အန်အယ်ဒီ လူငယ်များ ပါတီ မှတ်ပုံမတင်ရန် ဆုံးဖြတ်

အန်အယ်ဒီ လူငယ်များ ပါတီ မှတ်ပုံမတင်ရန် ဆုံးဖြတ်
by -
ကျော်ခ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရွေးကောက်ပွဲနှင့် ပတ်သက်သော ရပ်တည်ချက်ကို လွှမ်းမိုးစေနိုင်သော ဖြစ်ရပ်တခုမှာ ယနေ့ပြုလုပ်သော ပါတီလူငယ် အစည်းအဝေးက ရွေးကောက်ပွဲ ဥပဒေကို လက်သင့်မခံနိုင်ဘဲ ပါတီကို မှတ်ပုံတင်ခြင်း မပြုရန်...

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရွေးကောက်ပွဲနှင့် ပတ်သက်သော ရပ်တည်ချက်ကို လွှမ်းမိုးစေနိုင်သော ဖြစ်ရပ်တခုမှာ ယနေ့ပြုလုပ်သော ပါတီလူငယ် အစည်းအဝေးက ရွေးကောက်ပွဲ ဥပဒေကို လက်သင့်မခံနိုင်ဘဲ ပါတီကို မှတ်ပုံတင်ခြင်း မပြုရန် ဆုံးဖြတ်လိုက်ကြသည်။

အတိုက်အခံပါတီ၏ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးက သဘာပတိအဖြစ် ဆောင်ရွက်ပြီး၊  ပြည်နယ်/တိုင်း အဆင့် လူငယ်လုပ်ငန်း ဖော်ဆောင်ရေးနှင့် အကူအညီပေးရေး အဖွဲ့ဝင် ၆၀ ဦးခန့် တက်ရောက်သော ဆွေးနွေးပွဲက ရွေးကောက်ပွဲ ကော်မရှင်ဥပဒေများကို လုံးဝ လက်မခံနိုင်ဟုဆိုကာ ပါတီအနေနှင့် မှတ်ပုံမတင်ရန် ဆုံးဖြတ်လိုက်သည်။

“တရားမျှတမှုမှ မရှိတာ။ နောက်တခုက ၉၀ ခုနှစ် ရွေးကောက်ပွဲရဲ့ ရလဒ်က ဘယ်မှာသွားထားမှာလဲ။ ဘာလုပ်မှာတုန်း။ သူတို့ စစ်တန်းလျားပြန်မှာတို့ ဘာတို့ အဲဒါတွေလည်း သူတို့ပဲ ထုတ်ပြန်ထားတယ်လေ။ အဲဒါတွေ အကုန်လုံးကို မျက်ကွယ်ပြုပြီးတော့ အခု ဒါထပ်လုပ်တယ်ဆိုတော့ ဘယ်သူက လက်ခံနိုင်မှာတုန်း” ဟု လူငယ်လုပ်ငန်း ဖော်ဆောင်ရေး ဗဟို တာဝန်ခံ (၃) ကိုအေးထွန်းက မဇ္စျိမကို ပြောသည်။

တက်ရောက်လာကြသည့် အဖွဲ့ဝင်လူငယ်များထဲတွင် အများအားဖြင့် အသက် ၂၀ နှစ် ဝန်းကျင် အရွယ်များဖြစ်ပြီး ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့မှလွဲ၍ ကျန်ရှိသည့် တိုင်းနှင့်ပြည်နယ် အသီးသီးတို့မှ တက်ရောက်ကြကြောင်း သိရသည်။

ရွေးကောက်ပွဲဥပဒေများ စတင်ထုတ်ပြန်သော မတ်လ ၈ ရက်နေ့မှ ရေတွက်လျှင် မေလ ၆ ရက်နေ့ နောက်ဆုံးထား၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ရမည် ဖြစ်သည်။ အန်အယ်ဒီ အပါအဝင် လက်ရှိ နိုင်ငံရေးပါတီ ၁၀ ခုသည်လည်း ပြန်လည်မှတ်ပုံတင်ရန် လိုအပ်သည်ဟု ဥပဒေက ပြဋ္ဌာန်းထားသည်။

“ရွှေဂုံတိုင်ကြေညာချက်အတိုင်း ဆက်လက် ရပ်တည်သွားမည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး လူငယ့်ရေးရာ တာဝန်ခံ ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်နှင့် မူများအတိုင်း ဆောင်ရွက်သွားမည်” ဟု ဆုံးဖြတ်ကြောင်း လူငယ်တဦးက ပြောသည်။

အန်အယ်ဒီ လူငယ်လုပ်ငန်းဖော်ဆောင်ရေးအတွက် မြို့နယ် လူငယ်အဖွဲ့အစည်းပေါင်း ၉၀ ဖွဲ့စည်းပြီးဖြစ်ကာ၊ တိုင်းအလိုက်တွင် ၅ ဦးမှ ၁၅ ဦးထိ ဖွဲ့ခွင့်ရမည်ဖြစ်ပြီး မြို့နယ်အလိုက် တမြို့နယ်လျှင် ၅ ဦးမှ ၁၄ ဦးထိ ဖွဲ့စည်းခွင့် ရှိသည်။

အန်အယ်ဒီ ဗဟိုဦးစီးအဖွဲ့တွင် လူငယ်အဖွဲ့ကိုယ်စား ၅ ဦး တာဝန်ပေးရန် ဆုံးဖြတ်ထားသည်။  နေအိမ်အကျယ်ချုပ် ကျမခံရမီအထိ ဒေါ်အောင်ဆန်းစုကြည်မှာ လူငယ့်ရေးရာ တာဝန်ခံဖြစ်ခဲ့ပြီး ဒုဥက္ကဋ္ဌက ယာယီ တာဝန်လွှဲပြောင်းယူထားသည်။

မှတ်ပုံမတင်လျှင် ပါတီဖျက်သိမ်းခံရမည့် ဘေးနှင့် မှတ်ပုံတင်လျှင် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ထောင်ကျနေသူ ပါတီဝင်ပေါင်း ၄၃၀ ကျော်ကို ထုတ်ပစ်ရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသော အန်အယ်ဒီ အနေဖြင့် ယခုလ ၂၉  ရက်နေ့တွင် ဗဟိုကော်မတီ အစည်းအဝေးဖြင့် ဆုံးဖြတ်မည်ဖြစ်သည်။

နေအိမ်တွင် အထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကမူ ပါတီမှတ်ပုံမတင်လိုဟု သူမ၏ ရှေ့နေများမှတဆင့် ပြောဆိုထားသည်။

“ဒီဆုံးဖြတ်ချက်ကို အခုလာမယ့် ၂၉ ရက်နေ့ ဗဟိုဦးစီးအဖွဲ့ CC အစည်းအဝေးမှာ တင်မှာပါ။ ကျနော်တို့လည်း တက်မှာပါ။ ဒါဟာလည်း တဦးတယောက်တည်းရဲ့ ဆုံးဖြတ်ချက်မဟုတ်ဘူး။ ဒီအစည်းအဝေးကို တက်တဲ့ တိုင်းနဲ့ ပြည်နယ်က အဖွဲ့ချုပ်လူငယ်တွေ အားလုံးရဲ့ ဆုံးဖြတ်ချက်ပဲ။ ဒါကြောင့် ထည့်မစဉ်းစားလို့ မရဘူး” ဟု ပါတီလူငယ်က ပြောသည်။

အန်အယ်ဒီလူငယ်များအပြင် ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို အခြေခံထားသော ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း လူငယ်အဖွဲ့ ၁၀ ဖွဲ့ကလည်း ထုတ်ပြန်ထားသည်။

ပြည်တွင်းအခြေစိုက် မြေအောက်လှုပ်ရှားမှု အဖွဲ့ငယ်များဖြစ်သော Generation Weave ၊ မြေသြဇာ၊ ဗကသ (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်) လူငယ်၊ ကချင်လူငယ်၊ ရခိုင်လူငယ်များအစည်းအရုံး၊ ရဟန်းပျိုများသမဂ္ဂ၊ New Generation ၊ Freedom Fighter ၊ People Union ၊  All Burma New Generation Front နှင့် အောင်ဆန်းမျိုးဆက် စသည်တို့ ဖြစ်ကြသည်။