ကြံ့ဖွ့ံက တယ်လီဖုန်းချပေး

ကြံ့ဖွ့ံက တယ်လီဖုန်းချပေး
by -
ကျော်ခ
မော်လမြိုင်မြို့တွင် ကြံ့ခိုင်ဖွံဖြိုးရေးနှင့် ဆက်သွယ်ရေးတို့ ပူးပေါင်း၍ CDMA 800 MHz အထိုင်ဖုန်း တယ်လီဖုန်းသစ်များ ငှားရမ်းရန် စီစဉ်နေ ...

ချင်းမိုင် (မဇ္ဈိမ)။     ။ မော်လမြိုင်မြို့တွင် ကြံ့ခိုင်ဖွံဖြိုးရေးနှင့် ဆက်သွယ်ရေးတို့ ပူးပေါင်း၍ CDMA 800 MHz အထိုင်ဖုန်း တယ်လီဖုန်းသစ်များ ငှားရမ်းရန် စီစဉ်နေသည်။

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် တယ်လီဖုန်းလိုင်း ၁ဝဝဝ နှင့် ကျိုက်ထို၊ သထုံ မြို့များတွင် တယ်လီဖုန်းလိုင်း ၅ဝဝ ကို တလုံးလျှင်ကျပ် ၅သိန်းနှုန်းစီဖြင့် ထပ်မံငှားရမ်းပေးရန် လျောက်လွှာများ ခေါ်ယူနေခြင်းဖြစ်သည်။

ကြံ့ခိုင်ရေးများက သူတို့၏အသင်းဝင်များကို ဦးစားပေးသဘောဖြင့် လျှောက်လွှာတင်စေပြီး မြန်မာ့ ဆက်သွယ်ရေးကတော့ အများသိအောင် ကြေညာရောင်းချပေးမှာဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် တယ်လီဖုန်းဆက်သွယ်ရေးကို အစိုးရက ထိန်းချုပ်ထားပြီး အသုံးပြုလိုသူသည် ဆက်သွယ်ရေး ဝန်ကြီးဌာနသို့ လျောက်လွှာတင်ရသည်။ တယ်လီဖုန်းနှင့် လိုင်းကို ငှားရမ်းအသုံးပြုခွင့် ပေးခြင်းအဖြစ် သတ်မှတ်ထားပြီး အချိန်မရွေး ပြန်လည်ရုတ်သိမ်းနိုင်ခွင့်ကိုပါ ဝန်ကြီးဌာနသို့ ပေးအပ်ထားသည်။

မြန်မာ့ဆက်သွယ်ရေးနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးတို့၏ အကျိုးတူလုပ်ဆောင်မှုနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း အစောပိုင်းက ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် ရောင်းချပေးသော တယ်လီဖုန်း လိုင်းများအတွက်မူ ကြံ့ခိုင်ဖွံ့ဖြိုးရေးရန်ပုံငွေအတွက် မြန်မာ့ဆက်သွယ်ရေးက လွှဲပြောင်းစီမံခွင့် ပေးလိုက်ခြင်းဖြစ်သည်။ သို့သော် ကြံ့ဖွံ့က စစ်အစိုးရ၏လက်ရင်းလူယုံ စီးပွားရေးသမားတဦးဖြစ်သော ဦးတေဇပိုင်ဆိုင်သည့် Information Technology Central Services Co., Ltd သို့ လုပ်ပိုင်ခွင့်ကို ပြန်လည်လွှဲပြောင်းပေးလိုက်သည်။

ကြိုတင်ငွေပေးစနစ်အသုံးပြုရမည့် CDMA 800 MHz ဖုန်းများမှာ ဧရိယာအကန့်သတ်ရှိသည့်အတွက် နယ်ဝေးသို့ယူဆောင်အသုံးပြု၍ မရနိုင်သော အားနည်းချက်ကလည်း ရှိနေသည်။

သို့သော် တယ်လီဖုန်းအဝင်ခေါ်ဆိုခ အခမဲ့ဖြစ်ခြင်းက စွဲဆောင်မှုတခုဖြစ်နေသည်။ ဖုန်းလိုင်း၏ ပြည်တွင်းခေါ်ဆိုမှုတွင် မြို့တွင်း၊ နယ်ဝေးခွဲခြားထားခြင်း မရှိဘဲ အထွက်ခေါ်ဆိုမှု အားလုံးအတွက် တမိနစ်လျှင် ငွေကျပ် ၅ဝ သတ်မှတ်ထားပြီး  SMS တစောင်ပို့ပါက ၂၅ ကျပ် ကျသင့်မည်ဖြစ်သည်။ ပြည်ပသို့လည်း ဆက်သွယ်ခွင့် ပြုထားသည်။

ဖုန်းလိုင်းရရှိလိုသူသည် လျှောက်ရသည့် အကြောင်းရင်းကို လျောက်လွှာစာရွက်ပေါ်တွင် ရေးသားဖော်ပြရပြီး  မော်လမြိုင်ဆက်သွယ်ရေးရုံုးနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံုးများသို့ ပေးပို့ရသည်။ ဖုန်းသွယ်ခွင့်ရသူ ကံထူးရှင်ကို စာတိုက်မှတဆင့် စာဖြင့်ပေးပို့ အကြောင်းပြန်မှာဖြစ်သည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးအသိုင်းအဝိုင်းနှင့် ဆက်သွယ်ရေးဌာနသတင်းရပ်ကွက်တွင် ခွင့်ပြုမည့် တယ်လီဖုန်းလိုင်းအရေအတွက်ကို ပြောဆိုနေကြသော်လည်း နေပြည်တော်ရုံုးချုပ်၏ အတည်ပြုချက်လိုအပ်နေသေးသည်ဟု မော်လမြိုင်ရှိ ဆက်သွယ်ရေးရုံုးအရာရှိက မဇ္ဈိမကို ပြောသည်။

“ရုံးချုပ်ကချပေးမယ့်အပေါ်မှာမူတည်တာပေါ့။ မြို့နေလူထုသုံးတဲ့အခါမှာ သုံးနေရင်းနဲ့ ကြပ်သွားလား ဘာလား အဲဒီအနေအထားလေးတွေကို ချိန်ရမှာပေါ့။ စက်ပိုင်းဆိုင်ရာ လိုအပ်ချက်ဘာရှိလဲ။ ပြောလို့ဆိုလို့ အဆင်ပြေလား ဘာလား အဲဒီအပေါ်မှာမူတည်ပြီးတော့ နိုင်ရင် နိုင်သလို ချပေးမှာပေါ့နော်” သူက ပြောသည်။

မော်လမြိုင်မြို့နှင့် အနီးတဝိုက် အိမ်နီးချင်း ထိုင်းနိုင်ငံ ဆက်သွယ်ရေးစနစ်ကို အသုံးပြုနေသည့် တရားမဝင်တယ်လီဖုန်းအသုံးပြုမှုများရှိနေသည်ဟုလည်း ဆက်သွယ်ရေးအရာရှိက ပြောသည်။

တယ်လီဖုန်းချပေးခွင့်ကို အခွင့်ကောင်းယူ၍ ကြံ့ခိုင်ဖွံ့ဖြိုးရေးက ငွေအပိုတောင်းခံခြင်းများ ပြုလုပ်နေသည်ဟုလည်း ဒေသခံများက ပြောသည်။

“အမှန်က အစိုးရကထုတ်ပေးတာ ၅ သိန်းပဲ ဒါပေမယ့် သူတို့အဖွဲ့က သူတို့ရံပုံငွေအတွက်ဆိုပြီး ရ သိန်းနဲ့ ပြန်ယူတယ်။” ဟု မော်လမြိုင်မြို့နေသူတဦးက မဇ္စျိမကိုပြောသည်။