စစ်အစိုးရနှင့် ကချင်အကြား တင်းမာမှုပိုလာ

စစ်အစိုးရနှင့် ကချင်အကြား တင်းမာမှုပိုလာ
by -
ဖနိဒါ
ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့၏ တပ်များ၏ ရှေ့ရေးနှင့် ပတ်သက်၍ စစ်အစိုးရနှင့် ကချင်တို့အကြား အခြေအနေ ပိုမိုတင်းမာ...

ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့၏ တပ်များ၏ ရှေ့ရေးနှင့် ပတ်သက်၍ စစ်အစိုးရနှင့် ကချင်တို့အကြား အခြေအနေ ပိုမိုတင်းမာလာနေသည်။

ကေအိုင်အိုဘက်က တင်ပြထားသည့်စာကို အကြောင်းမပြန်မချင်း စစ်အစိုးရသို့ နောက်ထပ်တွေ့ဆုံ ဆွေးနွေးမှုများ ကမ်းလှမ်းခြင်းမပြုရန် ဗဟိုကော်မတီဝင် ၂ဝ ဦးခန့်တက်ရောက်သော ယခုလ ၁၇ ရက်နေ့ အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြသည်။

“ကျနော်တို့ တင်ပြထားတာ သူတို့ အဖြေကို စောင့်နေတယ်။ သူတို့ဘက်က အဖြေမရမချင်းတော့ ကျနော်တို့က စောင့်နေရုံဘဲပေါ့။ ကျနော်တို့ဘက်ကတော့ တင်ပြထားပြီ ဖြစ်တဲ့အတွက် ကျနော်တို့ဘက်က သွားဖို့တော့ မရှိဘူး။ သွားဖို့ လမ်းတော့ မရှိတော့ဘူး၊ အကြောင်းမပြန်လာဘူးဆိုရင် တွေ့ဖို့ မရှိဘူးပေါ့”ဟု အမည်မဖော်လိုသူ ဗဟိုကော်မတီဝင် အရာရှိတဦးက ပြောသည်။

ယခုလ ၁၂ ရက်နေ့က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(မပခ)တွင် တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းနှင့် ကေအိုင်အိုအရာရှိများ တွေ့ဆုံစဉ် ကေအိုင်အို၏ ရပ်တည်ချက်ဖော်ပြထားသော စာကို နေပြည်တော်အတွက် ပေးအပ်ခဲ့သည်။

နေပြည်တော် စစ်ဖက်ရေးရာလုံခြံုရေး ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်ထံသိုု့ လိပ်မူထားသော စာတွင် ကေအိုင်အိုအဖွဲ့မှ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံဘဲ ယင်းအစား ပြည်ထောင်စု တပ်မတော်တွင် သီးသန့် ကချင်တပ်များအဖြစ် ထဲ့သွင်းစေလိုကြောင်း တင်ပြထားသည်။

ထို့အပြင် အပစ်ရပ်စဲရေး ဆက်လက်ထိန်းသိမ်းထားလိုကြောင်းနှင့် တက်လာမည့် အစိုးရသစ်နှင့်သာ နိုင်ငံရေးအရ ပြန်လည် ဆွေးနွေးလိုကြောင်းတို့ ပါဝင်သည်။

“ကျနော်တို့ဘက်က The whole KIO အသွင်ပြောင်းဖို့၊ ကျနော်တို့ လိုချင်တာတွေရရင် ကေအိုင်အိုဌာနဆိုင်ရာ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး အကုန်လုံးပြောင်းမယ်။ သူတို့က KIA ကိုဘဲ အသွင်ပြောင်းဖို့ ပြောတယ်။ ကျနော်တို့က အဲဒါကိုတော့လက်မခံဘူး။ ပြောင်းမယ်ဆိုရင် အကုန်ပြောင်း၊ ကေအိုင်အေက နောက်ဆုံးမှ ပြောင်းဖို့ ပြောထားတာ”ဟု ဗဟိုကော်မတီဝင်တဦးက  မဇ္ဈိမကို ပြောသည်။

အဖွဲဝင် ရ ဦးပါ နယ်ခြားစောင့်တပ် အသွင်ပြောင်းဆွေးနွေးရေး ကော်မတီမှ အဖွဲ့ဝင် တဦးကလည်း “ကျနော်တို့အနေနဲ့တော့ တွေ့ဖို့ မရှိတော့ဘူး။ ကျနော်တို့က ရွေးကောက်ပွဲကို မပျက်ဆီးစေချင်ဘူး၊ ပြည်ထောင်စုကိုလည်း မပျက်ဆီးစေချင်ဘူး၊ နိုင်ငံရေးအရ ဆွေးနွေးမယ်ဆိုတာဘဲ”ဟု သူက မဇ္ဈိမကိုပြောသည်။

စစ်အစိုးရ၏ကိုယ်စားလှယ် ညှိနှိုင်းရေးတာဝန်ခံ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က KIO အနေဖြင့် ယခင်လ ၂၈ ရက်နေ့တွင် နောက်ဆုံးထားကာ နယ်ခြားစောင့်တပ် ကိစ္စကို အဖြေပေးရန် သတ်မှတ်ခဲ့သည်။

ယခုလဆန်းမှ စတင်၍ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ လိုင်ဇာသွားသည့် ကားလမ်းတလျှောက်တွင်လည်း စစ်ဆေးမေးမြန်းမှုများ ပိုမိုပြုလုပ်လာကာ တံတားများတွင်လည်း ယခင်ကထက် ပိုမို တိုးမြင့်ချထားကြောင်း လိုင်ဇာ ဒေသခံတဦးက ပြောသည်။

“ဒီမြစ်ကြီးနား- ဗန်မော်လမ်း-လိုင်ဇာလမ်းဘက်မှာရှိတဲ့ တံတားတွေမှာ အရင်ကထက် ပိုပြီးတော့ ချထားတာတွေရတယ်။ စောင့်နေတာတွေ့ရတယ်။ စစ်ဆေးတာလဲ။ အရင်တုန်းကတော့ မစစ်ဘူး။ ခုမှ စစ်ဆေးလာကြတာလေ” ဟု အဆိုပါ ဒေသခံက မဇ္ဈိမကို ပြောသည်။

အလားတူ အပစ်ရပ်ဆဲအဖွဲ့တခုဖြစ်သော မွန်ပြည်သစ်ပါတီသည်လည်း နယ်ခြားစောင့်တပ် အသွင်ပြောင်းမည့် အဖြေပေးရန် အရှေ့တောင်းတိုင်းစစ်ဌာနချုပ်(ရတခ)တွင် တိုင်းမှူး ဗိုိလ်ချုပ် သက်နိုင်ဝင်းနှင့် ခေါင်းဆောင်များ ယခုလ ၁၆ ရက်နေ့တွင် တွေ့ဆုံခဲ့ကြကြောင်း မွန်ပြည်သစ်ပါတီရုံးချုပ်မှ တာဝန်ရှိသူ တဦးက ပြောသည်။

ဒုဥက္ကဌ အပါအဝင် ဗဟိုအလုပ်မှုဆောင်များဖြစ်သော စစ်ဦးစီးချုပ်အဖွဲ့ ၅ ဦးတို့နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

၁၉၉၅ ခုနှစ် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည့် မွန်ပြည်သစ်ပါတီသည် ၂ဝဝ၈ အခြေခံဖွဲ့စည်းပုံနှင့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် ငြင်းဆိုထားသည်။