ဆိုမာလီပင်လယ်ဓားပြများက ယခုလဆန်း၌စ၍ ပြန်ပေးဆွဲထားသည့် မြန်မာနိုင်ငံသား ၂၁ ဦး ပါသော နော်ဝေနိုင်ငံသားပိုင် UTB Ocean သင်္ဘောပြန်လွတ်ရေးအတွက် ဓားပြများနှင့် ညှိနှိုင်းနေပြီဖြစ်ကြောင်း သိရသည်။
UTB Ocean သင်္ဘောနှင့် ပတ်သက်၍ ထိခိုက်ပျက်ဆီးမှု အဝဝကို တာဝန်ယူပေးနေပြီး ဓားပြတိုက်ခံရမှုတွင်လည်း တာဝန်ယူ ဖြေရှင်းပေးနေသည့် စင်ကာပူ အခြေစိုက် Ship Management Associates Pte Ltd မှ ရေကြောင်းညွှန်ကြားရေးမှူး ကပ္ပတိန် ဦးစည်သူသွင် ကပြောသည်။
“ဆိုမာလီတွေက ပိုက်ဆံလိုချင်လို့ လုပ်တာဆိုတော့ ဒီက တာဝန်ရှိတဲ့လူတွေနဲ့ ညှိနိုင်းနေကြပါပြီ။ ကျနော် တို့ လူတွေက ဓါးပြတွေ လက်ထဲမှာ နေရတာဆိုတော့ နေရ ထိုင်ရတော့ ကျပ်တာပေါ့ဗျာ။ ကျန်းမာရေး ကတော့ ကောင်းတာပေါ့” ဟု သူက မဇ္စျိမကို ပြောသည်။
အရှေ့အလယ်ပိုင်းရှိ အာရပ်စော်ဘွားများနိုင်ငံ UAE မှ လောင်စာဆီများ သယ်ဆောင်လာသည့် ယင်းသင်္ဘောသည် အာဖရိက အရှေ့ပိုင်းရှိ တန်ဇန်းနီးယား နိုင်ငံသို့ အသွား တန်ဇန်းနီးယား တောင်ဘက် နှင့် မောရစ်ရှနိုင်ငံ မြောက်ဖက်အကြား ယခုလ ၅ ရက် မနက်ပိုင်းတွင် ပြန်ပေးဆွဲခံရခြင်းဖြစ်သည်။
“အဲဒီကနေပြီးတော့ မိုင် ၁၂ဝဝ ဝေးတဲ့ ဆိုမာလီကမ်းကိုဖမ်းခေါ်သွားပြီးတော့ ဆိုမာလီကမ်းခြေက တံတားနားမှာ ကျောက်ချထားတယ်” ဟု ကပ္ပတိန် စည်သူသွင် ကဆက်ပြောသည်။
ပြန်ပေးဆွဲခ့ရသည့် သင်္ဘောအတွက် သင်္ဘောသားရှာပေးခြင်း၊ ကုန်ပစ္စည်းရှာပေးခြင်း စသည့်ဝန် ဆောင်မှုပေးသော စင်္ကာပူအခြေစိုက် NAUTIC TANK ရုံးနှင့် ရန်ကုန်အခြေစိုက် Sai Beacon Maritime ကုမ္ပဏီ တို့မှတဆင့် အခြေအနေအရပ်ရပ်ကို မြန်မာသင်္ဘောသား မိသားစုများထံ အကြောင်းကြား ထားကြောင်း သိရသည်။
UTB Ocean သင်္ဘော ကို ယမန်နှစ်က တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဓာတုပစ္စည်းနှင့် ရေနံ နှစ်မျိုးတင် ဆောင်နိုင်ရန် စီစဉ်ထားကြောင်း လေ့လာသိရှိရသည်။
ယခင်နှစ် အောက်တိုဘာ ၁၅ ရက်နေ့ကလည်း စင်္ကာပူကုမ္ပဏီပိုင် PIL (Pacific International Line) ကုန်တင်သင်္ဘောနှင့်အတူ မြန်မာနိုင်ငံသား အင်ဂျင်နီယာတဦး ဆိုမာလီနိုင်ငံအနီး Aden ပင်လယ် ကွေ့ထဲတွင် ပြန်ပေးဆွဲခံခဲ့ရကာ ယခင်လ ၂၈ UTB က ပြန်လွတ်မြောက်ခဲ့သည်။
၂ဝဝ၈ ခု စက်တင်ဘာလတွင်လည်း တောင်ကိုရီးယားကုမ္ပဏီပိုင် MV. Bright Ruby သင်္ဘောကို ပြန် ပေးဆွဲရာတွင် မြန်မာသင်္ဘောသား ၁၄ ဦး ပါဝင်ခဲ့ပြီး နောက်ပိုင်း၌ ပြန်လွတ်မြောက်ခဲ့သည်။
ဆိုမာလီနိုင်ငံအနီး Aden ပင်လယ်ကွေ့အတွင်း နှစ်စဉ် ပင်လယ်ကူးသင်္ဘော ၂ သောင်းကျော် ဖြတ်သန်း နေပြီး သင်္ဘောများကို ပြန်ပေးဆွဲရာမှ ဓားပြများအတွက် နှစ်စဉ် အမေရိကန် သန်း ၁၅ဝ ကျော်ရရှိ ကြောင်း အကဲခတ်များက ခန့်မှန်းကြသည်။