ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း နတ်မြစ်ကမ်းတလျှောက်မှ ကျေးရွာများတွင် ဓားပြများရန်ကို ကာကွယ်ရန်အတွက် ယခုလ ၂ဝ ရက်နေ့မှစ၍ ရွာသားများကိုယ်တိုင် အလှည့်ကျ ကင်းစောင့်နေရကြောင်း သိရသည်။
တအိမ်လျှင် လူတဦးစီဖြင့် ၅ ဦးပါ ကင်းအဖွဲ့များသည် ညနေ ၆ နာရီမှ နံနက် ၆ နာရီထိ တာဝန်ယူရကာ ၂ ရက်ဆက်တိုက် ကင်းစောင့်ရပြီး မင်္သကာဖွယ် တွေ့ရှိပါက ရွာသားများကို တပ်လှန့်ပေးရခြင်း ဖြစ်သည်။
“ဘယ်သူကမှ တာဝန်ပေးလာတာတော့ မဟုတ်ဘူး။ အလုပ်အကိုင်က အဆင်မပြေရတဲ့ကြားထဲ ဓားပြတွေက သောင်းကျန်းတော့ သူတို့ဒဏ်ကို မခံနိုင်တော့ဘူး။ နစက ကိုလည်း အားကိုးလို့ မရဘူး။ ဓားပြတိုက်တယ်ဟေ့ ဆိုရင် သေနတ်ကို မိုးပေါ်ထောင်ပစ်တာနဲ့၊ အရက်မူးပြီး အိပ်နေတာနဲ့၊ နစက ဗိုလ်ကြီးဆီက ပစ်မိန့်မရလို့ ဆိုတာနဲ့ပဲ ဓားပြတွေကို မဖမ်းလိုက်နိုင်ဘူး” ဟု မောင်တောမြို့နယ် ပြူးမကျေးရွာမှ ယာအိမ််မှူး ကိုအောင်သန်းက မဇ္ဈိမကို ပြောသည်။
ဧည့်စာရင်းစစ်ကဲ့သို့ အယောင်ဆောင်လာသူများသည် ရွာသားများထံမှ ဓားပြတိုက်ခြင်းသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလမှ စတင်ခဲ့ပြီး ယခုနှစ်ဆန်းတွင် ပိုမိုများပြားလာကြောင်း ဒေသခံများက ဆိုသည်။
ဒေသအခြေစိုက် နယ်စပ်ဒေသ စစ်ဆေးရေးနှင့် ကွပ်ကဲရေးတပ် (နစက) များက ဓားပြရန်ကို တာဝန်ယူဖြေရှင်း မပေးရာမှ ပိုမိုအတင့်ရဲလာခြင်းဖြစ်ကြောင်း မောင်တောမြို့နယ် ငခူရကျေးရွာသား ကိုမောင်ခင်ဝင်းက ပြောသည်။
ယခုလ ၁၅ ရက်နေ့ နံနက် ၁ နာရီခွဲခန့်တွင် မောင်တောမြို့ အမှတ် ၅ ရပ်ကွက် ရယက ဥက္ကဋ္ဌ ၊ နစက နယ်မြေ ရ မြင်းလွတ်ရွာရှိ ဦးမာမတ်တော်ယုနှင့် ဇီးပြင်ချောင်းရွာရှိ ဆိုကီကာနိုအာလာမ် နေအိမ်တို့ ဓားပြတိုက်ခံရကြောင်း ရခိုင်သတင်းဌာန နိရိဥ္စာရာ သတင်းစာမျက်နှာတွင် ယခုလ ၂ဝ ရက်နေ့က ဖော်ပြခဲ့သည်။
မောင်တောမြို့နယ်ရှိ ကင်းစောင့်နေသော ကျေးရွာများတွင် နတ်မြစ်ကမ်းဘေးတလျှောက် ကပ်ပကောင်း၊ ငခူရ၊ ရွက်ညိုတောင်၊ စံပယ်ရင်း၊ သင်္ဘောလဟ၊ ရန်အောင်ပြင်၊ ကြိမ်းချောင်း၊ တမန်းသာ၊ မင်းကြီးရွာ၊ တောင်ပြို၊ လိပ်ရကုန်နှင့် ပြူးမကျေးရွာတို့လည်း ပါဝင်သည်။
ဓားပြတိုက်မှုများသည် ဘူးသီးတောင်မြို့နယ်၌ပါ ယခုတလော ဖြစ်ပွားနေပြီး မြို့နယ်တွင်းရှိ ငန်းချောင်းရွာတွင် ယခုလ ၂ဝ ရက်နေ့၊ တောင်ဘဇာရွာတွင် ၂၁ ရက်နေ့၊ အလယ်သံကျော်ရွာတွင် ၂၂ ရက်နေ့နှင့် မြင်လွတ်ရွာတွင် ၂၃ ရက်နေ့က ဧည့်စာရင်းစစ်များ အယောင်ဆောင်ကာ ဓားပြတိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။
ဓားပြများနှင့်ပတ်သက်၍ မောင်တောရဲစခန်းမှ ရဲဝန်ထမ်းတဦးက “ကျနော်တို့လည်း လက်လှမ်းမှီသလောက် စုံစမ်းပါတယ်။ ခက်နေတာ ဓားပြတွေက ဒီဘက်မှာနေတဲ့ လူတွေ မဟုတ်ဘူး။ ညကျရင် နတ်မြစ်ကနေ ခိုးဝင်လာတယ်။ တိုက်ပြီးရင် တဖက်နိုင်ငံကို ပြန်ပြေးသွားတယ်။ ဆိုတော့ ဒီပြဿနာက နှစ်နိုင်ငံနယ်စပ် အာဏာပိုင်တွေ ဖြေရှင်းမှရမယ့် ကိစ္စလို့ ထင်ပါတယ်” ဟု ပြောသည်။
နတ်မြစ်ကို ဖြတ်ကာ နှစ်နိုင်ငံအကြား သွားလာနေသူများပါ ဓားပြတိုက်ခံရပြီး၊ ဘင်္ဂလားဒေ့ချ် နယ်ခြားစောင့် တပ် BDR က လိုက်လံဖမ်းဆီးသည့်အခါ မြန်မာဘက်ရှိ ချောင်းကြိုချောင်းကြားများအတွင်း ဝင်ပြေးသဖြင့် လက်ရဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း ဘင်္ဂလားဒေ့ချ်နိုင်ငံ နယ်စပ်မြို့နယ် တက္ကနာအတွင်းရှိ မြစ်နားရွာတွင် တာဝန်ကျသည့် BDR တပ်သားတဦးက ပြောသည်။