ရခိုင်ပြည်နယ် ဘူးသီးတောင်ထောင် အတွင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားနှင့် ကိုဌေးကြွယ်တို့ တွေ့ဆုံမှုကို ထောက်လှမ်းရေးမှ ခိုးဝှက်ပြီး အသံဖမ်းထားလိုက်သည်ဟု အမည် မဖေါ်လိုသူ ထောင်အရာရှိ တဦးက ပြောသည်။
“ခုလို အသံဖမ်းတာကို မောင်တောက ရဲအထူးစုံစမ်း စစ်ဆေးရေး အဖွဲ့က ဒုရဲအုပ် အောင်ကျော်ဆန်းနဲ့ စရဖက အမည်မသိ ဗိုလ်ကြီး အဆင့်ရှိသူတဦးမှ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။”
သူတို့နှစ်ဦးအား ကင်တားနား ဘူးသီးတောင်ထောင်သို့ မရောက်ရှိမှီ ကတည်းက အရပ်ဝတ်ဖြင့် ထောင်ထဲသို့ သွင်းထားပြီး ခေတ်မှီ စက်ကရိယာများကို အသုံးပြုပြီး အသံဖမ်းခဲ့ခြင်း ဖြစ်သည်ဟု သူက ပြောသည်။
“ကင်တေးနား မလာမီ တနေ့ကတည်းက သူတို့နှစ်ယောက်ကို ထောင်သား အယောင်ဆောင်ပြီး ထောင်ထဲကို သွင်းထားပါတယ်။ ကင်တားနားနဲ့ ကိုယ်ဌေးကြွယ်တို့ စကားပြောမယ့် အခန်းထဲမှာ အသံဖမ်း စက်တွေကို သူတို့တပ်ထားတာ ဖြစ်ပါတယ်။” ဟု ထောင်အရာရှိက ပြောသည်။
ယခုကဲ့သို့ အသံဖမ်း မှတ်တမ်းတင်ရခြင်းမှာ နေပြည်တော်သို့ မောင်တောခရိုင် ထောက်လှမ်းရေးမှ ဆွေးနွေးသည့် အကြောင်းအရာကို တိုက်ရိုက် အစီရင်ခံရန် ညွှန်ကြားထားသည့် အတွက်ကြောင်း ဖြစ်သည်ဟု သူက ပြောသည်။
အဆိုပါ ထောင်အရာရှိက “ကင်တားနားက မနက် ၁၁ နာရီမှာ ဘူးသီးတောင် ထောင်ကို ရောက် ရှိလာပါတယ််။ ကိုဌေးကြွယ် အပြောအရ ဆိုရင် ကင်တားနားက သူ့ကို မိသားစုတွေ ထောင်ဝင်စာ လာတွေ့တဲ့ အခြေအနေရယ်။ ပီးတော့ စာအုပ်ဖတ်ခွင့်၊ ဆေးကုသခွင့်နဲ့ အစားအသောက် ရရှိမှု အခြေအနေတွေကို မေးသွားတယ်လို့ သိရပါတယ် ”ဟု ပြောသည်။
တခြား အထွေအထူးမေးသွားခြင်း မရှိဟုသိရသည်။
Buthidaung-prison285
“ဘူးသီးတောင်ထောင်ထဲမှာ ကိုဌေးကြွယ်အတွက် အစားအစာ အခြောက်တွေကိုတော့ ကျွန်တော်တို့ ပုံမှန် သွင်းခွင့် ပေးထားပါတယ်။ အဓိက အားဖြင့် သခွားသီးတို့လို အစာစိမ်းတွေ သွင်းခွင့်ကိုတော့ ပိတ်ပင်ထားပါတယ်။ ဒါကိုလည်း သူတို့ စကားပြာဖြစ်ခဲ့တယ်လို့ သိရပါတယ်။”
ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားသည် ဘူးသီးတောင်ထောင်ထဲတွင် ကိုဌေးကြွယ်၊ ဦးထွန်းညို၊ ဦးမြတ်ထွန်း၊ ကျော်မင်း အပါအဝင် နိုင်ငံရေး အကျဉ်းသားများနှင့်တွေ့ဆုံခဲ့ပြီး တခြား ငွေကြေးအလွဲသုံးစားမှုဖြင့် ထောင်ကျ ခံနေရသူများ နှင့်လည်း တွေ့ဆုံခဲ့သည်ဟု ထောင်တွင်းက လာသော သတင်းများအရ သိရသည်။
ကင်တားနားသည် ကိုဌေးကြွယ်နှင့် တွေ့ဆုံပြီးနောက် မျက်နှာ သိပ်မကောင်းဘဲ ထောင်ထဲကနေ ဘူးသီးတောင် သင်္ဘောဆိပ်သို့ တန်းပြန်သွားခဲ့သည်ဟု အဆိုပါ အရာရှိက ပြောသည်။