၂၀၀၉-၂၀၁၀ ခုနှစ် လူသားချင်း စာနာသည့် အထောက်အပံ့အဖြစ် မြန်မာနိုင်ငံသို့ ပေးခဲ့သည့် အမေရိကန်ဒေါ်လာ သန်း ၂၆ ခန့်မှ လာမည့်နှစ်တွင် သန်း ၄၃ ခန့်အထိ တိုးမြှင့်ပေးသွားမည်ဟု သြစတြေးလျ အစိုးရက ယမန်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
လာမည့် ၃ နှစ်တွင် နှစ်စဉ်နှစ်တိုင်း အမေရိကန်ဒေါ်လာ သန်း ၄၃ ခန့်အထိ တိုးမြှင့်ပေးမည်ဖြစ်ကာ၊ ဤသည်မှာ ဆင်းရဲမွဲတေမှု၊ ကလေးသူငယ်များ၏ ကျန်းမာရေးနှင့် ပညာရေး တိုးတက်ကောင်းမွန်ရန် ရည်ရွယ်ကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ စတီဖင် စမစ်က ပါလီမန်တွင် ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ယခုလို ထောက်ပံ့မှုသည် အရပ်သားအစိုးရ တင်မြှောက်ရန် ကြိုးပမ်းနေသည့် ကာလအတွင်း အရေးကြီးသော ထောက်ပံ့မှု ဖြစ်သည်” ဟု မစ္စတာ စတီဖင် စမစ်က ပြောဆိုကြောင်း ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။
ယခုထောက်ပံ့မှုသည် မြန်မာအစိုးရကို ဆုချီးမြှင့်ခြင်းမျိုး မဟုတ်ဘဲ မျိုးဆက်သစ်များနှင့် လက်ရှိ လူငယ်များအတွက်ဖြစ်ကြောင်း သူက ဆိုထားသည်။
၂၀၀၈-၀၉ ခုနှစ်တွင်လည်း သြစတြေးလျ အစိုးရသည် မြန်မာနိုင်ငံမှ ကလေးသူငယ် ဦးရေ ၄ သိန်းကျော်အတွက် အခြေခံပညာကျောင်းများကို တည်ဆောက်ပေးခဲ့သည်။
အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ငွေကြေးအလှူရှင်များ၊ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး မြန်မာကလေးများအတွက် ကျောင်းတွင်း/ပြင် ပညာရပ်များ တိုးတက်လာအောင် ကူညီသွားမည်ဟုလည်း စတီဖင်စမစ်က လွှတ်တော်တွင် ပြောဆိုခဲ့သည်။
၂၀၀၉-၂၀၁၀ စီမံကိန်းသည် အမေရိကန်ဒေါ်လာ သန်း ၃၀ ခန့် ရှိကာ၊ ကူးစက်ရောဂါ တိုက်ဖျက်ရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ပညာရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ဖြစ်သည်။
မြန်မာနိုင်ငံ အခြေခံကျန်းမာရေး ကဏ္ဍအတွက်ဟုဆိုကာ ၂၀၀၇-၂၀၁၁ ခုနှစ်အတွင်း သြစတြေးလျ၊ ဗြိတိန်၊ ဥရောပ ကော်မရှင်၊ နယ်သာလန်၊ နော်ဝေနှင့် ဆွီဒင်က ဒေါ်လာ ၁၆ ဒဿမ ၅ သန်းကို HIV/ AIDS ငှက်ဖျား၊ အဆုတ်ရောဂါ တိုက်ဖျက်ရန် တွဲဖက်ကူညီခဲ့သည်။
သြစတြေးလျ ရန်ပုံငွေအဖွဲ့နှင့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်တို့ ပူးပေါင်းပြီး ၂၀၀၈-၂၀၀၉ အတွက် ၂ ဒဿမ ၂၅ သန်းတန် ရိက္ခာအထောက်အပံ့များ ပေးခဲ့သည်။
ထို့ပြင် CARE Australia ကလည်း ၂၀၀၄-၂၀၁၀ ခုနှစ်အတွက် ၃ ဒဿမ ၄၈ သန်းတန် မြေယာမဲ့ လူတန်းစားများ (ရိုဟင်ဂျာ အဓိက) များအတွက် ရည်ရွယ်ကာ ပေးပို့ခဲ့သည်။
လာမည့် ၃ နှစ်အတွက် နှစ်စဉ် တိုးမြှင့်ကူညီမည့် သြစတြေးလျ၏ အစီအစဉ်သည် စစ်အစိုးရ၏ မလိုအပ်သော သုံးစွဲမှုများကို ထောက်ပံ့သည့် သဘောမျိုးလည်း ဖြစ်သွားနိုင်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု NDD မှ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်က မဇ္ဈိမကို ပြောသည်။
သူက ဆက်ပြီး “ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာက ကူညီမယ်ဆိုရင် အခုချိန်ကတော့ စောသေးတယ်လို့ ကျနော် ပြောချင်ပါတယ်။ တနိုင်ငံလုံး အတိုင်းအတာအတွက် သေသေချာချာ မဟာဗျူဟာချပြီးတော့ ကူညီမယ်ဆိုရင် ပိုပြီး ထိရောက်မယ်လို့ ကျနော် မြင်ပါတယ်” ဟု ပြောသည်။
စစ်အစိုးရသည် နိုင်ငံတော် ဘတ်ဂျက်၏ ၄၀ ရာခိုင်နှုန်းထက်မနည်းကို စစ်အသုံးစရိတ်အတွက် အသုံးပြုနေပြီး၊ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍတခုစီအတွက်မူ ၁ ရာခိုင်နှုန်းထက်ပင် မကျော်လွန်ဘဲ သုံးစွဲကြောင်း နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးအဖွဲ့ကြီး အပါအဝင် နိုင်ငံတကာ စာရင်းအင်းများက ဖော်ပြလေ့ရှိသည်။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင်လည်း ယူရိုငွေကြေး သန်း ၄၀၀ (အမေရိကန်ဒေါ်လာ ၅၇၀ သန်း) တန် MIG-29 အမျိုးအစား တိုက်လေယာဉ်များကို ရုရှားနိုင်ငံထံမှ ဝယ်ယူခဲ့သေးသည်။