နို့ဘိုးမှ ဒုက္ခသည် ၂၇၅ ဦး နေရပ်ပြန်ပို့

နို့ဘိုးမှ ဒုက္ခသည် ၂၇၅ ဦး နေရပ်ပြန်ပို့
by -
ကျော်ခ
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ရှိ နို့ဘိုးယာယီစခန်းမှ ဒုက္ခသည် ၂၇၅ ဦးကို မြန်မာနိုင်ငံ ဘက်ခြမ်းသို့ ပြန်ပို့လိုက်ပြီဖြစ်ကြောင်း စခန်း တာဝန်ရှိသူ များထံမှ...

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ရှိ နို့ဘိုးယာယီစခန်းမှ ဒုက္ခသည် ၂၇၅ ဦးကို မြန်မာနိုင်ငံ ဘက်ခြမ်းသို့ ပြန်ပို့လိုက်ပြီဖြစ်ကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

ယခုနှစ် ဇန်နဝါရီလပိုင်းအထိ စာရင်းများအရ စခန်းရှိ ဒုက္ခသည်ပေါင်း ဦးရေ ၉ဝဝ ကျော် ဖြစ်သော်လည်း နယ်မြေခံ ထိုင်းနယ်ခြားစောင့်တပ်မှ နေရပ်ရင်း ပြန်ကြရန် ဖိအားပေးသဖြင့် ၄ဝဝ ဦးခန့်မှာ ယခင်လ ၅ ရက်နေ့ မတိုင်မီ စခန်းအတွင်းမှ ထွက်သွားကြပြီးနောက် ပြန်ပို့ခံရသူများ ဖြစ်သည်။

စခန်းတွင်းမှ ထွက်သွားသူများသည် မြန်မာနိုင်ငံဘက်တွင် ရွာပုန်းရွာရှောင်များအဖြစ်လည်းကောင်း၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဆွေမျိုးများထံသို့လည်းကောင်း ပြောင်းရွှေ့နေထိုင်ကြသည်ဟု ဆိုသည်။

ကျန်ခဲ့သည့် ဒုက္ခသည် ၅ဝဝ ကျော်ကိုလည်း ထိုင်းအာဏာပိုင်များက ပြီးခဲ့သည့်လ ၅ ရက်နေ့မှ စတင်ပြန်ပို့သူ ယမန်နေ့အထိ မိသားစုပေါင်း ၅ဝ (၂၇၅ ဦး) ရှိပြီဖြစ်ပြီး စခန်းအတွင်း၌ မိသားစု ၅၁ စု (၂၇၇ ဦး) ကျန်နေသေးကြောင်း သိရသည်။

“တချို့ကလည်း ထိုင်းဘက်မှာရှိတဲ့ ဆွေမျိုးတွေဆီကို သွားကြတယ်။ စိတ်ညစ်ပြီး ပြန်တာတွေလည်း ရှိတယ်။  ဟိုဘက်ရော၊ ဒီဘက်မှာ ပြန်လို့မရတဲ့ မိသားစုတွေကတော့ နေရာလွတ်တွေမှာ စုနေကြတယ်” ဟု စခန်းတာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

နေရာလွတ်များတွင် စုနေကြသူ မိသားစု ၁၃ စု လူဦးရေ ရ၄ ဦး ရှိပြီး၊ သူတို့သည် ပြန်ပို့ခံရပြီးမှ မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် ထိုင်းနိုင်ငံတွင်း ပြန်ဝင်လာသော်လည်း စခန်းသို့ ဝင်ရောက်ခွင့်မရသဖြင့် နို့ဘိုးစခန်းနှင့် မနီးမဝေး၌ အခြေချနေကြခြင်း ဖြစ်သည်။

ယင်းဒုက္ခများသည် ပြီးခဲ့သည့်နှစ် ဇွန်လပိုင်းက နအဖနှင့် DKBA ပူးတွဲ ထိုးစစ်ကြောင့် ကရင် အမျိုးသား အစည်းအရုံး -KNU  တပ်မဟာ ရ ပိုင် ဘားအံခရိုင်၊ ပိုင်ကျုံနှင့် လှိုင်းဘွဲ့မြို့နယ်များမှ မဲ့လာအားခီး၊ မဲ့လာအားထာ၊ ဝါ့မီကလား၊ ထီးကဟော အစရှိသည့် ကျေးရွားများမှ ဒေသခံ ကရင်တိုင်းရင်းသားများ ဖြစ်ကြသည်။

ယင်းဒုက္ခသည်များကို ပြန်ပို့မည့်အစီအစဉ် စတင်စဉ် ယခုနှစ် ဇန်နာဝါရီလ၌ အန်ဂျီအိုများ၊ လူ့အခွင့်အရေး အဖွဲ့များ၊ လွှတ်တော်အမတ်များ၊ ကရင်အမျိုးသားအစည်းအရုံး၊ DKBA တို့က မိုင်းအန္တရာယ် ရှိသဖြင့် ပြန်သုံးသပ်ရန် နယ်မြေခံတပ်နှင့် ထိုင်းအစိုးရကို တိုက်တွန်းခဲ့ကြသေးသည်။

မြန်မာနိုင်ငံဘက်သို့ ပြန်ကြရန် ဒေသခံနယ်ခြားစောင့်တပ်က စီစဉ်ခဲ့သောကြောင့် လယ်ဘော်ဟဲ ဒုက္ခသည်စခန်းဟောင်းတွင် တဲအိမ်များ ပြန်ဆောက်နိုင်ရန် တောရှင်းပေးထားသော်လည်း မြေမြှုပ်မိုင်း အန္တရာယ်ရှိနေကြောင်း DKBA ၉၉၉ တပ်ရင်း အရာရှိတဦးက ပြောသည်။

“အပြင်ထွက် စားစရာရှာမယ်။ ဟိုသွားဒီသွားမယ်ဆိုရင်တော့ မြေမြှုပ်မိုင်း အန္တရာယ်ရှိတယ်။ ကျနော်တို့တောင် နယ်မြေအပြင်ကို ရမ်းပြီး သွားရဲတာ မဟုတ်ဘူး” ဟု သူက မဇ္စျိမကို ပြောသည်။

နို့ဘိုး ဒုက္ခသည်စခန်းနည်းတူ ပြန်ပို့ခံနေရသည့် အူးသူးထ ယာယီစခန်းနေ ဒုက္ခသည် ၁၄ဝဝ ဦးအနက် အိမ်ထောင်စု ၁၁၆ စု လူဦးရေ ရ၃၆ ဦးကို ယခင်လ ၈ ရက်နေ့မှ ယခုလ ၁၂ ရက်နေ့အတွင်း ပြန်ပို့လိုက်ပြီဟုလည်း စခန်းတာဝန်ရှိသူများက ဆိုသည်။

ဘားအံခရိုင်အတွင်းရှိ ဝါ့မီကလား၊ တာအူးကေထ၊ ပို့ဖေါ်လေး၊ ပနွဲ့ပူ၊ မဲ့လာအားခီး၊ မဲ့လာအားထ စသည့် ရွာများသို့ ပြန်သွားကြခြင်းဖြစ်ပြီး၊ ဝါ့မီကလားသို့ ပြန်သွားသူ အများဆုံးဖြစ်ကြောင်းနှင့် မပြန်သေးသည့် ဒုက္ခသည်များကိုလည်း စခန်းအတွင်းအပြင် ဝင်ထွက်ခွင့်ပိတ်ထားပြီး နေရပ်သို့ ပြန်ရန် နေ့စဉ်ဖိအားပေးနေကြောင်း သိရသည်။

KNU ဒုဥက္ကဋ္ဌ ဒေးဗစ်သာကပေါကမူ “ထိုင်းဘက်က ဖိအားအမျိုးမျိုးပေးတော့ ပြန်ကြတာပေါ့လေ။ စားဝတ်နေရေး ဒုက္ခတွေ ရင်ဆိုင်ကြရမှာပေါ့။ မိုင်းအန္တရာယ်လည်း ရှိတာပဲ။ KNU အနေနဲ့တော့ ဘာမှ မကူညီနိုင်ဘူး” ဟု မဇ္စျိမကို ပြောသည်။

ဇန်နဝါရီလ ၁၇ ရက်နေ့ကလည်း စစ်ကြောင်းကွပ်ကဲရေးဌာနချုပ် (စကခ) လက်အောက်ခံတပ်ရင်း ခမရ ၃၆၇ က ပဲခူးတိုင်းအရှေ့ပိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ရှိ ခဲဒဲကျေးရွာမှ နေအိမ် ၁၃ လုံး ကို မီးရှို့ခဲ့ပြီး ရွာသားများကို ပစ်ခတ်သဖြင့် ထိုဒေသရှိ ရွာသား ၃ဝဝဝ ကျော်သည် အိုးအိမ်စွန့်၍ တောထဲ၌ ပုန်းရှောင်နေထိုင်ခဲ့ကြရသည်။

သူတို့သည်လည်း မိုင်းအန္တရယ်ကြောင့် နေရပ်ရင်းသို့ မပြန်ရဲပဲ တောထဲ၌ ယခုချိန်ထိ ပုန်းရှောင်နေကြရသည်ဟု ဒုက္ခသည်များကို ကူညီနေသည့် THE COMMITTEE FOR INTERNALLY DISPLACED KAREN PEOPLE (CIDKP) မှ အဖွဲ့ဝင် စောစတိဗ်က မဇ္စျိမကို ပြောသည်။

ဆွဇ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကျင်းပနေသည့် ကုလလူအခွင့်အရေးကောင်စီ အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးသံ မစ္စတာကွင်တာနားက စစ်အစိုးရ၏ လူအခွင့်အရေး ချိုးဖောက်မှုများအတွက် ကော်မရှင်တရပ်ဖွဲ့၍ စုံစမ်းရန် အကြံပြုထားသည်။