ဘာသာရေးဆိုင်ရာ ဘွဲ့တံဆိပ် ပေးအပ်ပွဲ ရက်ရွှေ့ဆိုင်း

ဘာသာရေးဆိုင်ရာ ဘွဲ့တံဆိပ် ပေးအပ်ပွဲ ရက်ရွှေ့ဆိုင်း
by -
ခိုင်စု
စစ်အစိုးရက ယခုလ ၂၇ ရက်နေ့တွင် ချီးမြှင့်မည့် ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ် ပေးအပ်ပွဲ အခမ်းအနားကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားကြောင်း သာသနာရေးဆိုင်ရာ သတင်းရပ်ကွက်များမှ...

စစ်အစိုးရက ယခုလ ၂၇ ရက်နေ့တွင် ချီးမြှင့်မည့် ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ် ပေးအပ်ပွဲ အခမ်းအနားကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားကြောင်း သာသနာရေးဆိုင်ရာ သတင်းရပ်ကွက်များမှ စုံစမ်းသိရှိရသည်။

နှစ်စဉ် လွတ်လပ်ရေးနေ့ (ဇန်နဝါရီလ ၄ ရက်နေ့) တွင် ဘွဲ့တံဆိပ် ရရှိသူများ စာရင်းကို အစိုးရ သတင်းဌာနများမှ ကြေညာလေ့ရှိပြီး တပေါင်းလပြည့်နေ့ (ယခုလ ၂၇ ရက်နေ့) တွင် ပေးအပ်မည့် အခမ်းအနားကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။

''ဦးဇင်းတို့ဆီကို အခမ်းအနားနဲ့ ပတ်သက်လို့ ဘာမှအကြောင်းမကြားလို့ ဖုန်းဆက်ပြီးမေးတော့မှ ရက်ရွှေ့ထားတယ်လို့ သိရတာ” ဟု ဘွဲ့ချီးမြှင့်ခံရမည့် ဆရာတော်တပါးက မဇ္ဈိမကို ပြောသည်။

နေပြည်တော်ရှိ သာသနာရေးဦးစီးဌာနမှ ဝန်ထမ်းတဦးက "တပေါင်းလပြည့်နေ့မှာ  ဘွဲ့တံဆိပ်ပေးဖို့ လုပ်ထားတာကို ရက်ရွှေ့လိုက်တာ ဟုတ်ပါတယ်။ ဘယ်နေ့ ပေးဖြစ်မယ်ဆိုတာ အတိအကျ မသိရသေးပါဘူး" ဟု မဇ္ဈိမကို အတည်ပြုပြောဆိုသည်။

သံဃာတော်များကို သာသနာဆိုင်ရာ ဘွဲ့တံဆိပ်တော်များနှင့်  အလှူအတန်း ရက်ရောသော လူပုဂ္ဂိုလ်များကို သူဋ္ဌေးဘွဲ့များ ချီးမြှင့်မှုကို တပေါင်းလပြည့်နေ့တွင် အခမ်းအနားဖြင့် ဘွဲ့ချီးမြှင့်လေ့ရှိသည်။

သံဃာတော်များအတွက် ဘာသာရေး စာပေဆိုင်ရာ ဘွဲ့တံဆိပ်နဲ့  သာသနပြုဆိုင်ရာ ဘွဲ့တံဆိပ် ၂ မျိုး ချီးမြှင့်ပြီး လူပုဂ္ဂိုလ်များကိုမူ အမျိုးသား၊ အမျိုးသမီး ၂ မျိုးခွဲ၍ သာသနာပြုဆိုင်ရာ ဘွဲ့တံဆိပ် ချီးမြှင့်သည်။

ဇန်နဝါရီလ ၄ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်စာတွင် ဂုဏ်ထူးဆောင်ဘွဲ့ ရှိသူများနှင့် ဆုတံဆိပ် ရှိသူများ စာရင်းကို ကြေညာခဲ့ပြီးဖြစ်သည်။

ထိုသို့ ကြေညာရာတွင် ဂုဏ်ထူးဆောင်ဘွဲ့ ၁၆ မျိုးနှင့် ဆုတံဆိပ် ၂၂ မျိုးဖြင့် စုစုပေါင်း  ၃၈ မျိုး ရှိသည့်အနက် ၁၉၄၈ ခုနှစ် ဖဆပလ အစိုးရ လက်ထက်က ပေးအပ်ခဲ့သည့် ဂုဏ်ထူးဆောင်ဘွဲ့များနှင့် ဆုတံဆိပ်များ ပါဝင်သည်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က ပေးအပ်ခဲ့သည့် ဆုတံဆိပ်များအပြင် စစ်အစိုးရက နိုင်ငံတော် စစ်မှုထမ်း သင်္ဂဟ တံဆိပ်နှင့် နိုင်ငံတော် အေးချမ်းသာယာရေး တံဆိပ်များကိုပါ ယခုနှစ်တွင် ချီးမြှင့်မည် ဖြစ်သည်။

ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်ခံရပါက သားစဉ်မြေးဆက် ထိန်းသိမ်းခွင့် ရရှိမည်ဖြစ်ပြီး၊ ယခင်က ချီးမြှင့်ခဲ့သည့် ဘွဲ့များနှင့် ဆုများအတွက်လည်း ခံစားခွင့်များ ဆက်လက်ရရှိမည်ဖြစ်သည်။

ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရာ၌  မူဝါဒလမ်းစဉ် ရ ရပ်ကို ထောက်ခံသူများကိုသာ ချီးမြှင့်ရမည်ဟု မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြခဲ့သည်။