ရန်ကုန်တိုင်း အလုံမြို့နယ်ရှိ စီးပွားရေးနှင့် ကူးသန်းဝန်ကြီးဌာန၏ မြန်မာ့ လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးဌာနပိုင် ဆီဂိုဒေါင်တခုတွင် ယနေ့မွန်းလွဲပိုင်းက မီးလောင်ကျွမ်းမှုတရပ် ဖြစ်ပွားခဲ့ရာ လူတဦး ဒဏ်ရာရသွားသည်။
အလုံမြို့နယ် အောက်ကြည့်မြင်တိုင် လမ်းမကြီးဘေး လယ်ယာထွက်ကုန်ပစ္စည်း သိုလှောင်ရုံ၏ စက်သုံးဆီ သိုလှောင်သည့် အဆောက်အဦတွင် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်မှ စတင်၍ နာရီဝက်ကြာ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး လယ်ယာထွက်ကုန်မှ ဝန်ထမ်း ဦးလှထွေး (အသက် ၄၂ နှစ်) ၏ ဦးခေါင်း၊ လက်နှင့် ခြေထောက်တို့တွင် မီးလောင်ခံရသဖြင့် ရန်ကုန် ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရသည်။
အခင်းဖြစ်ပွားရာသို့ ရန်ကုန်တိုင်း ဗဟိုမီးသတ်တပ်ဖွဲ့၊ အလုံမြို့နယ် မီးသတ်တပ်ဖွဲ့နှင့် စမ်းချောင်းမြို့နယ် မီးသတ်တပ်ဖွဲ့တို့မှ မီးသတ်ယာဉ် ၆ စီး၊ ရေသယ်ယာဉ် ၃ စီးတို့ဖြင့် လာရောက်ငြိမ်းသတ်ခဲ့သည်။
ယင်းဂိုထောင်မှာ နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့ပြီးဖြစ်သည့် မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးဌာန၏ ရန်ကုန်တိုင်းရုံးခွဲပိုင် ယာဉ်အချို့အတွက် ဆီသိုလှောင်ရာနေရာဖြစ်ကြောင်း သိရသည်။
ယာဉ်အသွားအလာ ရှုပ်ထွေးသော သီရိမင်္ဂလာစျေးမှတ်တိုင်နှင့် ဆင်မင်းစျေး မှတ်တိုင်အကြား အောက်ကြည့်မြင့်တိုင် လမ်းမကြီးပေါ်တွင်ဖြစ်၍ မီးငြိှမ်းသတ်စဉ် ယာဉ်ထိန်းတပ်ဖွဲ့က လမ်းမကြီးကို ခေတ္တ ပိတ်ဆို့ထားခဲ့သည်။
အဆောက်အဦအတွင်း ဆီပါဝင်သော ပေပါများနှင့် ပေပါလွတ်များ စုစုပေါင်း ၂၇ လုံးရှိပြီး ဆီပေပါများအားလုံး လောင်ကျွမ်းခဲ့ခြင်း မရှိကြောင်း သိရသည်။
မီးလောင်ကျွမ်းရခြင်းနှင့်ပတ်သက်၍ ဖြစ်ပွားရသည့်အကြောင်းရင်းကို မှန်းဆမရနိုင်သေးကြောင်း၊ ဒဏ်ရာရရှိသူ ဦးလှထွေးသည် ဖြစ်စဉ်တွင် တဦးတည်းသော သက်သေဖြစ်၍ သူ့ကို မေးမြန်း စုံစမ်းပြီးမှသာ ကောက်ချက်ချ နိုင်မည်ဖြစ်ကြောင်း ဗဟိုမီးသတ်မှ တာဝန်ခံအရာရှိက ဆိုသည်။