အမျိုးသမီး ပြိုင်ကားလေးမောင်း ပြိုင်ပွဲ ကျင်းပမည်

အမျိုးသမီး ပြိုင်ကားလေးမောင်း ပြိုင်ပွဲ ကျင်းပမည်
by -
ဆလိုင်း ဟံသာစန်း
မြန်မာပြည်တွင် အမျိုးသမီးများ သီးသန့်ယှဉ်ပြိုင်မည့် ပထမဆုံးသော အပေါ့စား ပြိုင်ကားလေးမောင်း ပြိုင်ပွဲကို ရွှေပုံ့ပုံ့ ကုမ္ပဏီက ရန်ကုန်၌ လာမည့် ဧပြီလအတွင်း ကျင်းပ ...

နယူးဒေလီ (မဇ္စျိမ)။    ။ မြန်မာပြည်တွင် အမျိုးသမီးများ သီးသန့်ယှဉ်ပြိုင်မည့် ပထမဆုံးသော အပေါ့စား ပြိုင်ကားလေးမောင်း ပြိုင်ပွဲကို ရွှေပုံ့ပုံ့ ကုမ္ပဏီက ရန်ကုန်၌ လာမည့် ဧပြီလအတွင်း ကျင်းပသွားမည်။

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းတွင် ကုမ္ပဏီက ဖွင့်လှစ်ထားသည့် Galaxy Racing Karts Ground ပြိုင်ကားကွင်း၌ ကျင်းပရန် စီစဉ်နေခြင်းဖြစ်သည်။

“မိန်းကလေးတွေချည်းပဲ သီးသန့်ပြိုင်ပွဲလုပ်တယ်ဆိုတာက သူတို့က ယောက်ျားလေးတွေနဲ့ ယှဉ်မောင်းရင်တော့ မနိုင်နိုင်ဘူးလေ။ ဒါကြောင့် ပြိုင်ချင်တဲ့ အမျိုးသမီး ဝါသနာရှင်တွေချည်းပဲ သီးသန့်ပြိုင်ပွဲတရပ် လုပ်ပေးတာပါ” ဟု  ကုမ္ပဏီမှ တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။

လက်ရှိ စာရင်းပေးသွင်းသူ ရ ဦး ရှိပြီဖြစ်ကာ လာမည့်ဧပြီလ ဒုတိယပတ်အထိ နောက်ဆုံး စာရင်းပေးသွင်းရန် သတ်မှတ်ထားသည်။  

ဧပြီလအတွင်း ပြုလုပ်မည့် ပြိုင်ပွဲတွင် အမျိုးသားပြိုင်ပွဲများလည်း ပါဝင်မည်ဖြစ်ပြီး ကားမောင်းယှဉ်ပြိုင်လိုသူ အမျိုးသမီးများအတွက် သီးသန့်ယှဉ်ပြိုင်နိုင်ရန် ယခုလို စီစဉ်ရခြင်းဖြစ်ကြောင်း ပြိုင်ကားကွင်းမှ တာဝန်ရှိသူတဦးက ပြောသည်။

ပြိုင်ပွဲဝင်ကြေးကို အတိအကျ မသတ်မှတ်ရသေးဘဲ အမျိုးသားများ ပြိုင်ပွဲပြုလုပ်စဉ်က ဝင်ကြေး ကျပ် ရ သောင်းထက်တော့ လျော့ယူသွားမည်ဟု တာဝန်ရှိသူက ဆိုသည်။

ပထမဆုကို ကျပ် ၁၁ သိန်း၊ ဒုတိယဆု ကျပ် ၆ သိန်း၊ တတိယဆု ကျပ် ၃ သိန်းနှင့် နှစ်သိမ့်ဆု ၁ သိန်းစီ ၅ ဆု ချီးမြှင့်သွားမည်။

ကွင်းတွင် 2 Stroke နှင့် 4 Stroke ဟူ၍ ပြိုင်ကားအမျိုးအစား ၂ မျိုးရှိပြီး ယခုကျင်းပမည့် ပြိုင်ပွဲသည် 2 Stroke ကားပြိုင်ပွဲ ဖြစ်သည်။ ၆ ဒဿမ ၅ ဧက ကျယ်ဝန်းသည့် ကွင်းအတွင်း အခက်အခဲကွေ့ပေါင်း ၁ဝ ကွေ့ရှိပြီး ဝတ်စုံပြည့်ဖြင့် ကွင်းတပတ်ပြည့် မောင်းနှင်ယှဉ်ပြိုင်ကြရမည်။

မြန်နှုန်းနိမ့် ပြိုင်ကားတမျိုးဖြစ်သော ယခုပြိုင်ကားများကို ပုံစံကိုက်ချထားသော ကွင်းများအတွင်း ပြိုင်လေ့ရှိပြီး ယခုပြိုင်ကားများဖြင့် မောင်းနှင်သည့် အတွေ့အကြံုမှတဆင့် ပိုမိုမြန်၍ စျေးကြီးသော ပြိုင်ကားများ မောင်းနှင်မှုကို တက်လှမ်းလေ့ရှိသည်။

ပြိုင်ပွဲဝင်မည့်သူသည် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးမှူးချုပ်ရုံးမှ အသိအမှတ်ပြု ယာဉ်မောင်းလိုင်စင် ရရှိပြီးသည့် အသက် ၁၈ နှစ်အထက် ရှိသူ ဖြစ်ရပြီး၊ 2 Stroke ပြိုင်ကားကို အနည်းဆုံး မိနစ် ၃ဝ မောင်းနှင်ထားပြီးသူလည်း ဖြစ်ရမည်။

ပြိုင်ကားမောင်းနှင်ခမှာ ၁ဝ မိနစ်လျှင် Yamaha အမျိုးအစား 2 Stroke ပြိုင်ကား (တနာရီ ၁၂ဝ မိုင်) အတွက် ၁၄ဝဝဝ ကျပ်နှင့် Kawasaki အမျိုးအစား 4 Stroke ပြိုင်ကား (တနာရီ ၆ဝ မိုင်) အတွက် ၉ဝဝဝ ကျပ် ဖြစ်သည်။

“အခုက ဘယ်သူမဆို လာမောင်းရင် ၁ဝ ရာခိုင်နှုန်း လျှော့ယူပါတယ်။ ပြိုင်ပွဲနီးတဲ့အခါ ဒီ့ထက်ပိုပြီး လျှော့ယူသွားဖို့ အစီအစဉ် ရှိပါတယ်” ဟု သုဝဏ္ဏ ပြိုင်ကားကွင်းမှ တာဝန်ရှိသူတဦးက ပြောသည်။

ရန်ကုန်မြို့မှ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတဦးက “ဒါမျိုးက ငွေပေါတဲ့သူတွေ အပန်းဖြေတဲ့ အားကစားနည်းပါ။ ငွေပေါတဲ့ သူဋ္ဌေးသမီးတွေ မောင်းနိုင်မှာပေါ့။ သာမန် အပြင်မှာ အလုပ်လုပ်နေတဲ့ မိန်းကလေးတွေအတွက် ကားမောင်းဖို့ နေနေသာသာ တနေ့စာ တနေ့တောင် မနည်းရှာနေရတာမို့လား။ မြန်မာပြည်နဲ့တော့ မကိုက်ညီပါဘူး” ဟု ပြောသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၃ဝ ရက်နေ့တွင် ပြိုင်ကားသေးမောင်း ကွင်းကို စတင်ဖွင့်လှစ်ခဲ့ပြီး၊ မြန်မာပြည်တွင် တခုတည်းသော ကားပြိုင်ကွင်း ဖြစ်သည်။