စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေက စီးပွားရေးနှင့် နို်င်ငံရေးကြောင့် ပြည်ပတွင် ပြန့်နှံ့ရောက်ရှိနေသော မြန်မာသန်းပေါင်းများစွာ၏ အခြေခံအခွင့်အရေးကို ဖြည့်ဆည်းပေးရန် ပျက်ကွက်နေသည်။
”ရွှေ့ပြောင်းလုပ်သား အများအပြားက သူတို့နိုင်ငံရဲ့ နို်င်ငံရေးအခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်နေကြတာ။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ သူတို့ ရွှေ့ပြောင်းလုပ်သားဘဝ ရောက်လာရစေတဲ့ အကြောင်းတချက်ဖြစ်လို့” ဟု စင်ပြိုင်အာဆီယံအဖွဲ့မှ ဒယ်ဘီစတော့ဟတ်က ပြောသည်။
”အလုပ်အကိုင်တွေရဖို့ အပြောင်းအလဲ ဘာမှဖြစ်လာမှာ မဟုတ်တာကတော့ သိပ်ရှင်းပါတယ်။ စီးပွားရေးစီမံခန့်ခွဲမှု အားလုံးနဲ့ စနစ်တကျ ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက မြန်မာပြည်သားတွေ ထွက်သွားရအောင် တွန်းအားပေးတာ၊ အခုလည်း ဆက်ဖြစ်နေတုန်းပဲ” ဟု သူက ဆိုသည်။
ဥပဒေက ရေရေရာရာမရှိလှဘဲ နိုင်ငံ့ပြင်ပတွင် နေထိုင်နေသူများ ကြိုတင်မဲထည့်ခွင့်ရရန် နိုင်ငံခြားရေးဝန်ကြီးဌာနက လုပ်ဆောင်ရမည်ဟုသာ ရေးသားထားသည်။
သန်းပေါင်းများစွာသော မြန််မာနိုင်ငံသားများ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ချ်၊ မလေးရှား၊ စင်္ကာပူ စသော အိမ်နီးချင်း နိုင်ငံများတွင် နေထိုင်လျက်ရှိကြသည်။ ထိုင်းတနိုင်ငံထဲတွင်ပင် အနည်းဆုံး မြန်မာ ၂ သန်း ရှိနေပြီး ရွှေ့ပြောင်းလုပ်သားဘဝဖြင့် နေထိုင်လျက်ရှိသည်။ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော စစ်ပွဲများမှ တိမ်းရှောင်ထွက်ပြေးလာသူများဖြစ်သည့် မြန်မာနယ်စပ်တလျှောက်ရှိ စခန်းများတွင် နေထိုင်နေသော ဒုက္ခသည် ၁ သိန်းခွဲခန့်လည်း ရှိနေသေးသည်။
ထိုင်းနိုင်ငံတွင် “နိုင်ငံသားစီစစ်ခြင်း” ပြီးစီးသော မြန်မာအလုပ်သမား ဦးရေမှာ ၄၅ဝဝဝ ခန့်သာရှိပြီး၊ လျှောက်ထားဆဲများမှာ ရ သိန်းကျော် ခန့်ရှိသည်ဟု အဖွဲ့မှ ရွှေ့ပြောင်းလုပ်သားများအတွက် တရားမျှတမှုရရှိရေး အစီအစဉ်မှ မစ္စတာ အန်ဒီဟောလ်က မဇ္စျိမကို ပြောသည်။
အိန္ဒိိယနိုင်ငံ မီဇိုရမ်ပြည်နယ် တခုထဲတွင်ပင် မြန်မာပြည်ဘက်မှ တရားမဝင် ဝင်ရောက်နေထိုင်နေသူ ၅ သောင်းခန့် ရှိနေသလို၊ မလေးရှားတွင် မြန်မာလုပ်သား ၁ သိန်းခွဲကျော် တရားဝင် အလုပ်လုပ်နေသည်။ တရားမဝင် အရေအတွက်က ထိုဦးရေထက်ပင် ပိုဦးမည်ဟု ခန့်မှန်းထားကြသည်။
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေအရ (အောက်လွှတ်တော်အတွက်) ရွေးချယ်ခံလိုသူတဦးသည် တိုင်းပြည်အတွင်း အနည်းဆုံး ၁ဝ နှစ်ဆက်တိုက် နေထိုင်သူဖြစ်ရမည်။
၁၉၈၈ ခုနှစ် လူထုအုံကြွမှု ဖြစ်ပွားပြီးနောက် ထောင်ပေါင်းများစွာသော ဒီမိုကရေစီလိုလားသူ တက်ကြွလှုပ်ရှားသူများ မြန်မာပြည်ကို စွန့်ခွာခဲ့ကြသည်။
ဥပဒေအသစ်က အောက်လွှတ်တော်တွင် ကိုယ်စားလှယ် ဦးရေ ၄၄ဝ ရှိသည့်အနက် စစ်တပ်ကို ၁၁ဝ ဦး နေရာပေးအပ်ထားသည်။ ထို့ပြင် ကာကွယ်ရေးဦးစီးချုပ်က စစ်သားကိုယ်စားလှယ်များကို ရွေးချယ်မည်ဖြစ်ပြိီး၊ ကော်မရှင်က လက်မခံလိုသူဖြစ်လျှင် ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းရမည်သာ ဖြစ်သည်။
တိုင်းရင်းသား လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ (အထက်လွှတ်တော်အတွက်) အရ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုကို ကိုယ်စားပြုသော ကိုယ်စားလှယ်များ ပါဝင်သော လွှတ်တော်တွင် ၂၂၄ ဦး ရှိသည့်အနက် တပ်မတော်က ၅၆ နေရာ ယူထားသည်။
တချိန်တည်းမှာပင် စစ်အစိုးရအနေဖြင့် ရွေးကောက်ပွဲ ပျက်ပြားအောင် ပြုလုပ်သူနှင့် ပျက်ပြားစေရန် ပြောဆိုရေးသားသူ၊ မဲပေးခြင်းကို ဆန့်ကျင်ဆန္ဒပြမှုများကို ဖြိုခွင်းရန် ပြင်ဆင်ထားပြီး ကျူးလွန်သူကို ထောင်ဒဏ် ၁ နှစ် သို့မဟုတ် ငွေဒဏ် ကျပ် ၁ သိန်း သို့မဟုတ် နှစ်မျိုးစလုံး အပြစ်ပေးမည်ဟု ပါရှိသည်။
”ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ အခြေအနေကို တိုးတက်လာမှာ မဟုတ်ဘူးဆိုတာ ဒီရွေးကောက်ပွဲ ဥပဒေက ရှင်းရှင်းကြီးကို ပြနေတယ်” ဟု ဒယ်ဘီ စတော့ဟက်က ပြောသည်။
သူက ဆက်ပြီး ”ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ဒီအခြေအနေမှာ ပြန်ပို့ရင် မလုံခြံုဘူးဆိုတာကို နိုင်ငံတကာ အသို်င်းအဝိုင်းအနေနဲ့ နားလည်ဖို့ လိုတယ်” ဟု ပြောသည်။
၁၉၆၂ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသား ဦးရေ အနည်းဆုံး ၅ သန်းခန့်သည် ကမ္ဘာတဝှန်း ပြန့်နှံ့ရောက်ရှိသွားသည်။ ၂ဝဝ၈ ခုနှစ် စာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေ ၅၅ သန်းအနက် မဲပေးနိုင်ခွင့် ရှိသူမှာ ၂၈ သန်းနီးပါး ရှိသည်။
နယ်စပ်နှင့် ပြည်တွင်းတွင် လုပ်ကိုင်နေသော လူ့အခွင့်အရေးအဖွဲ့များ ခန့်မှန်းထားချက်အရ ပြည်တွင်း ရွှေ့ပြောင်းနေထိုင်ရသူများလည်း ရှိသေးသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုပေးရန် အကြိမ်ကြိမ် တောင်းဆိုသော်လည်း စစ်အစိုးရက ယခုအခါ ၁၉၉ဝ ရလဒ်ကို တရားဝင် ပယ်ဖျက်လိုက်သည်။ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေက ယခုလ ၉ ရက်နေ့မှ စတင်၍ ၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ကြောင်း ရှင်းလင်းစွာ ရေးသားဖော်ပြထားသည်။
စစ်အစိုးရက မည်သည့်အချိန်တွင် ရွေးကောက်ပွဲ ကျင်းပမည်ကို မကြေညာသေးသော်လည်း ယခုနှစ် အောက်တိုဘာလ ၁ဝ ရက်နေ့တွင် ကျင်းပမည်ဟု ပြည်တွင်း ပြည်ပတွင် ပြောဆိုမှုများ ရှိနေသည်။