စစ်တပ်က ပစ်ခတ်သဖြင့် ကရင် ကျောင်းသားငယ် သေဆုံး

စစ်တပ်က ပစ်ခတ်သဖြင့် ကရင် ကျောင်းသားငယ် သေဆုံး
by -
ခိုင်စု
ကရင်ပြည်နယ်တွင်း ကျေးရွာတရွာရှိ မူလတန်းကျောင်းကို စစ်အစိုးရတပ်များက ယခုလ ၁၉ ရက်နေ့တွင် လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ကျောင်းသားတဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ကရင်ကျောင်းသားအဖွဲ့...

ကရင်ပြည်နယ်တွင်း ကျေးရွာတရွာရှိ မူလတန်းကျောင်းကို စစ်အစိုးရတပ်များက ယခုလ ၁၉ ရက်နေ့တွင် လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ကျောင်းသားတဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ကရင်ကျောင်းသားအဖွဲ့ အဆိုအရ သိရသည်။

နံနက် ၉ နာရီခန့်တွင် ဖာပွန်ခရိုင် ခေးပူကျေးနယ် တူထားရွာရှိ မူလတန်းကျောင်းသို့ နည်းဗျူဟာတပ်ဖွဲ့ စကခ ၂၁၊ ခြေမြန်တပ်ရင်း ခမရ ၃၈၇ တို့က လက်နက်ကြီး ကျည် ၁ လုံးဖြင့် ပစ်ခတ်လိုက်သဖြင့် ကလေးငယ် ၃ ဦး ဒဏ်ရာ ရရှိပြီးနောက် ၂၁ ရက်နေ့တွင် တဦး သေဆုံးသွားကြောင်း သိရခြင်း ဖြစ်သည်။

"၁၉ ရက်နေ့က လက်နက်ကြီးပစ်တော့ ကလေး ၃ ယောက် ဒဏ်ရာရတယ်။ အဲဒီထဲက  ၁၅ နှစ်အရွယ် စောရိုဘီမှူးက ၂၁ ရက်နေ့ မနက်မှာ ဒဏ်ရာပြင်းလို့ သေသွားတယ်" ဟု ကရင်ကျောင်းသားအဖွဲ့ ဒုဥက္ကဋ္ဌ ဒေါ်စာမှူးက မဇ္စျိမကို ပြောသည်။

ထိုင်းနယ်စပ်တွင် အခြေစိုက်ကာ ပြည်တွင်းစစ်ကြောင့် ထိခိုက်ဒဏ်ရာရသူများကို စောင့်ရှောက်နေသည့် Free Burma Ranger (FBR) အဖွဲ့ကလည်း ကရင် ကျောင်းသား တဦး သေဆုံးပြီး၊  ၂ ဦး ဒဏ်ရာ ရရှိသည့်အကြောင်းကို ယခုလ ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဒဏ်ရာရရှိထားသည့် အသက် ၈ နှစ်အရွယ် စောအယ်ကော်သောနှင့် စောစာကပရိုထူးတို့ကို FBR က ကုသပေးလျက်ရှိသည်။

တူးထားရွာတွင် လူဦးရေ ၃၅ဝ ခန့် နေထိုင်လျက်ရှိပြီး  အခင်းဖြစ်ပွားသည့် မူလတန်းကျောင်းတွင် ကျောင်းသား ၄၈ ဦး တက်ရောက်သင်ကြားနေကြောင်းနှင့် ပြီးခဲ့သည့် လဆန်းပိုင်းကလည်း မြန်မာစစ်တပ်က တူးထားရွာကိုပင် လက်နက်ကြီး ပစ်ခတ်ခဲ့ရာ ထိခိုက်ဒဏ်ရာ ရရှိသူ မရှိခဲ့ကြောင်း ဒေါ်စာမှူးက ပြောသည်။

လက်နက်ကြီး ပစ်ခတ်ခံထားရသဖြင့် ကျောင်းသူကျောင်းသားများမှာ ကျောင်းထဲတွင် စာသင်ကြားရန် ကြောက်ရွံ့နေသဖြင့် ရွာအနီးရှိ ချောင်းဘေးတွင် ယခုအခါ စာသင်နေရကြောင်း သိရသည်။

စစ်အစိုးရတပ်များက ပစ်ခတ်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် IDP ခေါ် နေရပ်စွန့်ခွာ ထွက်ပြေးသူများက ယခုကျောင်းလေးကို ဖွင့်လှစ်ထားခြင်း ဖြစ်သည်။

ကရင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ KNU ထိန်းချုပ်ထားသည့် နယ်မြေများကို စစ်တပ်ဖွဲ့များက လိုက်လံထိုးစစ်ဆင်သဖြင့် အပြစ်မဲ့ ဒေသခံများ နေရပ်ရင်း စွန့်ခွာထွက်ပြေးရမှု အများအပြား ရှိနေသည်။

လွန်ခဲ့သည့် ၁၅ နှစ်အတွင်း ကရင်ပြည်နယ်အတွင်းရှိ ကျေးရွာပေါင်း ၃၅ဝဝ မှာ အဆိုပါ ထိုးစစ်များကြောင့် ပျက်စီးခဲ့ရကြောင်း ဗြိတိန်အခြေစိုက် Burma Campaign (UK) ၏ ယခုလ ၂၄ ရက်နေ့ သတင်း ထုတ်ပြန်ချက်အရ သိရသည်။