ဒေါ်စုဓာတ်ပုံကို သတင်းစဉ်က သုံးခွင့်မပေးတော့

ဒေါ်စုဓာတ်ပုံကို သတင်းစဉ်က သုံးခွင့်မပေးတော့
by -
ဖနိဒါ
စစ်အစိုးရ သတင်းနှင့် ပြန်ကြားရေးဌာန-သတင်းစဉ်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို ပြည်တွင်းဂျာနယ်တိုက်များအား ယခုလမှ စတင်၍ အသုံးပြုခွင့် မပေးတော့ကြောင်း....

စစ်အစိုးရ သတင်းနှင့် ပြန်ကြားရေးဌာန-သတင်းစဉ်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို ပြည်တွင်းဂျာနယ်တိုက်များအား ယခုလမှ စတင်၍ အသုံးပြုခွင့် မပေးတော့ကြောင်း သိရသည်။

သတင်းစဉ်သည် ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ ဌာနခွဲတခုဖြစ်ပြီး အစိုးရသတင်းများ ထုတ်ပြန်လေ့ရှိကာ၊ ဒေါ်အောင်ဆန်းစုကြည်၏ သတင်းဓာတ်ပုံများကို နည်းမျိုးစုံဖြင့် ယခင်က ရယူအသုံးပြုခွင့် ပေးခဲ့ရာမှ ယခုအခါ ခွင့်မပြုတော့ခြင်း ဖြစ်သည်။

“သတင်းစဉ်က ပုံမပေးတော့တာ။ စိစစ်ရေးက ပေးသုံးတယ်။ အထက်က မပေးနဲ့တော့ဆိုလို့ မပေးတာလို့ဘဲ ပြောပါတယ်။ အခုတော့ လူကြီးခရီးစဉ်ပုံတွေပဲ ပေးတော့တယ်” ဟု ပြည်တွင်း အယ်ဒီတာ တဦးက မဇ္စျိမကို ပြောသည်။

အခြား ပြည်တွင်း အယ်ဒီတာတဦးကလည်း “ပုံအသစ်တော့ မထည့်ရဘူး။ ပုံအဟောင်းပဲ ပြန်ထည့်ကြတယ်။ မသုံးရဘူးဆိုတာက တိတိကျကျ ညွန်ကြားချက်တော့ မရှိဘူး” ဟု ပြောသည်။

စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနခွဲမှာလည်း ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်တွင်ရှိကာ ဂျာနယ်နှင့် စာအုပ် ထုတ်ဝေမှုများ အပါအဝင် စာနယ်ဇင်း လုပ်ငန်းများကို ဖြတ်တောက်၊ စိစစ်သော်လည်း သတင်းများ ထုတ်ပြန်ခြင်း မရှိပါ။

ယခုလ ၁၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် တွေ့ဆုံသည်ကို နောက်ဆုံးထုတ် The Voice ဂျာနယ်တွင် ဓာတ်ပုံမဲ့ သတင်းအကျဉ်းသာ ဖော်ပြပြီး၊ Weekly 11 ဂျာနယ်ကမူ ၁၆ ရက်နေ့ထုတ် မြန်မာ့အလင်းမှ ဓာတ်ပုံကိုသာ ကူးယူဖော်ပြ၍ သတင်းရေးခဲ့ကြရကြောင်း စုံစမ်းသိရှိရသည်။

သတင်းဌာနများ၏ နိုင်ငံရေးသတင်းများ ရေးသားနေမှုအပေါ် စစ်အစိုးရက ကန့်သတ်ထိန်းချုပ်နေသကဲ့သို့ စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော် ဥက္ကဋ္ဌအဖြစ် ဦးစီးသော မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF ကလည်း ဘောလုံးသတင်း ရေးသားမှုအပေါ် ကန့်သတ်မှုများ ပြုလုပ်လာသည်။

မြန်မာနေရှင်နယ်လိဂ် MNL ပွဲများတွင် ဂျာနယ်တိုက်တတိုက်မှ သတင်းထောက်တဦးနှင့် ဓာတ်ပုံ သတင်းထောက်တဦးသာ ဝင်ခွင့်ပြုမည်ဖြစ်ကာ၊ ဓာတ်ပုံသီးသန့်ကင်မရာကိုသာ ကိုင်ဆောင်ခွင့်ပြုမည်ဖြစ်ပြီး သတင်းထောက်နှင့် ကင်မရာများကိုလည်း MFF ထံ ကြိုတင်မှတ်ပုံတင်ရမည်ဟု MFF က ကန့်သတ်လာကြောင်း ပြည်တွင်းသတင်းသမား အချို့က ပြောဆိုသည်။

ဘောလုံးပရိသတ်များအကြား မကြာခဏဖြစ်ပွားနေသည့် ရန်ပွဲသတင်းများ “ပြည်ပမီဒီယာ” များသို့ ပေါက်ကြားသဖြင့်ဟု ယင်းသို့ ကန့်သတ်လိုက်ခြင်းဖြစ်သည်ဟု MFF နှင့် နီးစပ်သူတဦးက မဇ္စျိမကို ပြောသည်။

သတင်းစာဆရာကြီး ဦးဝင်းတင် (ဟံသာဝတီ) ကမူ MFF က သတင်းထောက်များ သတင်းရယူခွင့်ကို ကန့်သတ်ခြင်းသည် စာနယ်ဇင်းကို ကန့်သတ်ထိန်းချုပ်ခြင်း ဖြစ်သည်ဟု ဝေဖန်ပြောဆိုလိုက်သည်။

“ဘောလုံးအဖွဲ့ချုပ်ကလည်း စာနယ်ဇင်းလွတ်လပ်ခွင့် သဘောသဘာဝကို ထိန်းချုပ်တာပဲ။ မီဒီယာမှာလည်း အားစကားတခုပါတယ်။ ကျနော်စိုးရိမ်တာက နောင်ကို နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ပိတ်ပင်မှုတွေ၊ ကန့်သတ်မှုတွေဟာ တိုးလာမယ်လို့ ယူဆတယ်” ဟု ဦးဝင်းတင်က စွပ်စွဲပြောဆိုလိုက်သည်။

ပြည်တွင်း သတင်းထောက်တဦးကလည်း “ကျနော်တို့ကို ပြောတာက ဘောလုံးပွဲထဲက ရန်ပွဲတွေ ပြည်ပရုပ်သံမှာ ပါတာကြောင့်လို့ ပြောတယ်။ အစိုးရက ကွင်းထဲက အဖြစ်မှန်ကို ဖုံးချင်တာ ဖြစ်ပါလိမ့်မယ်” ဟု ပြောသည်။

ယခုလ ၁၇ ရက်နေ့က ရန်ကုန်ယူနိုက်တက်အသင်းနှင့် မန္တလေး ရတနာပုံအသင်းတို့ ယှဉ်ပြိုင်ကစားပွဲတွင် ခိုက်ရန်ဖြစ်ပွားခဲ့သဖြင့် လုံခြံုရေး အင်အား ၁ဝဝ ကျော် အသုံးပြုခဲ့သည့် သတင်းကို ပြည်တွင်း ဂျာနယ်များတွင် ဖော်ပြခွင့် ပိတ်ပင်ခဲ့သည်။

ပြည်ပသတင်းဌာနများကမူ ယင်းသတင်းကို ကျယ်ပြန့်စွာ ဖော်ပြနိုင်ခဲ့ကြသည်။

Most read this week