ဒေါ်နော်အုန်းလှတို့ကို ၁၅ ရက်နေ့ စီရင်ချက်ချမည်

ဒေါ်နော်အုန်းလှတို့ကို ၁၅ ရက်နေ့ စီရင်ချက်ချမည်
by -
မြင့်မောင်
နိုင်ငံတော် ဆူပူအောင် လှုံ့ဆော်မှုဖြင့် တရားစွဲခံနေရသည့် ဒေါ်နော်အုန်းလှ အပါအဝင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ အမျိုးသမီး ၄ ဦး အမှုကို အင်းစိန်ထောင် ခရိုင် တရားရုံးက ယခုလ ၁၅ ရက်နေ့တွင်...

နိုင်ငံတော် ဆူပူအောင် လှုံ့ဆော်မှုဖြင့် တရားစွဲခံနေရသည့် ဒေါ်နော်အုန်းလှ အပါအဝင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ အမျိုးသမီး ၄ ဦး အမှုကို အင်းစိန်ထောင် ခရိုင် တရားရုံးက ယခုလ ၁၅ ရက်နေ့တွင် စီရင်ချက်ချတော့မှာဖြစ်သည်။  

အရှေ့ပိုင်းခရိုင် တရားရုံးက ယမန်နေ့က ပြုလုပ်သော တရားခွင်တွင် အမိန့်ချမည့်အကြောင်း ဆုံးဖြတ်ချက်ပေးရာ လေးလကျော်ကြာ ထောင်တွင်းမှ တရားရင်ဆိုင်ခဲ့ရသော ဘုန်းကြီးကျောင်း ဆွမ်းကပ်အပြန် အဖမ်းခံခဲ့ရသူများ၏ အမှု အဖြေထွက်တော့မှာ ဖြစ်သည်။

“ဒေါ်နော်အုန်းလှနဲ့ အမှုတွဲကို နောက်ဆုံး လျှောက်လဲချက် ပေးရတယ်။ အမိန့်ချဖို့အတွက် ၁၅ ရက်နေ့ကို ပြန်ချိန်းတယ်။ အဲဒီနေ့မှာ အပြီးသတ် အမိန့်ချမယ်” ဟု တရားဆိုင်များ၏ ရှေ့နေ ဦးကျော်ဟိုးက မဇ္စျိမကို ပြောသည်။

“ကျောင်းထိုင်ဆရာတော်ကို ကမ္မဝါစာရွက် ၄၂ ခုကို ကပ်လှူခဲ့တယ်ဆိုပြီး စွပ်စွဲတယ်။ ဒါနဲ့ပတ်သက်ပြီး ကျနော်တို့ တင်ပြတာက ဘာမှ အထောက်အထား မရှိဘူး။ ကမ္မဝါစာရွက် သိမ်းဆည်းထားတာ မရှိဘူး။ ဆရာတော်ကိုလည်း သက်သေပြထားတာ မရှိဘူး။ ဒါကြောင့် စွဲချက်က မခိုင်လုံကြောင်း လျှောက်လဲ ခဲ့တယ်။ မျက်မြင်သက်သေ မရှိ၊ ခိုင်လုံတဲ့ အထောက်အတား မရှိတဲ့အတွက် တရားသေလွှတ်ပေးဖို့ လျှောက်လဲခဲ့တယ်” ဟု သူက ဆက်ပြောသည်။

ဒေါ်နော်အုန်းလှ (မှော်ဘီ)၊ မမြင့်မြင့်စန်း (ဒလမြို့နယ်)၊ မချိုချိုလွင် (သင်္ဃန်းကျွန်း) နှင့် မချို (တောင်ဒဂုံ) တို့ကို ရန်ကုန်တိုင်း ဒဂုံမြို့သစ် မကွေးပရိယတ္တိ စာသင်တိုက်ရှိ ကျောင်းထိုင် ဆရာတော် ဦးပါမောက္ခကို ကမ္မဝါစာရွက် ၄၂ ခုကို ကပ်လှူခဲ့သည်ဟုဆိုကာ နိုင်ငံတော် ဆူပူအောင် လှုံ့ဆော်မှု - ပုဒ်မ ၅၀၅ (ခ) ဖြင့် ရန်ကုန်တိုင်း ရဲသတင်းတပ်ဖွဲ့က တရားစွဲခဲ့သည်။

“တဖက်် ဥပဒေအရာရှိက လျှောက်လဲချက်ကို မပေးတော့ဘူး။ စာရေး လျှောက်လဲချက်တင်မယ် ဆိုပြီးတော့ တင်သွားတယ်။ အမှန်က တရားလိုက ကျနော်တို့ တင်ပြတဲ့ အချက်အလက်တွေ တရားဝင် အပြန်အလှန် ချေပရမှာ ဖြစ်တယ်။ ဒါပေမဲ့ ဥပဒေ အကျိုးဆောင် အရာရှိက ပြန်လည်ချေပတာ မလုပ်ဘဲ ရုံးတော်ကို စာရေးသား လျှောက်လဲချက် ပေးတယ်ဆိုပြီး ရုံးတော်ကို တင်သွားတယ်” ဟု ဦးကျော်ဟိုးက ပြောသည်။

ဒေါ်နော်အုန်းလှသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်မှ ပြန်လွှတ်ပေးရန် ရွှေတိဂုံဘုရားသို့ သွားရောက်ကာ အပတ်စဉ် အင်္ဂါနေ့တိုင်း ဝတ်ပြုဆုတောင်းသည့် အဖွဲ့တွင် တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်သည်။

Ma-Nor-Ohn-Hla (နော်အုန်းလှ)

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၃ ရက်နေ့တွင် ရန်ကုန်တိုင်း ဒဂုံမြို့သစ် မကွေးပရိယတ္တိ စာသင်တိုက်၌ ဆွမ်းကပ်ပြီးအပြန် ရဲက သူတို့လေးဦးကို ဖမ်းဆီးခဲ့သည်။

အလားတူပင် အင်းစိန်ထောင် တရားရုံးက နိုင်ငံတဝှန်း မြို့နယ် ၅ မြို့နယ်မှ ဖမ်းဆီးခံခဲ့ရသည့် တက်ကြွ လှုပ်ရှားသူ ၈ ဦးထဲမှ ၅ ဦးကို ပြီးခဲ့သည့်လအတွင်း ထောင်ဒဏ်များ ချမှတ်ခဲ့သည်။ မကွေးတိုင်း ရေနံချောင်းမြို့ ရွှေစေတီကျောင်းမှ လက်ထောက်ဆရာတော် ဦးဝါယမ၊ ချောက်မြို့ အနောက်ငွေတောင် ပါဋိတက္ကသိုလ်မှ ဦးရေဝတ၊ ပခုက္ကမြို့ သာသနာ့ဝိပုလာရာမ အနောက်တိုက်မှ ဦးဝိသုဒ္ဓ၊ မန္တလေးမြို့မှ ဦးရဲမြင့်နှင့် ပဲခူးမြို့မှ ဦးကျော်ခင်တို့ကို အသင်းအဖွဲ့ပုဒ်မ၊  နယ်စပ်ဖြတ်ကျော်မှု၊ နိုင်ငံခြားငွေကြေး ကိုင်ဆောင်မှု၊ နိုင်ငံတော် ဆူပူအောင် လှုံ့ဆော်မှုတို့ဖြင့် စွဲချက်တင်ထားရာမှ အနည်းဆုံး ထောင်ဒဏ် ၆ နှစ်မှ ၉ နှစ်အထိ ချမှတ်ခဲ့ကြောင်း သိရသည်။

၎င်းတို့မှာ ရှေ့နေ မပါရှိဘဲ အမှုရင်ဆိုင်ခဲ့ရာမှ ယခုလို ပြစ်ဒဏ်များ ကျခံကြရခြင်းဖြစ်သည်။ ကျန် ၃ ဦး ဖြစ်သည့် မန္တလေးမြို့မှ ကိုညိုနဲ့ မသန္တာထွန်းတို့ကို အသင်းအဖွဲ့ပုဒ်မ၊ နယ်စပ်ဖြတ်ကျော်မှု အပါအဝင် ၃ မှု၊ ဆရာတော် ဦးဃောသိတကို အသင်းအဖွဲ့ပုဒ်မ၊ နယ်စပ်ဖြတ်ကျော်မှု၊ နိုင်ငံခြားငွေကြေး ကိုင်ဆောင်မှုဖြင့် စွဲချက်တင် စစ်ဆေးခဲ့ပြီး ပြန်ခေါ်သက်သေများကို ပြန်လည်စစ်ဆေးနေကြောင်း အမှုကို လိုက်ပါ ဆောင်ရွက်နေသည့် ရှေ့နေ ဦးကျော်ဌေးနှင့် ရှေ့နေ ဦးကျော်ဟိုးတို့က ပြောသည်။

၎င်းတို့အားလုံးသည် ပြီးခဲ့သည့်နှစ် သြဂုတ်လကုန်နှင့် စက်တင်ဘာ လဆန်းပိုင်းအတွင်း ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

Most read this week