ချင်းမိုင် ။ ။ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ မဝင်နိုင်ရန် ရွေးကောက်ပွဲဥပဒေ ထုတ်၍ တားဆီးလိုက်ခြင်းသည် လက်ခံနိုင်စရာ မရှိကြောင်း အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် Mr. Kurt Campbell က ပြောသည်။
“ကျနော်တို့ကတော့ သူပြန်လွတ်မြောက်ပြီး မြန်မာ့နိုင်ငံရေးမှာ အပြည့်အဝ ပါဝင်ခွင့်ပြုရမယ်ဆိုတဲ့ မူပေါ်မှာပဲ ဆက်ပြီး ရပ်သွားမှာပါ” ဟု အရှေ့တောင်အာရှ ခရီးစဉ် တစိတ်တပိုင်းဖြစ်သော မလေးရှားနိုင်ငံသို့ ရောက်ရှိနေစဉ် ယနေ့ သတင်းစာရှင်းပွဲ တခု၌ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
သတင်းစာများမှ ယနေ့ထုတ်ပြန်သည့် “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ” အခန်း ၁၊ ပုဒ်မ ၂ (ဌ) နှင့် အခန်း ၂၊ ပုဒ်မ ၄ အရ “ထောင်ဒဏ် ကျခံနေရသူ” ဖြစ်လျှင် နိုင်ငံရေးပါတီ တခု၌ပင် ပါဝင်ခွင့်မရှိဟု ဖော်ပြထားသဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် ယခုနှစ် ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရနိုင်တော့ခြင်း ဖြစ်သည်။
မစ္စတာကမ်းဘဲလ်နှင့် သူ၏ လက်ထောက် အာဆီယံရေးရာ သံတမန် စကော့ မာစီယယ် (Scot Marciel) တို့သည် ယခင်နှစ် နိုဝင်ဘာလအတွင်းက မြန်မာနိုင်ငံသို့ ၂ ရက်ကြာ ရောက်ရှိခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံများသာမက စစ်အစိုးရဝန်ကြီးချုပ် အပါအဝင် အရာရှိများအား တွေ့ဆုံ၍ နိုင်ငံရေးကိစ္စများ ဆွေးနွေးခဲ့သည်။
ယင်းမှအပြန် ဘန်ကောက်မြို့ သတင်းစာရှင်းပွဲ၌ ''ငြိမ်းချမ်းတည်ငြိမ်ပြီး ညီညွတ်သော နိုင်ငံကို တည်ဆောက်လိုလျှင် စစ်အစိုးရနှင့် နိုင်ငံရေးပါတီများ၊ လူနည်းစု တိုင်းရင်းသား အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရေးသည်သာ တခုတည်းသော လမ်းဖြစ်သည်'' ဟု စကော့ မာစီယယ်က ပြောခဲ့ သည်။
စစ်အစိုးရကမူ တွေ့ဆုံဆွေးနွေးရန် စိတ်ပါဝင်စားခြင်း မရှိဘဲ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ” ကိုလည်း ၂၀၀၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၃ နှင့် အညီ ပြဋ္ဌာန်းခြင်း ဖြစ်သည်ဟုပင် ဆိုသည်။
NLD ပါတီနှင့် အတိုက်အခံ တိုင်းရင်းသား နိုင်ငံရေးပါတီများကမူ ယင်းဖွဲ့စည်းပုံသည် ပြည်သူအများစု၏ ဆန္ဒနှင့် မညီဟုဆို၍ ပြန်လည်သုံးသပ်ရန် တောင်းဆိုနေကြသည်။
အခြေခံဥပဒေပါ ပုဒ်မ ၄၄၅ အရ စစ်အစိုးရအဆက်ဆက် ကျူးလွန်ခဲ့သည့် ပြစ်မှုများကို နောက်တက်မည့် အစိုးရက တရားစွဲနိုင်ခြင်း မရှိစေရန် တားမြစ်ထားခြင်း၊ မြန်မာပြည် နိုင်ငံရေးတွင် စစ်တပ်က ဦးဆောင်ရမည် ဆိုသည့် အခြေခံမူ၊ ပုဒ်မ ၅၉ အရ နိုင်ငံတော်သမ္မတသည် စစ်တပ်မှ အငြိမ်းစားသာ ဖြစ်ရမည်ဟု ဆိုထားခြင်း၊ ပုဒ်မ ၄၁၃ အရ သမ္မတအား လိုအပ်လျှင် စစ်တပ်က အာဏာသိမ်းခွင့် ပြုထားခြင်းတို့ကို ဥပမာအဖြစ် ထောက်ပြကြသည်။
“နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ” အခန်း ၂၊ ပုဒ်မ ၆ (ခွဲ) ဂ အရ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမည်ဟု ဝန်ခံချက်ရေးထိုးမှသာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ရမည် ဖြစ်သောကြောင့် မြန်မာ့နိုင်ငံရေးသည် အကျဉ်းအကျပ်ထဲ ရောက်သွားစေသည်ဟု လေ့လာနေသူများက သုံးသပ်ကြသည်။
ရွေးကောက်ပွဲဥပဒေ မထုတ်မီ ရက်ပိုင်းအလို၌ပင် ကုလအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ပေးပြီး ရွေးကောက်ပွဲတွင် ပါဝင်ခွင့် ပြုမှသာ ၂၀၁၀ ရွေးကောက်ပွဲကို အများလက်ခံနိုင်မည် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ စာပေးပို့ခဲ့သေးသည်။
မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများကို လေ့လာရန် ယခင်လက ရောက်ရှိခဲ့သည့် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးသံ မစ္စတာကွင်တားနားကလည်း နိုင်ငံတကာ အဆင့်မမီသော ၁၉၇၄ ခု ဥပဒေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားသည်မှာ တရားမျှတမှု မရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
သို့သော် စစ်အစိုးရကမူ “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ” အတွင်း၌ ၁၉၉၀ ခု ရွေးကောက်ပွဲကို ကျင်းပပေးခဲ့သည့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ - နဝတ ၏ ဥပဒေအမှတ် ၄/၈၈ အရ တည်ရှိနေသော နိုင်ငံရေးပါတီများ အနေဖြင့် တရားဝင် ဆက်လက်ရှင်သန်နိုင်ရန် ရွေးကောက်ပွဲ ကော်မရှင်အသစ်သို့ ယခုလ ၈ ရက်နေ့မှစ၍ ရက်ပေါင်း ၆၀ အတွင်း လျှောက်ထားရမည်ဟု ထည့်သွင်းလိုက်ပြီး NLD နှင့် တိုင်းရင်းသားပါတီများကို ရက်ကန့်သတ်ပေးလိုက်ပြီး ဖြစ်သည်။
သို့သော် နအဖ၏ ဥပဒေများအတွင်း၌ ရွေးကောက်ပွဲ ကော်မရှင်ဟောင်းကို ဖျက်သိမ်းလိုက်ကြောင်းသာ ပါဝင်ပြီး ကော်မရှင်အသစ်ကို မည်သည့်အချိန် ဖွဲ့စည်းမည်ကိုမူ ထည့်သွင်းထားခြင်း မတွေ့ရသောကြောင့် ရက်ပေါင်း ၆၀ မပြည့်မီ ဆက်သွယ်လိုလျှင်ပင် မည်သို့ ပြုလုပ်ရမည်မှာ ရှင်းလင်းမှု မရှိကြောင်း တက်ကြွလှုပ်ရှားသူများက ဝေဖန်နေကြသည်။