အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ပြန်လည် မှတ်ပုံတင်သင့်၊ မတင်သင့် အဆုံးဖြတ်မှသည် ပါတီနှစ်ခြမ်းကွဲသွားမည့် အရေး စိုးရိမ်ပူပန်မှုများ ထွက်ပေါ်လာနေသည်။
အဓိက အတိုက်အခံပါတီကြီး၏ ဥက္ကဌ ဦးအောင်ရွှေက ယခုလ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းရှိ ပါတီဌာနချုပ်တွင် ပါတီဆက်လက်ရှင်သန်နိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ဖို့ စဉ်းစားရန် အဆိုပြုခဲ့သည်။
မှတ်ပုံတင်ခြင်းမှသည် ရွေးကောက်ပွဲ ဝင်ပြိုင်သင့် မပြိုင်သင့် ပါတီဝင်ခြင်း အကြိတ်အနယ် ဆွေးနွေးပွဲများက ပါတီအောက်ခြေတွင်လည်း ဖြစ်ပေါ်ခဲ့သည်။
“ဝင်ရေး၊ မဝင်ရေးမှာဘဲ နှစ်ခြမ်းကွဲသွားနိုင်တယ်။ နအဖနဲ့လည်း ညှိရမယ်။ ကိုယ့်အချင်းချင်းလည်း ညှိယူရမယ်။ ခေါင်းဆောင်ပိုင်းတွေက မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ပါစေလို့ ယုံကြည်တယ်” ဟု ပဲခူးတိုင်း အမျိုးသမီးလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး ဒေါ်ခင်ညွှန့်မူက ပြောသည်။
သူမကတော့ ရွှေဂုံတိုင် ကြေညာစာတမ်းကို ထောက်ခံသူဖြစ်ကြောင်း ပြောသည်။
အန်အယ်ဒီတွင် ပါတီဝင်ဦးရေ ၁၂ သန်းကျော်ရှိသည်ဟု ပါတီပြန်ကြားရေးဌာနက မဇ္ဈိမကို ပြောသည်။ မတ်လ ၁၇ ရက်နေ့မှသည် ရက်ပေါင်း ၆ဝ အတွင်း လက်ရှိ နိုင်ငံရေးပါတီများလည်း အသစ်ထူထောင်မည့် ပါတီများနည်းတူ မှတ်ပုံတင်ရန် ကော်မရှင်က ထုတ်ပြန်သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းအက်ဥပဒေတွင် ဖော်ပြထားသည်။ လက်ရှိတွင် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲမှသည် ကျန်ရစ်သော နိုင်ငံရေးပါတီ ၁ဝ ခုရှိရာ အန်အယ်ဒီလည်း ပါဝင်သည်။
အင်းစိန်ထောင်တွင်းမှ သန္ဓေတည်ခဲ့သော ဒီမိုကရေစီလိုလားသော အတိုက်အခံများ၏ ရပ်တည်ချက်မှာ အန်အယ်ဒီ၏ ရပ်တည်ချက်ဖြစ်လာခဲ့ပြီး ရွှေဂုံတိုင်ကြေညာစာတမ်းဟူ၍ ခေါ်တွင်ခဲ့သည်။
ရွှေဂုံတိုင်စာတမ်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်၊ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ပြန်လည် ပြင်ဆင်ရန်၊ ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်ကို တစုံတရာ အသိအမှတ်ပြုရန်နှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပရန် စစ်အစိုးရကို တောင်းဆိုထားသည်။
၁၉၉ဝ ခုနှစ်များ အစောပိုင်းကာလက ထောင်တွင်း နိုင်ငံရေးအကျဉ်းသားများအကြား အကြိတ်အနယ်ဆွေးနွေးပြီး စု-လွှတ်-တွေ့ ဆိုသော နိုင်ငံရေး ရပ်တည်ချက်မူကို သဘောတူညီမှု ရခဲ့ကြသည်။
ဒေါ်စုနှင့် နိုင်ငံရေးအကျဉ်းသားများ ခြွင်းချက်မရှိလွှတ်ပေးရန်၊ ၉ဝ ခုနှစ်ရွေးကောက်ပွဲက ရွေးချယ် တင်မြှောက်လိုက်သော ပါလီမန်အမတ်များ လွှတ်တော်ခေါ်ယူရန်နှင့် ဒီမိုကရေစီ အတိုက်အခံ အင်အားစုပါတီ ၁ဝဝ ကျော်က လုပ်ခွင့်အာဏာအပ်နှင်းထားသော ပုဂ္ဂိုလ်နှင့် စစ်အစိုးရဘက်မှ အဆုံးဖြတ်ပေးနိုင်သူ ပုဂ္ဂိုလ်တို့ တွေ့ဆုံဆွေးနွေးရန်ဖြစ်သည်။
ပါတီဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်တဦးဖြစ်သူ ဦးခင်မောင်ဆွေကမူ အချုပ်နှောင်ခံနေရသော ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပါက ပါတီရှိနေမှ နိုင်ငံရေးစင်မြင့်ပေါ် ဆက်လက်ဦးဆောင်နိုင်မှာဖြစ်၍ မှတ်ပုံတင်သင့်သည်ဟု ပြောသည်။
“ဝင်ရေး မဝင်ရေး ယတိပြတ် မစဉ်းစားသေးသော်လည်း ပါတီပြန်လည်တည်ထောင်ရေးက သိပ်ကို အရေးကြီးတဲ့အချိန် ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ ဒေါ်စုနဲ့ ကျနော်တို့ တထပ်တည်းရှိတယ်ဆိုတာကို လက်ခံရင် ပါတီရှိနေဖို့ လိုတယ်။ ဒေါ်စုပြန်လာရင် သူပြန်ရောက်လာမှာပါ” ဟု ဦးခင်မောင်ဆွေက ပြောသည်။
ပါတီထိပ်ဆုံးခေါင်းဆောင် အဖွဲ့ဝင် ၂ဝ ဦးပါ ဗဟိုအလုပ်မှုဆောင်အဖွဲ့တွင်လည်း ဥက္ကဌ ဦးအောင်ရွှေ၊ ဥိီးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းတို့ခေါင်းဆောင်သော အစုက တဖွဲ့ဖြစ်ပြီး ဦးဝင်းတင်၊ ဥိီးဉာဏ်ဝင်း၊ ဦးအုန်းကြိုင်တို့ ခေါင်းဆောင်သော အဖွဲ့က တဖွဲ့ဟူ၍ သဘောထားများ ကွဲပြားနေကြသည်ဟု ပါတီတွင်းသတင်းရပ်ကွက်များက ပြောသည်။
ဗဟိုအလုပ်မှုဆောင်ကော်မတီက ဆုံးဖြတ်ချက်မချနိုင်ဖြစ်နေသော ပါတီရှေ့ရေးအတွက် မတ်လ ၂၉ ရက်နေ့တွင် အဖွဲဝင် ၁ဝဝ ပါ ဗဟိုဦးစီးအဖွဲ့က ဆွေးနွေးဆုံးဖြတ်ကြရန် ရက်သတ်မှတ်ထားသည်။ ဗဟိုဦးစီးအဖွဲ့ဝင် ၁ဝ ဦးမှာ အကျဉ်းကျနေဆဲ နိုင်ငံရေးအကျဉ်းသားများဖြစ်သည်။
နှစ်ပေါင်း ၂ဝ ကျော်ကြာ ရပ်တည်နေခဲ့သည့် ပါတီ အဖွဲ့ချုပ်ခေါင်းဆောင်များက ရွေးကောက်ပွဲ ဝင်မည်ဆိုပါက လုံးဝ ရှုတ်ချကြောင်း မကွေးတိုင်းအမျိုးသမီးလုပ်ငန်းအဖွဲ့မှ တာဝန်ခံ ဒေါ်ခင်စောဌေး ကပြောသည်။
“စီစီကို အရေးတကြီးဖွဲ့လိုက်တဲ့ ရည်ရွယ်ချက်တချို့ကို အန်တီတို့က စိုးရိမ်တယ်။ ရွေးကောက်ပွဲ ဝင်ဖို့ မဝင် ဆုံးဖြတ်ဖို့ မဲခွဲတဲ့အခါမှာ စီစီတိုင်းက သတ္တိရှိဖို့ လိုတယ်။ သူတို့က အဖမ်းခံရမှာ ကြောက်ပြီး ရွေးကောက်ပွဲဝင်တဲ့ဘက် မဲပေးမှာ အန်တီက ကြောက်နေတာ။ စစ်အာဏာရှင်စနစ် မပေါ်ပေါက်ရေး အတွက် အန်တီတို့ကတော့ ရှုံ့ချတာဘဲ” ဟု သူက ပြောသည်။
ယနေ့တွင် မန္တလေးတိုင်း မိတ္ထီလာမြို့နယ် အန်အယ်ဒီအဖွဲ့ဝင်များက ပါတီအနေဖြင့် မှတ်ပုံတင်ရေး မတင်ရေးကို လျို့ဝှက်မဲပေးသည့် စနစ်ဖြင့် မဆုံးဖြတ်ဘဲ ဗြောင်မဲပေးသည့်စနစ် ကျင့်သုံးဖို့လိုသည်ဟု ဗဟိုသို့ စာရေးသားပေးပို့လိုက်သည်။
“နိုင်ငံရေး ရပ်တည်ချက်ကို လုပ်ဆောင်ချက်က ပြတ်ပြတ်သားသား ပေါ်တင် ဆန္ဒထုတ်ဖော်ပါ။ ပြောင်ပြောင်တင်းတင် ပြောဆိုဖို့ တောင်းဆိုမယ်။ ” ဟု ပါတီဝင် ဒေါ်မြင့်မြင့်အေးက ပြောသည်။
သူမမှာ ပါတီတွင်း စည်းကမ်းဖောက်ဖျက်မှုကြောင့် ဖေဖော်ဝါရီလအတွင်းက သာမန်ပါတီဝင်အဖြစ်သို့ အဆင့်လျော့ခံထားရသူဖြစ်သည်။
လက်ရှိကြံုတွေ့နေရသော ပါတီအကြပ်အတည်းသည် ယခင် ဗဟိုအလုပ်မှုဆောင်အဖွဲ့က ကြိုတင်ပြင်ဆင်မှု မလုပ်ခဲ့ခြင်းကြောင့်ဟု သူမက အပြစ်တင်လိုက်သည်။
မကြာမှီ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့် ပါတီ ဒုဥက္ကဌ ဦးတင်ဦး၏ ပါတီ မှတ်ပုံတင်ရေး မတင်ရေး ရပ်တည်ချက်နှင့်ပတ်သက်၍ လူသိရှင်ကြား ထုတ်ပြန်မှုမရှိသေးသော်လည်း ပြန်လွတ်ခါစက ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအောက်၌ ရပ်တည်မည်ဟု ထုတ်ဖော်ပြောဆိုခဲ့သလို ရပ်တည်ချက် ကွဲပြားနေသော ဘက်နှစ်ဘက်လုံးနှင့် ရင်းနှီးသူလည်းဖြစ်သည်။
ရွေးကောက်ပွဲ ဥပဒေသည် ရှက်ဖွယ်ကောင်းလှကြောင်းနှင့် ပါတီကို စိန်ခေါ်လိုက်ခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မကြာသေးခင်က သူမ၏ ရှေ့နေများမှတဆင့် ထုတ်ဖော်ပြောကြားထားသည်။
Copy_of_NLD-Offices
ရွေးကောက်ပွဲဥပဒေက ထောင်ကျခံနေသူကို ပါတီဝင်အဖြစ် လက်မခံရန် ကန့်သတ်ထားသည်။
မမျှော်လင့်ထားသည့် အမေရိကန်က ရေကူး၍ ခြံဝင်းအတွင်း ဝင်ရောက်မှုကို ယာယီခိုလှုံခွင့်ပေးရာက နေအိမ်အကျယ်ချုပ် စည်းကမ်းချိုးဖောက်သည်ဆိုကာ ထောင် ၃ နှစ် အပြစ်ပေးပြီးမှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လျော့ပေါ့ပေးမှုဖြင့် ထက်ဝက်ကို ဆိုင်းငံ့ထားပြီး ကျန် ၁၈ လကို နေအိမ်တွင် ချုပ်နှောင်ရန် ပြင်ဆင်အမိန့်ချခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ထောင်ကျခံနေရသူ မဟုတ်ဆိုသော ငြင်းခုံမှုအချို့တော့ရှိနေသည်။
မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် အန်အယ်ဒီပါတီဝင် ၄၃ဝ ကျော်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၁ဝဝ ကျော်ရှိနေသည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေအရ မှတ်ပုံပြန်တင်သည့် နိုင်ငံရေးပါတီများသည်၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံကာကွယ်ရန် ညွှန်ကြားထားသည်။