ရွေးကောက်ပွဲ ဥပဒေကို လက်မခံကြရန် AIPMC တိုက်တွန်း

ရွေးကောက်ပွဲ ဥပဒေကို လက်မခံကြရန် AIPMC တိုက်တွန်း
by -
စိုင်းဇွမ်ဆိုင်း
အာဆီယံ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာ့ရွေးကောက်ပွဲ ဥပဒေကို လက်မခံကြရန် မြန်မာ့အရေး ဆောင်ရွက်နေသည့် အာဆီယံလွှတ်တော် အမတ်များက...

အာဆီယံ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာ့ရွေးကောက်ပွဲ ဥပဒေကို လက်မခံကြရန် မြန်မာ့အရေး ဆောင်ရွက်နေသည့် အာဆီယံလွှတ်တော် အမတ်များက ယနေ့ တိုက်တွန်းလိုက်သည်။

စစ်အစိုးရက ထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲဥပဒေသည် လွတ်လပ်ပြီး တရားမျှတမှု မရှိသောကြောင့် လက်မခံကြရန် AIPMC (ASEAN Inter-Parliamentary Myanmar Caucus) က ကြေညာချက်ထုတ် တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

“မြန်မာအစိုးရက တခြားပါတီတွေအပေါ် တင်းကျပ်ထားတဲ့ ဥပဒေဟာ လွတ်လပ်ပြီး တရားမျှတတဲ့ နိုင်ငံတကာ စံနှုန်းတွေနဲ့ ဆန့်ကျင်နေပါတယ်” ဟု AIPMC ပြောရေးဆိုခွင့်ရှိသူ Mr.Roshan Jason က မဇ္စျိမကို ပြောသည်။

တပ်မတော်သားများသည် လွှတ်တော်အမတ် ၂၅ ရာခိုင်းနှုန်းကို ကာကွယ်ရေးဦးစီးချုပ်၏ ခန့်အပ်မှုဖြင့် ပါဝင်ရမည်ဆိုသည့် အခြေခံဥပဒေနှင့် နိုင်ငံရေးပါတီများအား ကန့်သတ်ထားသော ရွေးကောက်ပွဲ ဥပဒေကို ပြန်ပြင်ရန် လိုအပ်သည်ဟုလည်း ဆိုသည်။

မြန်မာအစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးလျှင်လည်း အခြေခံ ဥပဒေကို ဒီမိုကရေစီနည်းကျ ပြန်လည်ရေးဆွဲရန် လိုအပ်မည်ဖြစ်ကြောင်း Mr.Roshan က ဝေဖန်သည်။

AIPMC အဖွဲ့သည် အာဆီယံ အဖွဲ့ဝင်နိုင်ငံများဖြစ်သော ထိုင်း၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ မလေးရှား နိုင်ငံတို့မှ ပါလီမန်အမတ်များဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။

မြန်မာ့အရေးလှုပ်ရှားနေသော အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေနှင့် ရွေးကောက်ပွဲရလဒ်များကို လက်မခံရန် ကုလသမဂ္ဂအဖွဲ့ကြီးနှင့် အာဆီယံ နိုင်ငံများကို ဆက်လက် တိုက်တွန်းသွားမည်ဟုလည်း AIPMC က ဆိုသည်။

မကြာသေးမီက ထုတ်ပြန်ခဲ့သော နအဖ ၏ ရွေးကောက်ပွဲဥပဒေကို အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ သြစတြေးလျ၊ ဖိလစ်ပိုင်၊ အီးယူ (ဥရောပသမဂ္ဂ) တို့ကလည်း ဝေဖန်လျက်ရှိသည်။

အဆိုပါ ရွေးကောက်ပွဲဥပဒေနှင့်ဆိုလျှင် ထောင်ဒဏ်ချမှတ်ခံထားရသော ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးပါတီဝင် တဦးအဖြစ်ပင် ရပ်တည်၍ မဖြစ်နိုင်သဖြင့် အတိုက်အခံပါတီကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သည် စိန်ခေါ်မှုတခုနှင့် ရင်ဆိုင်နေရသည်။

မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှုကော်မတီ (Thai Action Committee for Democracy in Burma) မှ ဘုတ်အဖွဲ့ဝင် တဦးကလည်း ရွေးကောက်ပွဲမတိုင်မီ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို အမြန်ဆုံး လွှတ်ပေးသင့်သည်ဟု မဇ္စျိမကို ပြောသည်။

သူက “အကျဉ်းကျခံနေရသူတွေကလည်း မြန်မာနိုင်ငံသားတွေပါပဲ။ ပြီးတော့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ အတွက်ကိုလည်း သံရုံးတွေမှာ မဲထည့်နိုင်ဖို့အတွက်ကို စီစဉ်ပေးသင့်ပါတယ်” ဟု ဆိုသည်။

NLD သည် ယခုလ ၂၉ ရက်နေ့တွင် ဗဟိုဦးစီးအဖွဲ့ဝင်များနှင့် ဗဟိုအလုပ်အမှုဆောင်များအကြား အစည်းအဝေးတရပ် ကျင်းပပြီး ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေး ကိစ္စကို ဆွေးနွေးကြမည်ဖြစ်သည်။