ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့၌ လူထုစားဝတ်နေရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲတွင် စစ်တပ်ပါ ပူးတွဲဖြေရှင်းစေလိုသည့် စည်းရုံးရေး စာများအား မကြာသေးခင်က ဓာတ်တိုင်နှင့် သစ်ပင်များတွင်ကပ်၍ လှုံ့ဆော်ခဲ့ကြောင်း နယ်မြေခံ ရဲစခန်းနှင့် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယခုလ ၂၄ ရက်ညနှင့် ၂၅ ရက်နံနက်တွင် လားရှိုးမြို့ တိုင်းရုံးလမ်း၊ ဗျူဟာလမ်းနှင့် ဘူတာလမ်းတို့တွင် ကပ်သွားကြောင်း ရပ်ကွက် ၂ ရှိ အမှတ် (၁) ရဲစခန်းက မဇ္စျိမကို ပြောသည်။
“စာတွေကို လိုက်ဖြန့်တဲ့ လူတွေကိုမှ ကျနော်တို့ မတွေ့လိုက်ရဘူး။ ကျနော်တို့အနေနဲ့ကတော့ အဲဒီစာတွေကို ပြန်သွားခွာကြတာမျိုးလောက်ပဲ လုပ်ခဲ့ရပါတယ်” ဟု ရဲစခန်းတာဝန်မှူးက ပြောသည်။
“တပ်နဲ့ပြည်သူ ဘဝတူ၊ အတူလက်တွဲ ဒို့အောင်ပွဲ” ၊ “စားဝတ်နေရေး ဖူလုံရေး၊ ချက်ချင်း ဖြေရှင်းပေး” “တွေ့ဆုံဆွေးနွေးအဖြေရှာရေး၊ လက်တွေ့ဦးစားပေး” စသည့် လှုံ့ဆော်စာများဖြစ်ကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။
ထိုင်းနိုင်ငံရှိ တအောင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံးကလည်း လားရှိုးရှိ အဆက်အသွယ်များမှ တဆင့် လှုံ့ဆော်စာများ ဖြန့်သွားသည်ကို ကြားသိရကြောင်းနှင့် မည်သူကပ်သွားသည်ကို မသိရသော်လည်း လားရှိုးမြို့မှ စစ်တပ်အသိုင်းအဝိုင်းကို အဓိကထား အသိပေးလိုခြင်း ဖြစ်နိုင်ကြောင်း ပြောဆိုသည်။
“အဲဒီလိုမျိုးနေရာတွေက တပ်ကမိသားစုတွေပဲ အနေများတယ်လေ။ နောက်တခု ထူးခြားတာက ဒီစစ်သားတွေရဲ့ မိသားစုတွေက သူတို့ရတဲ့ လစာတို့၊ ရိက္ခာတို့ မလုံလောက်ဘူးလို့လည်း ခဏခဏ ပြောတယ်လေ” ဟု အစည်းအရုံးမှ ပြောရေးဆိုခွင့်ရှိသူ တဦးက မဇ္စျိမကို ပြောသည်။
ဒယ်အိုးပုံစံရှိ လားရှိုးမြို့ပတ်လည်တွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် - ရမခ အပါအဝင် လက်အောက်ခံ ခလရ ၄၁၊ ၆၈၊ ၅ဝ၇ နှင့် အမှတ် ၁ဝ စစ်မြေပြင်ဆေးတပ်ရင်း၊ အမှတ် ၆၂၆ ထောက်ပို့၊ အမြောက်တပ်ရင်း၊ သံချပ်ကာတပ်ရင်း၊ မော်တော်ယာဉ် သိုလှောင်ရေး တပ်ရင်း၊ ဝန်တင်တပ်ရင်း စသည့် တပ်များတည်ရှိကြောင်း မြိုခံများထံမှ သိရသည်။
ယင်းစာများ ကပ်ပြီးနောက်ပိုင်း အမှုဖွင့်အရေးယူနိုင်ခြင်း မရှိခဲ့သော်လည်း နယ်မြေခံရဲများနှင့် စစ်သားများ ပူးပေါင်းသည့် “လှည့်ကင်း” အကြိမ် အရေအတွက်မှာမူ ပိုမိုများပြားလာကြောင်း အမှတ် (၁) ရဲစခန်းက ဆိုသည်။
ယခင်က လားရှိုးတွင် ရဲတပ်ဖွဲ့တခုတည်းသာ ကင်းလှည့်လေ့ရှိကြောင်း ရဲ တာဝန်မှူးက ပြောသည်။
ထို့ပြင် ယခင်က ရမခ စစ်ဌာနချုပ် ဝင်းအတွင်းသို့ အရပ်သားများ ဝင်ထွက်သွားလာနိုင်သော်လည်း ယခုမူ ရမခ ဝင်းအတွင်းနေ မိသားစုများမှလွဲ၍ အပြင်လူများ ဝင်ခွင့်မရတော့ကြောင်း တိုင်းရုံးအတွင်း နေထိုင်သူတဦးထံမှ သိရသည်။