ထိုင်း-မြန်မာ ကုန်သွယ်ရေးဇုံ အသစ် ဖွင့်လှစ်မည်

ထိုင်း-မြန်မာ ကုန်သွယ်ရေးဇုံ အသစ် ဖွင့်လှစ်မည်
by -
စိုင်းဇွမ်ဆိုင်း
ထိုင်း၊ မြန်မာ နယ်စပ်တခုဖြစ်သော မယ်ဟောင်ဆောင်ခရိုင်တွင် ကုန်သွယ်ရေး ဇုံအသစ်တခု ဖွင့်လှစ်မည် ဟု ချင်းမိုင်ကုန်သည်ကြီးများအသင်းမှ သိရသည်။ ...

ချင်းမိုင် (မဇ္စျိမ) ။     ။ ထိုင်း၊ မြန်မာ နယ်စပ်တခုဖြစ်သော မယ်ဟောင်ဆောင်ခရိုင်တွင် ကုန်သွယ်ရေး ဇုံအသစ်တခု ဖွင့်လှစ်မည် ဟု ချင်းမိုင်ကုန်သည်ကြီးများအသင်းမှ သိရသည်။

“အစိုးရအိမ်တော်မှာ ဝန်ကြီးများ အစည်းအဝေးတရပ် ကျင်းပခဲ့ပြီးတော့ ခွန်ရုံးနဲ့ ၈ဝ ကီလိုမီတာဝေးတဲ့ ဟွေတွန်နွန်း ဆိုတဲ့နေရာမှာ ကုန်သွယ်ရေးဇုန်အသစ်တခု တည်ဆောက်ဖို့ သဘောတူခဲ့ကြပါတယ်” ဟု ချင်းမိုင်ကုန်သည်ကြီးများအသင်း ဥက္ကဌ မစ္စတာ နာရောင် ခွန်ပရာဆတ် က မဇ္စျိမသို့ ပြောသွားသည်။

ယင်း ကုန်သွယ်စခန်းသည် ကုန်းကြောင်း ကုန်သွယ်မှုအပြင် လေကြောင်းဖြင့်ပါ ထိုင်းနိုင်ငံနှင့် မြန်မာ နိုင်ငံကို ကုန်သွယ်မှုပေးမည်ဖြစ်သည်။ လေကြောင်းကုန်သွယ်မှုအတွက်ကိုမူ ဦးတေဇ၏ Air Bagan လေကြောင်းလိုင်းမှ ပူးပေါင်းပါဝင်မည်ဖြစ်သည်ဟု ဆိုသည်။

မစ္စတာ နာရောင် ခွန်ပရာဆတ်က “လေကြောင်း ကုန်သွယ်မှုကို ပထမဆုံး စတင်မှာဖြစ်ပြီးတော့ Air Bagan လေကြောင်းလိုင်းက ပူးပေါင်းပါဝင် ပါလိမ့်မယ်။ ကုန်းလမ်းအတွက်ကိုတော့ ဒီ ၂ဝ၁ဝ နှစ်ကုန် ပိုင်းမှာ ပျဉ်းမနားထိကို ကုန်စည်စီးဆင်းမှုအတွက် ကားလမ်း ဖောက်လုပ်ပါမယ်” ဟု ဆက်ပြောသည်။

အဆိုပါ ကားလမ်းသည် မယ်ဟောင်ဆောင်ခရိုင်မှတဆင့် လွိုင်ကော်၊ နေပြည်တော်၊ တောင်ကြီးနှင့် တောင်ငူ၊ ပြည်၊ သံတွဲ တို့ကို ဆက်သွယ် ဖောက်လုပ်ပေးမည်ဖြစ်သည်။

မြန်မာနှင့်ထိုင်းနိုင်ငံကြား နယ်စပ်ကုန်သွယ်ရေးစခန်းများ ပိုမိုဖွင့်လှစ်ရန်၊ တရားမဝင် ကုန်သွယ်လမ်း ကြောင်းများ ပပျောက်စေရန်၊ နယ်စပ်ဒေသများ တည်ငြိမ်ရန်၊ လမ်းပန်းဆက်သွယ်ရေး ဖွ့ံဖြိုးတိုးတက်ပြီး ခရီးသွားလုပ်ငန်းများ ဖွ့ံဖြိုးရန် ရည်ရွယ်ကြောင်း မြန်မာနိုင်ငံ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

ကုန်သွယ်ရေးဇုံအသစ်တည်ဆောက်မည့် နေရာသည် မြန်မာနိုင်ငံမှ တိုင်းရင်းသားလက်နက်ကိုင် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP လှုပ်ရှားနေသော နယ်မြေတခုဖြစ်သည်။

ကရင်နီ အမျိုးသား တိုးတက်ရေးပါတီမှ အတွင်းရေးမှုး ၁ ခူးဦးရယ်ကမူ ယခင်ကလည်း ကုန်သွယ်ရေးဇုန် တည်ဆောက် မည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့ဖူးကြောင်း၊ သို့သော် တကြိမ်မျှ အကောင်အထည် မပေါ်ခဲ့ကြောင်း ပြောသွားသည်။

“ကုန်သွယ်ရေးလမ်းကြောင်း၊ သွားလာရေးလမ်းကြောင်းကလဲ အဲဒီလောက်ကြီး အဆင်ပြေတဲ့ နေရာမျိုး မဟုတ်ဘူးလေ။ ဒါပေမယ့် တနိုင်တပိုင် ရောင်းဝယ်တာမျိုးတွေတော့ ရှိတာပေါ့။ ကုန်သွယ်ရေးဇုန်ဆိုတဲ့ အဆင့်ရောက်ဖို့တော့ အများကြီးလိုဦးမှာပါ” ဟု သူက မဇ္စျိမကို ပြောသည်။

သူကပင် ဆက်လက်၍ ယခုလိုမျိုး ကုန်သွယ်ရေးဇုန် တည်ဆောက်ခြင်းသည် ဒေသအတွင်းမှ လက်နက် ကိုင် အဖွဲ့များအား တနည်းတဖုံနှင့် ထိန်းချုပ်လိုက်ခြင်း ဖြစ်သည်ဟု ဆက်လက် ပြောသွားသည်။

“ကျနော့်အမြင်ကတော့ အဲဒီမှာ ကုန်သွယ်ရေးဇုန်လုပ်တာဟာ လက်နက်ကိုင်အဖွဲ့တွေကို တနည်း တလမ်းနဲ့ ထိန်းချုပ်လိုက်တဲ့ သဘောပဲဗျ။ အဲဒါက ရာနှုန်းပြည့်မဟုတ်ရင်တောင်မှ ငါးဆယ်ရာခိုင်နှုန်းတော့ ပါဝင်ပါတယ်” ဟု ခူးဦးရယ်က ပြောသည်။

မြန်မာအရေး လေ့လာနေသူ အောင်သူငြိမ်းက မယ်ဟောင်ဆောင်ဒေသသည် ကုန်းတွင်းပိတ်ဒေသ တခုပုံစံ ဖြစ်နေသဖြင့် ကုန်သွယ်မှုတိုးမြှင့်ရန် ထိုင်းအစိုးရက ယခုလို စီစဉ်ခြင်းဖြစ်နိုင်သည်ဟု သူ၏ အမြင် ကို ပြောသွားသည်။

မယ်ဟောင်ဆောင်ဒေသမှတဆင့် မြန်မာနိုင်ငံသို့ တဆင့် အဝတ်အထည်၊ ဖိနပ်၊ ကော်ဖီဖျော်စက်များ တင်ပို့နေသော်လည်း တရားမဝင်လမ်းကြောင်းကို အသုံးများသဖြင့် သွင်းကုန်၊ ထုတ်ကုန် တန်ဖိုးများကို တွက်ချက်၍မရကြောင်း ချင်းမိုင်ကုန်သည်ကြီးများအသင်း ဥက္ကဌ ထံမှ သိရသည်။

သို့သော် ကုန်သွယ်ရေးဇုန်အသစ် တည်ဆောက်ပြီးပါက တရားဝင် နှစ်ဘက်ကုန်သွယ်မှု တန်ဘိုး ဘတ် သန်းတသောင်းကျော် ရရှိမယ်ဟု သူက ခန့်မှန်းသည်။

Most read this week