ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေး ပါတီတရပ်တွင် ပါတီဝင် မဖြစ်နိုင်ရုံသာမက တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက် အရွေးခံခွင့် မပြုသည်မှာ ပိုမို ထင်ရှားသွားပြီ ဖြစ်သည်။
ယခုလ ၈ ရက်နေ့ နေ့စွဲတပ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုး ထုတ်ပြန်ထားသော ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေအရ ထောင်ဒဏ် ကျခံနေရသူဖြစ်လျှင် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံ၍ မရဟု ဆိုထားသည်။
ယနေ့ထုတ် နိုင်ငံပို်င် သတင်းစာများတွင် စာမျက်နှာ ၈ မျက်နှာစီရှိ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေများ ဖော်ပြထားသည်။
အတိုက်အခံ ခေါင်းဆောင်သည် နေအိမ်ထဲသို့ ရေကူးခိုးဝင်သော အမေရိကန် နိုင်ငံသားကို ခေတ္တခိုလှုံခွင့်ပေး၍ ပြီးခဲ့သည့်နှစ် သြဂုတ်လ ၁၁ ရက်နေ့တွင် ထောင်ဒဏ် ၃ နှစ် ချခံခဲ့ရပြီး၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကြားဝင်ဆုံးဖြတ်ပေး၍ ၁၈ လပြစ်ဒဏ်ကို နေအိမ်တွင် ချုပ်နှောင်ခြင်း ခံထားရသူဖြစ်ကာ ယနေ့ဆိုလျှင် ရ လပြည့်မြောက်ပြီဖြစ်သည်။
နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသော အသက် ၂၅ နှစ် ပြည့်ပြီးသူဖြစ်လျှင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံခွင့် ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ခင်ပွန်းမှာ ဗြိတိန်နိုင်ငံသားဖြစ်ပြီး ကွယ်လွန်သွားပြီဖြစ်သည်။ သူမ၏ သားနှစ်ဦးမှာ ပြည်ပတွင် နေထိုင်လျက်ရှိသည်။
“ဒီဥပဒေ အတိုင်းသာ ဆက်သွားမယ်ဆိုလို့ရှိရင်၊ ဒေါ်အောင်ဆန်းစုကြည်မှ မဟုတ်ဘူး၊ ဒီမိုကရေစီအရေးကို လှုပ်ရှားနေတဲ့ ပုဂ္ဂိုလ်တွေ ဝင်လို့မရဘူး။ တိုင်းရင်းသားပုဂ္ဂိုလ်တွေ ဝင်လို့မရဘူး” ဟု ပြည်ပအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ ဥက္ကဋ္ဌ ဦးသိန်းဦးက ပြောသည်။
မြန်မာနိုင်ငံ ရှေ့နေများကောင်စီကို စစ်အစိုးရက မတရားအသင်းအဖြစ် ကြေညာထားသည်။
ဥပဒေက နိုင်ငံခြား တိုင်းပြည်တခုခု၏ အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြား အဖွဲ့အစည်းတခုခု သို့မဟုတ် ပုဂ္ဂိုလ်တဦးဦးထံမှ ငွေကြေး၊ မြေ၊ အိမ်ယာ၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်း စသည်တို့ကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ အထောက်အပံ့ ရယူသုံးစွဲသူကို လွှတ်တော်ကိုယ်စားလှယ် မဖြစ်ထိုက်ဟုဆိုသော စကားရပ် ပါရှိသည်။
အရပ်သားများအတွက် ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ်ကို ၃၃ဝ နေရာအထိသာ ကန့်သတ်ထားပြီး၊ မြို့နယ်များပိုလျှင် နီးစပ်ရာ မြို့နယ်နှင့် ပူးပေါင်း၍ မဲဆန္ဒနယ်လုပ်ရန် ညွှန်ကြားထားသည်။ မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၂၅ မြို့နယ်ရှိသည်ဟု ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ စာအုပ်က ဖော်ပြထားသည်။
ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ် ၄၄ဝ ဦး ရှိရမှာဖြစ်သော်လည်း တပ်မတော်များက အလိုအလျောက် ၁၁ဝ နေရာကို ရယူပြီးဖြစ်သည်။
ဤဥပဒေက ယာယီမှတ်ပုံတင် ကိုင်ဆောင်ထားသူများကိုလည်း မဲပေးခွင့်ပြုထားသည်။
စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်ရှိ ကော်မရှင်အဖွဲ့ခွဲကို သီးခြားထားပြီး လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် အရွေးခံလိုသူသည် မိမိသက်ဆိုင်ရာ ဒေသကော်မရှင် သာမက နေပြည်တော် ကော်မရှင် အဖွဲ့ခွဲသို့ပါ လျှောက်လွှာတင်ရမှာ ဖြစ်သည်။
တပ်မတော်သား ကိုယ်စားလှယ်နှင့် ပတ်သက်၍ ကာကွယ်ရေးဦးစီးချုပ်က တင်သွင်းသော တပ်မတော်သား ကိုယ်စားလှယ်စာရင်းတွင် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပြဋ္ဌာန်းချက်နှင့် ငြိစွန်း၍ ကော်မရှင်က ပယ်ချပို်င်ခွင့်ဟူ၍ မပေးထားဘဲ ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရန်သာ ညွှန်ကြားထားသည်။
မဲရုံများတွင် အစိုးရဝန်ထမ်းများကို မဲရုံမှူးအဖြစ် ခန့်အပ်ရမည်ဟု ဥပဒေတွင် ပါရှိသည်။
မဲရုံများကို နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိသာ ဖွင့်လှစ်မဲပေးခွင့် သတ်မှတ်ထားသော်လည်း မဲပေးမည့်သူများ မဲရုံပရဝဏ်အတွင်း ရှိနေသေးလျှင် လူကုန်သည်အထိ မဲရုံဖွင့်ရန် သတ်မှတ်ထားသည်။
ကြိုတင်ဆန္ဒမဲပေးခွင့် ပြုထားပြီး ပြည်ပရောက်နေသူ မဲပေးခွင့်ရှိသူ မြန်မာနိုင်ငံသားများအတွက် နို်င်ငံရေးခြားဝန်ကြီးဌာနများက လုပ်ဆောင်ရန် ဥပဒေက ညွှန်ကြားထားသည်။
ထိုင်းနိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံများတွင် မြန်မာအများအပြား ရွှေ့့ပြောင်းလုပ်ကိုင်နေကြရာ ထိုင်းတနိုင်ငံထဲတွင်ပင် အနည်းဆုံး ဦးရေ ၂ သန်း အနည်းဆုံး ရှိမည်ဟု ခန့်မှန်းထားကြသည်။
ထိုင်းနှင့် မြန်မာတို့ ပူးပေါင်း၍ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ နိုင်ငံသားစိစစ်မှု ပြုလုပ်လျက်ရှိရာ ယခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့အထိ ၁၉ဝဝဝ နီးပါးသာ မြန်မာနိုင်ငံသားအဖြစ် စိစစ်အတည်ပြုပေးနိုင်ခဲ့သေးသည်။
ထို့အပြင် ထိုင်း-မြန်မာ နယ်စပ်တလျောက် ဒုက္ခသည်စခန်းများတွင် မြန်မာနိုင်ငံသား စစ်ဘေးဒုက္ခသည် ၁၅ဝဝဝဝ ခန့် ရှိနေသည်။
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေအရ မဲရုံနှင့် ကိုက် ၅ဝဝ အကွာအတွင်း အသံချဲ့စက် အသုံးပြုခြင်း၊ အသံကို ကျယ်လောင်အောင်လုပ်ခြင်း အော်ဟစ်ဆူပူခြင်း ပြုလုပ်လျှင် ထောင်ဒဏ်တနှစ်အထိဖြစ်စေ၊ ကျပ်တသိန်းအထိ ငွေဒဏ်ဖြစ်စေ၊ နှစ်မျိုးစလုံးဖြစ်စေ အပြစ်ပေးရန် ပါရှိသည်။
ရွေးကောက်ပွဲကော်မရှင်နှင့် ပတ်သက်၍ ညွှန်ကြားထားရာတွင် လျှို့ဝှက်ဆန္ဒမဲပေးခြင်းကို ကူညီစောင့်ရှောက်ရန်၊ မဲမဆွယ် ဘက်မလိုက်ရန် ပါရှိသည်။ ပြည်ထောင်စုကော်မရှင် လူကြီးများကိုမူ စစ်အစိုးရက အတည်ပြုပေးရမှာဖြစ်ကြောင်း ကော်မရှင်ဥပဒေတွင် ပါရှိသည်။