အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ပြန်လည်မှတ်ပုံတင်မည့်အပေါ် ပါတီအထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က လုံးဝလက်မခံကြောင်း သူမ၏ ရှေ့နေမှတဆင့် ယနေ့ ထုတ်ဖော် ပြောဆိုလိုက်သည်။
“မှတ်ပုံတင်ဥပဒေအရ ပါတီကို ပြန်ပြီး မှတ်ပုံတင်ရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ သူ့ရဲ့သဘောထားက ဒီလိုမတရားတဲ့ ဥပဒေ၊ တရားမျှတမှုမရှိတဲ့ ဥပဒေ၊ တဖက်သတ် ဥပဒေအရ မှတ်ပုံတင်ရေးကို သူ လုံးဝ လက်မခံပါဘူးလို့ ပြောပါတယ်” ဟု ရှေ့နေ ဦးဉာဏ်ဝင်းက မဇ္စျိမကို ပြောသည်။
နေအိမ်တွင် ပြစ်ဒဏ် ၁၈ လဖြင့် အထိန်းသိမ်းခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ရှေ့နေ ဦးကြည်ဝင်းနှင့် ဦးဉာဏ်ဝင်းတို့ နေ့လည် ၁ နာရီမှ ၃ နာရီအထိ တွေ့ဆုံခွင့် ရရှိခဲ့စဉ် သူမက ထိုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“ဒီလိုပြောတာဟာ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ညွှန်ကြားတာလည်း မဟုတ်ဘူး၊ အမိန့်ပေးတာလည်း မဟုတ်ဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဒီမိုကရေစီနည်းလမ်းနဲ့အညီ ဆုံးဖြတ်ဆောင်ရွက်သွားပါလို့ ပြောပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။
စစ်အစိုးရ ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဥပဒေအရ ၁၉၉ဝ ခုနှစ်မှ ယနေ့အထိ ဖျက်သိမ်းမခံရသော ပါတီများသည် အသစ်တည်ထောင်မည့် ပါတီများနည်းတူ ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်ခဲ့သည့် ယခုလ ၈ ရက်နေ့မှ ရက်ပေါင်း ၆ဝ အတွင်း မှတ်ပုံတင်ရမည်ဖြစ်ပြီး ပျက်ကွက်ခဲ့ပါက အလိုအလျောက် ပါတီဖျက်သိမ်းခံရမည်ဖြစ်သည်။
ယခုလ ၁၅ ရက်နေ့က ရန်ကုန်ရှိ NLD ရုံးချုပ်တွင် ကျင်းပခဲ့သည့် ပါတီဗဟိုအလုပ်အမှုဆောင် CEC အစည်းအဝေးတွင် ဥက္ကဋ္ဌ ဦးအောင်ရွှေက ပါတီကို တရားဝင် ဆက်လက်ရပ်တည်နိုင်ရေးအတွက် မှတ်ပုံတင်ရန် စဉ်းစားသင့်ကြောင်း အဆိုပြုခဲ့ပြီးနောက် ၈ ရက်အကြာတွင် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထား ပေါ်ထွက် လာခြင်းလည်း ဖြစ်သည်။
ပါတီဥက္ကဋ္ဌ၏ အဆိုပြုချက်အရ ပါတီမှတ်ပုံတင်သင့်၊ မတင်သင့် ဆုံးဖြတ်ရန်အတွက် ယခုလ ၂၉ ရက်နေ့တွင် CEC အဖွဲ့ဝင်များနှင့် ပြည်နယ်/တိုင်း အသီးသီးရှိ ဗဟိုဦးစီး CC အဖွဲ့ဝင်များနှင့်လည်းကောင်း၊ ၂၆ ရက်နေ့တွင် နိုင်ငံတဝှန်းရှိ ပါတီလူငယ်ခေါင်းဆောင်များနှင့်လည်းကောင်း တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်သည်။ ပါတီတွင် CC အဖွဲ့ဝင် ဦးရေ ၁ဝဝ ရွေးချယ်ထားသည့်အနက် ၁ဝ ဦးမှာ အကျဉ်းကျနေဆဲ နိုင်ငံရေးအကျဉ်းသားများ ဖြစ်သည်။
ပြည်နယ်/တို်င်း လူငယ်အကူအညီပေးရေးအဖွဲ့များမှ ကိုယ်စားလှယ် ၅ဝ ဦးခန့် တက်ရောက်နိုင်မည်ဟု ခန့်မှန်းထားပြီး၊ ဆုံးဖြတ်ချက်များကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ CEC သို့ တင်ပြကြမည်ဖြစ်သည်။
ပါတီမှတ်ပုံတင်ခြင်း ဥပဒေနှင့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေများအရ NLD အနေဖြင့် ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်မည်ဆိုပါက အကျဉ်းကျ နေသည့် NLD အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ဗဟိုကော်မတီဝင် ၁ဝ ဦးနှင့် ပါတီဝင် ၃ဝဝ ကျော်ကို ပါတီမှ ထုတ်ပယ်ရမည်ဖြစ်သည်။
စစ်အစိုးရသည် ၁၉၉ဝ ခုနှစ်တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) က ကျင်းပပေးခဲ့သည့် ရွေးကောက်ပွဲ၏ ရလဒ်ကို ယခုလဆန်းပိုင်းတွင် နအဖ စစ်အစိုးရက ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ရာ၌ တပါတည်း ပယ်ဖျက်ပစ်ခဲ့သည်။
၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် NLD သည် တနိုင်ငံလုံးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၈ဝ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရရှိခဲ့သော်လည်း စစ်အစိုးရက အာဏာ လွှဲပြောင်းပေးခြင်း မရှိခဲ့ပါ။