ဒုက္ခသည် ပြန်ပို့လျှင် လုံခြံုရေး တာဝန်မယူဟု DKBA ပြော

ဒုက္ခသည် ပြန်ပို့လျှင် လုံခြံုရေး တာဝန်မယူဟု DKBA ပြော
by -
ကျော်ခ
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ယန်းရှိ ယာယီ ဒုက္ခသည်စခန်း နှစ်ခုမှ ကရင် ဒုက္ခသည်များကို ပြန်ပို့လျှင် လုံခြံုရေး တာဝန်မယူနိုင်ကြောင်း တိုးတက်သော ဗုဒ္ဓဘာသာကရင် တပ်မတော် - DKBA က...

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ယန်းရှိ ယာယီ ဒုက္ခသည်စခန်း နှစ်ခုမှ ကရင် ဒုက္ခသည်များကို ပြန်ပို့လျှင် လုံခြံုရေး တာဝန်မယူနိုင်ကြောင်း တိုးတက်သော ဗုဒ္ဓဘာသာကရင် တပ်မတော် - DKBA က ပြောသည်။

နို့ဘိုးနှင့် အူးသူးထ စခန်းနှစ်ခုရှိ ဒုက္ခသည် ၂ဝဝဝ ကျော်အား ပြန်လက်ခံနိုင်သော်လည်း ပြန်လည် နေရာချထားမည့် နယ်မြေအတွင်း၌ ထောင်ထားသော မြေမြှုပ်မိုင်း အန္တရာယ်မှ အကာအကွယ် မပေးနိုင်ခြင်း ဖြစ်ကြောင်း DKBA မှ တပ်မှူးတဦးက ပြောဆိုခြင်း ဖြစ်သည်။
“နေဖို့တခုထဲဆိုရင်တော့ ကျနော်တို့အနေနဲ့ ကာကွယ် ပေးနိုင်ပါ တယ်ခင်ဗျ။ တကယ်လို့ တောင်ယာ ခုတ်မယ်၊ လယ်လုပ်မယ်၊ သစ်ဖုသစ်ဥ တူးစားမယ်ဆိုရင်တော့ နယ်မြေ လုံခြံုရေးအတွက် အရင် စစ်ဆင်ရေးတွေကတည်းက ထောင်ခဲ့တဲ့ မိုင်းအလုံးပေါင်း ထောင်နဲ့ရှိတယ်ခင်ဗျ” ဟု DKBA ဗိုလ်မှူး ကြည်လင်က မဇ္စျိမကို ပြောသည်။

ယင်းဒုက္ခများသည် ပြီးခဲ့သည့်နှစ် ဇွန်လပိုင်းက နအဖနှင့် DKBA ပူးတွဲထိုးစစ်ကြောင့် ကရင် အမျိုးသား အစည်းအရုံး -KNU  တပ်မဟာ ရ ပိုင် ဘားအံ ခရိုင်အတွင်းမှ ထွက်ပြေးသည့် ကရင်ရွာသားများ ဖြစ်သည်။ သူတို့သည် ထာ့ဆောင်ယန်းမြို့နယ်ရှိ မဲ့သရီ၊ သလေထာ့၊ အူသူးထ၊ နို့ဘိုး စသည့် ယာယီစခန်းများ၌ ခိုလှုံနေကြရခြင်း ဖြစ်သည်။

သလေထာ့ရှိ လူဦးရေကို မသိရသေးသော်လည်း နိုဘိုးတွင် ၉၄၆ ဦး၊ အူးသူးထတွင် ၁၄၆ဝ ဦး၊ မဲ့သရီတွင် ၆၉၄ ဦး ရှိသည်။

ဒုက္ခသည်များကို ပြန်ပို့ရေးကိစ္စကို ယခုလ ၂၆ ရက်နေ့က နိုဘိုးစခန်းတွင် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အာဏာပိုင်များ၊ ကုလသမဂ္ဂ ဒုက္ခသည်ရုံး UNHCR၊ ဒုက္ခသည်များကို ကူညီပေးနေသည့် TBBC ၊ DKBA နှင့် KNU တို့ ဆွေးနွေးခဲ့ကြသည်။  

KNU တပ်မဟာ ရ မှ ၁ဝ၁ တပ်ရင်းမှူး စောဖောဒို၊ ပဒိုမြမောင်၊ ပဒိုလေးစော၊ DKBA ဘက်မှ တပ်မ ၉၉၉ လက်အောက်ခံ တပ်ရင်း ရ မှ ဗိုလ်မှူးကြည်လင်နှင့် ပဒိုပွဲကေ့တို့ တက်ရောက်ခဲ့သည်။

ယင်းဒုက္ခသည်များကို DKBA ထိန်းချုပ်နယ်မြေ ဘားအံခရိုင် ပိုင်ကျုံမြို့နယ် မဲအုစုနှင့် လယ်ပေါ်ဟဲ ရွာတို့တွင် ပြန်လည်နေရာချထားပေးနိုင်မည်ဟု သိရသော်လည်း အိုးအိမ်နှင့် အစားအစာအဆင်သင့် မဖြစ်သေးသည့်အပြင် မိုင်းအန္တရာယ် အကာကွယ်မပေးနိုင်ကြောင်း DKBA တပ်မှူးက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုလ ၂၆ ရက်နေ့က တွေ့ဆုံဆွေးနွေးပွဲမှ ဒုက္ခသည်များကိုပြန်ပို့ရန် တိကျပြတ်သားသည့် အဖြေမထွက်ခဲ့ကြောင်း ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သူ ဒုက္ခသည်စခန်း တာဝန်ရှိသူတဦးထံမှ သိရသည်။

“ထိုင်းဘက်ကလည်း ပြန်ခိုင်းမယ်ဆိုတာကိုလည်း ထင်ထင်ရှားရှား မပြောပြဘူးပေါ့နော်။ UNHCR ကလည်း ဘာမှ အဆုံးအဖြတ် မပေးနိုင်ဘူး။ DKBA ကလည်း ပြည့်ပြည့်ဝဝ လက်ခံရဲပါတယ်ဆိုတာကိုလည်း အာမမခံရဲဘူးဆိုတော့ အဲဒါ အစည်းအဝေးမှာ အဖြေမပေါ်ဘဲနဲ့ အပြင်မှာတော့ သတင်းကြားတာပေါ့နော” ဟု သူက မဇ္စျိမကို ပြောသည်။  

ယင်းဆွေးနွေးပွဲသို့ KNU ခေါင်းဆောင်အချို့ တက်ရောက်ခြင်းသည် ဗဟို၏ သဘောထားဖြစ်သော်လည်း မိုင်းအန္တရာယ်ကြောင့် ပြန်မပို့သင့်သေးကြောင်း ဆွေးနွေးရန်သာဖြစ်သည်ဟု KNU ဒုဥက္ကဋ္ဌ ဒေးဗစ် သာကပေါက ပြောသည်။

“ထောင်ထားတဲ့ မိုင်းတွေကရှိတော့ အပြင်ထွက် အလုပ်မလုပ်ရဲတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရမှာကိုး။ ကျနော်တို့အနေနဲ့လည်း ဘယ်လိုမှ အကူအညီမပေးနိုင်ဘူး။ တခြားဒုက္ခသည်တွေလို နေနိုင်ဖို့အတွက် ဒီဘက်မှာ စီစဉ်ပေးနိုင်ရင်တော့ ကောင်းတာပေါ့ဗျာ” ဟု သူက မဇ္စျိမကို ပြောသည်။

ယခု ဒုက္ခသည်များသည် နအဖ စစ်တပ်မှ အတင်းအဓမ္မ လုပ်အားပေးခိုင်းခြင်း၊ ပေါ်တာဆွဲခြင်း၊ ရှေ့တန်း၌ လမ်းရှင်းခိုင်းခြင်းတို့ကို ခံခဲ့ရသူများဖြစ်ကြောင်းနှင့် ပြန်ပို့ပါက လုံခြံုမှုမရှိကြောင်း ကရင် လူ့အခွင့်အရေးအဖွဲ့ KHRG မှ အတွင်းရေးမှူး Albert က မဇ္စျိမကို ပြောသည်။

Most read this week