သိမ်ကြီးစျေး D ရုံ မီးလောင်

သိမ်ကြီးစျေး D ရုံ မီးလောင်
by -
မျိုးသိဏ်း
လသာမြို့နယ်ရှိ သိမ်ကြီးစျေး D ရုံတွင် မီးလောင်ကျွမ်းမှုတခု ယနေ့ညနေ ၆ နာရီ ၁၀ မိနစ်အချိန်က ဖြစ်ပွားခဲ့ပြီး လောင်ကျွမ်းချိန် မိနစ်လေးဆယ်ခန့်ရှိကြောင်း...

လသာမြို့နယ်ရှိ သိမ်ကြီးစျေး D ရုံတွင် မီးလောင်ကျွမ်းမှုတခု ယနေ့ညနေ ၆ နာရီ ၁၀ မိနစ်အချိန်က ဖြစ်ပွားခဲ့ပြီး လောင်ကျွမ်းချိန် မိနစ်လေးဆယ်ခန့်ရှိကြောင်း သိရသည်။

လသာမြို့နယ် ရွှေတိဂုံဘုရားလမ်းနှင့် ၂၄ လမ်းကြား အနော်ရထာလမ်းဘက်အခြမ်း သိမ်ကြီးစျေး D ရုံ၏ ပထမထပ်ရှိ စားသောက်ဆိုင်တန်းများမှ စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

အခင်းဖြစ်ပွားရာသို့ ရန်ကုန်တိုင်း ဗဟိုမီးသတ်တပ်ဖွဲ့နှင့် အခြားမြို့နယ်မီးသတ်တပ်ဖွဲ့များမှ စုစုပေါင်း မီးသတ်ယာဉ် (၉)စီး၊ ရေသယ်ယာဉ် (၄)စီး၊ ကွပ်ကဲမှုယာဉ်တစီးတို့ဖြင့် လာရောက်ငြိမ်းသတ်ခဲ့ရာ ည ၆ နာရီ ၅၀ မိနစ်အချိန်တွင် လုံးဝမီးငြိမ်းသွားခဲ့သည်။

မီးစတင်လောင်ကျွမ်းသည့် စားသောက်ဆိုင်မှာ " ဝမ်ဖု" တရုတ်စားသောက်ဆိုင်ဖြစ်ပြီး ဆိုင်တာဝန်ခံ အမည်မှာ ဦးလှမျိုး (ခ) ဦးဝန်ဆင်း ဖြစ်ကြောင်း သိရှိရသည်။

မီးလောင်မှုအား မီးဖိုမီးသုံးစွဲရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း မီးလောင်မှု စုံစမ်းစစ်ဆေးရေး အဖွဲ့မှ ဦးဆောင်အရာရှိက ဆိုသည်။ ဆုံးရှုံးနစ်နာမှု တန်ဖိုးကို ခန့်မှန်းပြောကြားရန်မူ ယင်းအရာရှိက ငြင်းဆိုသည်။

ဝိုင်းအုံကြည့်ရှုသူများမှာ အနော်ရထာ လမ်းမကြီး၊ ရွှေတိဂုံဘုရားလမ်း ဂုံးကျော်တံတား စသော နေရာများတွင် ပြည့်ကျပ်နေခဲ့သည်။

မီးသတ်တပ်ဖွဲ့မှ ယာဉ်အားလုံးမှာ အနော်ရထာ လမ်းမကြီးပေါ်တွင် နေရာယူပြီး ငြိမ်းသတ်ခဲ့ခြင်း ဖြစ်သည့်အပြင် ဝိုင်းအုံကြည့်ရှုနေသူ လူအများကြောင့် အနော်ရထာ လမ်းမကြီးအား မီးလောင်ကျွမ်းစဉ်မှ မီးငြိမ်းသတ်ပြီးသည်အထိ တနာရီနီးပါးမျှ ပိတ်ထားခဲ့ရသည်။

Most read this week