NLD နိုင်လျှင် အမေရိကန် လွှမ်းမိုးမည်ဟု ရန်ကုန်မြို့တော်ဝန် ပြော

NLD နိုင်လျှင် အမေရိကန် လွှမ်းမိုးမည်ဟု ရန်ကုန်မြို့တော်ဝန် ပြော
by -
မင်းသက်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သာ ရွေးကောက်ပွဲအနိုင်ရသွားလျှင် မြန်မာပြည်ကို အမေရိကန် လွှမ်းမိုးသွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲဝင်အရွေးခံမည်ဟု နာမည်ကြီးနေသော ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းက....

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သာ ရွေးကောက်ပွဲအနိုင်ရသွားလျှင် မြန်မာပြည်ကို အမေရိကန် လွှမ်းမိုးသွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲဝင်အရွေးခံမည်ဟု နာမည်ကြီးနေသော ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းက ပြောသည်။

ရန်ကုန်မြို့တော်ခန်းမ၌ ယခုလလည်ပိုင်းတွင် စည်ပင်သာယာဝန်ထမ်းများကို တွေ့ဆုံရာတွင် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ရွေးကောက်ပွဲတွင် ခြင်္သေ့ကို မဲထည့်မှသာလျှင် ဝန်ထမ်းများ၏ မိသားစုများ ကောင်းစားမည်ဖြစ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ နိုင်သွားလျှင် မြန်မာနိုင်ငံကို အမေရိကန်များ ရောက်လာမည်ဟု သူက ပြောဆိုခဲ့သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၏ အထိမ်းအမှတ် ခြင်္သေ့တံဆိပ်ကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သော်လည်း ကြံ့ဖွံ့အနေဖြင့် မည်သည့်ပါတီအဖြစ် အသွင် ပြောင်းကာ ရွေးကောက်ပွဲဝင်မည်ကို ထည့်သွင်းပြောဆိုသွားခြင်း မရှိပေ။

”သူပြောတဲ့သဘောကဗျာ၊ ခြသေ့င်္ကို မဲမထည့်လို့ ဒေါ်စုသာ နိုင်သွားရင် မြန်မာကို အမေရိကန်တွေ ရောက်လာမယ်။ ပြီးရင် ကျနော်တို့ရဲ့ မိန်းမ၊ သားသမီးတွေကို စော်ကားမှာလိုလို ပြောတယ်ဗျာ။ သူပြောတာက တကယ့် ရိုင်းစိုင်းကြမ်းကြုတ်တဲ့ စကားတွေနဲ့ ပြောတာဗျ” ဟု စည်ပင်သာယာ စီမံရေးဌာန အရာထမ်းတဦးက မဇ္ဈိမကို ပြောသည်။

သို့သော် NLD မှာမူ ပါတီမှတ်ပုံတင်ရေး၊ မတင်ရေးကိုပင် ယနေ့တွင် ပြုလုပ်မည့် ဗဟိုကော်မတီ အစည်းအဝေးမှသာ ဆုံးဖြတ်မည်ဖြစ်သည်။

”အဲဒီရွေးကောက်ပွဲလုပ်ရင် မဲပေးရမှာက ခြင်္သေ့ကိုပဲ ပေးရမယ်ဆိုတာကို ထပ်တလဲလဲ ပြောတယ်။ ဝန်ထမ်းတွေကတော့ အားလုံး ငြိမ်ပြီးတော့ နေကြတယ်။ ဘယ်သူကမှ ဘာမှ ဝင်မပြောကြဘူး” ဟု သူက ပြောသည်။

အစည်းအဝေးသို့ ဌာနဆိုင်ရာအားလုံးမှ ဌာနမှူးများ၊ ဒုတိယဌာနမှူးများ အပါအဝင် ဌာနခွဲမှူးများနှင့် အခြားအဆင့်ဝန်ထမ်းများ စုစုပေါင်း ဦးရေ ၁ဝဝ ခန့် တက်ရောက် ခဲ့ကြသည်။ ရွေးကောက်ပွဲအတွက် သီးသန့်ပြုလုပ်သော အစည်းအဝေးတခုလည်း ဖြစ်သည်။

ဒီမိုကရေစီလိုလားသော အတိုက်အခံပါတီအပေါ် မြို့တော်ဝန်၏ ပုတ်ခတ်ပြောစကားမှာ နအဖ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ရွေးကောက်ပွဲ ဝင်ပြိုင်မည့် သူများကို သတိပေးခြင်း မတိုင်မီ ကြိုတင်ထွက်ရှိလာခဲ့ခြင်း ဖြစ်သည်။

စနေနေ့က နေပြည်တော်တွင် ပြုလုပ်သော ၆၅ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ”ကိုယ့်ပါတီ အနိုင်ရရင် ပြီးစတမ်း သဘောမျိုးနဲ့ ပုဂ္ဂိုလ်အချင်းချင်း၊ ပါတီအချင်းချင်း ပုတ်ခတ်မှုတွေ၊ လူမျိုးရေးနဲ့ ဘာသာရေး သွေးကွဲစေမယ့် အပြုအမူတွေ စတဲ့ မပြုသင့် မပြုထိုက်တဲ့ မလျော်မကန် မဲဆွယ်မှုမျိုး တွေကိုလည်း ရှောင်ရှားကြရမှာ ဖြစ်ပါတယ်” ဟု ပြောကြားသွားခဲ့သည်။

ထို့အပြင် အကူးအပြောင်းကာလတွင် အခြားနိုင်ငံများ၏ ဘေးအန္တရာယ်ရှိသည်ဟု သူက ထည်းသွင်းပြောကြားသွားသည်။

”စနစ်တခုကနေ စနစ်တခုကို စနစ်တကျ တဆင့်ပြီးတဆင့် ကူးပြောင်းနိုင်မှု မရှိရင် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အတွက် ဘေးအန္တရာယ် ကျရောက်နိုင်တယ်။ မိမိနဲ့ ယဉ်ပါးခြင်း မရှိသေးတဲ့ စနစ်ကို ကူးပြောင်းနေစဉ်မှာ အတွေ့အကြံု ရင့်ကျက်ပြီးသား နိုင်ငံတွေက သူတို့အကျိုးစီးပွားအတွက် ဝင်ရောက်စွက်ဖက် အမြတ်ထုတ်စမြဲ ဖြစ်တယ်။ ဒါကြောင့် ပြည်ပအားကိုးခြင်းကို မပြုမိကြဖို့ အထူးလိုအပ်တယ်” ဟု သူက ပြောသည်။

၂ဝဝ၃ ခုနှစ်မှ စတင်ကာ ဥက္ကလာပမြို့နယ်သား ဗိုလ်မှူးချုပ် အောင်သိန်းလင်းသည်  ရန်ကုန်တိုင်း ကြံ့ဖွံ့၏ ဗဟိုအလုပ်အမှုဆောင် (ရန်ကုန်တိုင်း တာဝန်ခံ) တဦးဖြစ်ကာ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် အမတ်လောင်းအဖြစ် ဝင်အရွေးခံရန် စီစဉ်နေသည်။

သူသည် ၂ဝဝ၇ ခုနှစ်မှ စတင်၍ ရန်ကုန်ပြည်သူတို့နှင့် ကျောင်းသားများပါမကျန် ကြံ့ဖွံ့အသင်းသားများ ဖြစ်ရေးကို စည်းရုံးနေသူဖြစ်ပြီး၊ စည်ပင်သာယာ ဥက္ကဋ္ဌ ရာထူးဖြင့် ကြံ့ဖွံ့နာမည်သုံးကာ လမ်းခင်းခြင်း၊ ပညာဒါန ဖွင့်လှစ်ခြင်း၊ ဆေးခန်းများ ဖွင့်လှစ်ခြင်း စသည်တို့ကို ပြုလုပ်ခဲ့သူ ဖြစ်သည်။

ထို့အပြင် စည်ပင်အရာရှိများမှတဆင့် ဝန်ထမ်းများကိုလည်း မဲဆွယ်မှုများ ဌာနတွင်း ပြုလုပ်လျက်ရှိသော်လည်း စည်ပင်ဝန်ထမ်းအများစုမှာ မြို့တော်ဝန်ကို နှစ်သက်မှု မရှိကြောင်း လုပ်သက် ၁ဝ နှစ်ကျော် ရှိပြီဖြစ်သော စည်ပင်ဝန်ထမ်းတဦးက ပြောသည်။

ရန်ကုန်စည်ပင်တွင် ဌာနကြီး ၂၁ ခု ရှိကာ ဝန်ထမ်းပေါင်း ၂၅ဝဝ ကျော် ရှိသည်။

Most read this week