အန်အယ်ဒီက နာဂစ်သင့်ဒေသ သောက်ရေရရှိရန် ကူညီ

အန်အယ်ဒီက နာဂစ်သင့်ဒေသ သောက်ရေရရှိရန် ကူညီ
by -
မြင့်မောင်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နာဂစ်မုန်တိုင်းသင့် ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်ရှိ ကျေးရွာနှစ်ရွာသို့ သောက်ရေသန့် ရရှိရေးအတွက် ကျပ် ၂၃ သိန်း တန်ဖိုးရှိ ရေစစ်ကန်နှင့် ရေစက်များ ...

နယူးဒေလီ (မဇ္စျိမ) ။     ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နာဂစ်မုန်တိုင်းသင့် ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်ရှိ ကျေးရွာနှစ်ရွာသို့ သောက်ရေသန့် ရရှိရေးအတွက် ကျပ် ၂၃ သိန်း တန်ဖိုးရှိ ရေစစ်ကန်နှင့် ရေစက်များကို ယခုလ ၂ ရက်နေ့တွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

အထက်ဖိုးညိုနှင့်  ကနီကြီး ကျေးရွာတို့တွင် ဘိုကလေးမြို့နယ် အန်အယ်ဒီ စည်းအဖွဲ့ဝင်များက အဝီစိတွင်းများ တူးဖော်ရေးအတွက် ကြီးကြပ်ဆောင်ရွက်ခဲ့ပြီးနောက် အဆိုပါ အဝီစိတွင်းများ၌ အသုံးပြုရန် နောက်ဆက်တွဲ လိုအပ်သည်များကို သွားရောက်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

“ဖိုးညိုရွာမှာ တူးထားတဲ့ အဝီစိတွင်းနဲ့ ကနီကြီးရွာမှာ တူးထားတဲ့ အဝီစီတွင်း ၂ တွင်းကို ရေသန့်ကန် အလျား ၈ ပေ၊ အမြင့် ၄ ပေခွဲ ရှိတဲ့ ဂါလံ ၈ဝဝ လောက် ဆန့်တဲ့ ကန်တခု၊  ရေစစ်ကန်နဲ့ ရေစက်ရောကို ရပ်မိ၊ ရပ်ဖများကို သွားပြီး အပ်နှံတာပါ။ ဒီလ ၂ ရက်နေ့က ဖိုးညို ကျေးရွာက ကျောင်းထိုင်ဆရာတော်နဲ့ ရပ်မိ၊ ရပ်ဖတွေကို ဖိတ်ပြီး ကျေးရွာဘုန်းကြီးကျောင်းမှာ အပ်နှံခဲ့တာပါ” ဟု အဖွဲ့ချုပ် နာဂစ်ကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအုန်းကြိုင်က မဇ္စျိမကို ပြောသည်။

“ဒီတွင်းရဲ့ ရေကို ဓာတုဗေဒ ကျွမ်းကျင်တဲ့သူတွေနဲ့ စစ်ဆေးကြည့်တဲ့အခါ ဒီတွင်းဟာ သောက်သုံးရေအတွက် သုံးနိုင်ကြောင်း ထောက်ခံချက်၊ အာမခံချက်တွေကို တပါထဲ  ဆရာတော်နဲ့ ရပ်မိ၊ ရပ်ဖများကို ပေးအပ်ခဲ့တယ်” ဟု သူက ဆက်ပြောသည်။

အထက်ဖိုးညိုတွင် အိမ်ခြေ ၃ဝဝ ကျော်၌ လူဦးရေ ၁၈ဝဝ နှင့် ကနီကြီးတွင် အိမ်ခြေ ၂ဝဝ ကျော်၌ လူဦးရေ ၁ဝဝဝ ကျော် နေထိုင်ကာ အန်အယ်ဒီက တူးဖော်ပေးသည့် အဝီစိ သောက်ရေတွင်းများကို သုံးစွဲကြမည်ဖြစ်သည်။

ကနီကြီးရွာရှိ အဝီစီတွင်း အခြေအနေနှင့် ပတ်သက်ပြီး နာဂစ်ကူညီရေးအဖွဲ့ အတွင်းရေးမှူး ဒေါက်တာဝင်းနိုင်က “ကနီကြီးရွာက အဝီစိတွင်းက သောက်ရေသန့် အဆင့်မီတယ်။ ရေက ကြည်လည်း ကြည်တယ်။ အရသာလည်း ကောင်းတယ်။ ဓာတုဗေဒ စစ်ဆေးတွေ့ရှိချက်အရ အရောအနှောမရှိဘဲ ရေသန့်အဆင့်မီတဲ့ အဝီစိတွင်းတတွင်း ဖြစ်နေတယ်” ဟု ပြောသည်။

မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် အဆိုပါ ကျေးရွာနှစ်ရွာရှိ ရွာဦးဘုန်းကြီးကျောင်းများအတွက် အဖွဲ့ချုပ် နာဂစ်ကူညီရေးအဖွဲ့က တကျောင်းလျှင်  မတည်ငွေအဖြစ် ကျပ် ၅ သောင်းစီလည်း လှူဒါန်းခဲ့သေးသည်။  

၂ဝဝ၈ ခုနှစ် မေလ ၂-၃ ရက်နေ့များတွင် ရန်ကုန်နှင့် ဧရာဝတီတိုင်းကို တိုက်ခတ်သွားခဲ့သော နာဂစ် ဆိုင်ကလုံး မုန်တိုင်းကြောင့် လူပေါင်း ၁ သိန်း ၄ သောင်းခန့် သေကြေပျောက်ဆုံးခဲ့ရပြီး လူပေါင်း ၂ ဒဿမ ၄ သန်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

ထိုနှစ် မေလအတွင်း စတင်ခဲ့သော ကယ်ဆယ်ရေး လုပ်ငန်းများကို အောက်တိုဘာလတွင် ပြန်ကြားရေး အဖွဲ့ဝင်နှင့် နာဂစ်ကယ်ဆယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအုန်းကြိုင် ဖမ်းဆီးခံရခြင်း၊ အလှူငွေ ပြတ်လပ်ခြင်းကြောင့် လုပ်ငန်းများ ရပ်တန့်ခဲ့ရပြီးနောက် ၁၃ လအကြာတွင် ယခု အကူအညီပေးရေး လုပ်ငန်းကို အန်အယ်ဒီက ပြန်လည်စတင်နိုင်ခြင်း ဖြစ်သည်။

မုန်တိုင်းအပြီး ၆ လခန့်အတွင်း ဧရာဝတီတိုင်း ဘိုကလေး၊ လပွတ္တာ၊ မော်လမြိုင်ကျွန်းစသည့် ဒေသများတွင် အန်အယ်ဒီက ငွေကြေး၊ အဝတ်အစား၊ ဆီ၊ ဖိနပ်၊ မိုးကာဖျင်နှင့် ဆေးဝါးများကို မုန်တိုင်းသင့်များကို ကူညီခဲ့ပြီး ရေငန်ဝင်သဖြင့် ပျက်စီးခဲ့ရသော မိုးရေခံသည့် သောက်ရေကန် ၁ဝဝ ခန့်ကိုလည်း ဆယ်ယူပြုပြင်ပေးခဲ့သည်။

စစ်အစိုးရက အတိုက်အခံပါတီ အန်အယ်ဒီသာမက အခြား လူမှုအဖွဲ့အစည်းအချို့နှင့် လူပုဂ္ဂိုလ်များ၏ ကူညီရေး လုပ်ငန်းများကို တားဆီးမှု၊ ဖမ်းဆီးအရေးယူများ ပြုလုပ်ခဲ့သော်လည်း ၎င်းတို့နှင့် နီးစပ်သည့် အဖွဲ့အစည်းများကိုမူ လွတ်လပ်စွာ သွားလာလှူဒါန်းခွင့်များ ပေးခဲ့သည်။

သွားရောက်လှူဒါန်းသည့် ယခုခရီးစဉ်တွင် အဖွဲ့ ဥက္ကဋ္ဌ ဦးအုန်းကြိုင်၊ အတွင်းရေးမှူး ဒေါက်တာဝင်းနိုင်၊ အဖွဲ့ဝင်များ ဖြစ်သည့် ဒေါ်မေဝင်းမြင့်၊ ဦးကြည်ဝင်း၊ ဒေါ်လဲ့ဲလဲ့၊ ဒေါ်မြင့်မြင့်စိန်၊ စာရင်းစစ် ဒေါ်အေးအေးမာ၊ ဘိုကလေး မြို့နယ် စည်းရုံးရေးမှူး ဦးခင်မောင်တင့်၊ စည်းအဖွဲ့ဝင် ကိုဝင်းဝင်၊ မြို့နယ် တောင်သူလယ်သမားရေး အဖွဲ့ဝင် ဒေါ်ခင်လေးတို့ လိုက်ပါခဲ့သည်။

၎င်းတို့ခရီးစဉ်အတွင်း အာဏာပိုင်များဘက်က တစုံတရာ ဟန့်တားနှောင့်ယှက်ခြင်း မရှိခဲ့ကြောင်း သိရသည်။