ဟု အသက် ၈ဝ နှစ်အရွယ်ရှိ ဦးဝင်းတင်က ပြောသည်။
”ကျနော်တို့က မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲနိုင်ရေး၊ အာဏာရရေးလောက်ပဲ လုပ်နေတာ မဟုတ်ဘူး။ ဒီစစ်အာဏာရှင်စနစ် တခုလုံးကို ဖြိုချဖို့ လုပ်နေတာဆိုတော့ သူတို့ဘက်က ပြင်းပြင်းထန်ထန် တုံ့ပြန်မှုတွေ ရှိမှာပဲ” ဟု သူက ပြောသည်။
အလားတူပင် ပါတီဖျက်သိမ်းခြင်း မခံရစေရေးအတွက် ရွေးကောက်ပွဲဝင်သင့်သည်ဟု အစောပိုင်းက သဘောထား ဖော်ထုတ်ခဲ့သော ဧရာဝတီတိုင်း ဘိုကလေးမြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ဦးချစ်ဝမ်းကလည်း “ရက်ပေါင်း ၆ဝ အတွင်းမှာ ပါတီအဖြစ် မှတ်ပုံမတင်ရင် တရားမဝင် အဖွဲ့အစည်းအဖြစ် ကြေညာမယ်၊ ပြီးတော့မှ လူစုတာတို့၊ လှုပ်ရှားတာတို့ လုပ်မယ်ဆိုရင် သူတို့က ကျိန်းသေဖြိုခွဲမှာပဲလေ။ ဒါကတော့ သူတို့ပြောပြီးသား” ဟု ဆိုသည်။
ပါတီအနေဖြင့် ရပ်တည်ခွင့် မရနိုင်တော့မည့် NLD အနေဖြင့် မြေအောက်အဖွဲ့အစည်းအဖြစ် ပြောင်းလဲရန် မလိုအပ်ဟု ရွေးကောက်ပွဲကို ဆန့်ကျင်သူတဦးဖြစ်သော ဇိုမီးအမျိုးသားကွန်ကရက် ZNC ဥက္ကဋ္ဌ ပူးကျင့်ရှင်းထန်က ပြောသည်။
“နိုင်ငံရေးဆိုတာကတော့ ဆိုင်းဘုတ်မရှိလည်း စိတ်ထဲမှာရှိရင် လုပ်လို့ရပါတယ်။ ကျနော်တို့ရဲ့ ZNC ဆိုတာက ၉၃ ခုနှစ်ကတည်းက ဖျက်သိမ်းတာ။ ကျနော်တို့ ဆိုင်းဘုတ်မထောင်နိုင်ဘူး၊ စာတွေ မဝေနိုင်ဘူး။ ဒါပေမဲ့ ကျနော်တို့ လုပ်တာပဲ” ဟု သူက ပြောသည်။
NLD ၏ ဆုံးဖြတ်ချက်ကို ဝမ်းသာအားရကြိုဆိုကြောင်း ကဗျာဆရာ ကိုလေး (အင်းဝဂုဏ်ရည်) က မဇ္စျိမကို တယ်လီဖုန်းမှတဆင့် ပြောကြားသည်။
“ဒီနေရာမှာတော့ NLD ကို ကျနော် တော်တော်အားရတယ်။ ကျနော်က ဘယ်ပါတီဝင်မှတော့ မဟုတ်ဘူး။ လွတ်လပ်တဲ့ ကလောင်တချောင်းကို ကိုင်ပြီးတော့ တိုက်ပွဲဝင်နေတယ်။ သို့သော် NLD ကို ကျနော်တို့ ထောက်ခံတယ်၊ ဝန်းရံမယ်” ဟု သူက ဆက်ပြောသည်။
ယခု ဆုံးဖြတ်ချက်ကြောင့် နအဖအစိုးရသည် နောက်ထပ် အခက်အခဲတမျိုးနှင့် ရင်ဆိုင်လိုက်ရသည်ဟု သူက ဆိုသည်။
သူက “Border Guard ကိစ္စတွေ၊ NLD ကိစ္စတွေ၊ နောက်တခါ သူတို့ ခွဲတမ်းချရမယ့် ကိစ္စတွေ၊ ဆိုတော့ ကျနော်တို့ပဲ ခက်တာမဟုတ်ဘူး၊ သူတို့တွေက ကျနော်တို့ထက်တောင် ပိုခက်သေးတယ်။ ကျနော်ကတော့ ဟောဒီ ရွေးကောက်ပွဲ မဖြစ်ဘူးလို့တောင် ထင်တယ်” ဟု ပြောသည်။
ပြည်ပအခြေစိုက် အတိုက်အခံအဖွဲ့ Forum for Democracy in Burma မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာနိုင်အောင်ကလည်း NLD သည် ပြည်သူများ မျှော်လင့်နေသော တာဝန်အား ကျေပွန်စွာ ဦးဆောင်မှုကို ဆက်လက်ပြသသွားခြင်း ဖြစ်သည်ဟု သူ့အမြင်ကို ပြောသွားသည်။
သို့သော်လည်း ရွေးကောက်ပွဲအတွက် မှတ်ပုံတင်သင့်သည်ဟု ယူဆထားသော ပါတီဝင်များ ကစဥ့်ကလျားဖြစ်မည်နှင့် ပါတီဝင်များ၏ ရှေ့ရေးကို စိုးရိမ်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ သန်းငြိမ်းက ပြောသည်။
နေအိမ်အကျယ်ချုပ်ကျခံနေရသော ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်၏ ယောက်ဖတော်သူ ဒေါက်တာသန်းငြိမ်းမှာလည်း ပါတီတွင်းလှုပ်ရှားမှုကြောင့် ထောင် ၈ နှစ် ကျခံခဲ့ရသူဖြစ်သည်။
NLD ရွေးကောက်ပွဲမဝင်ရန် ဆုံးဖြတ်ချက်ကို လေးစားကြောင်း အမေရိကန် ပြည်ထောင်စုက ကြေညာသည်။
“မြန်မာပြည် နိုင်ငံရေးဖြစ်စဉ်မှာ လိုအပ်တယ်လို့ ကျနော်တို့ ယူဆထားတဲ့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးတွေ၊ တခြားအဖွဲ့တွေ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ အလေးအနက်ထားပြီး ဆွေးနွေးဖို့ မြန်မာအစိုးရက ဆန္ဒမရှိတဲ့ အတွက်ကြောင့် NLD က ဒီလို ဆုံးဖြတ်လိုက်တာပဲလို့ ကျနော်တို့ နားလည်မိပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပီဂျေခရော်လေက ပြောသည်။
မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့အရေးယူမှုနှင့် ထိတွေ့ဆက်ဆံရေး တပြိုင်တည်း ကျင့်သုံးနေသော အမေရိကန်အစိုးရ၏ မူဝါဒအောက်တွင် တွေ့ဆုံဆွေးနွေးမှုကို ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း ပြောသည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကတ်ဆုယာ အိုကာဒါကမူ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော ရွေးကောက်ပွဲတွင် ပါဝင်သင့်သူများ မပါလျှင် မြန်မာနိုင်ငံကို နောက်ထပ် အကူအညီငွေများ ထပ်မပေးတော့ဟု မကြာသေးခင်ကပင် ပြောထားသည်။
ကုလသမဂ္ဂကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ၏ ဆုံးဖြတ်ချက်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက လေးစားရန် လိုအပ်သည်ဟု ပြောသည်။