ထိုင်းအစိုးရက ရွှေ့ပြောင်းအလုပ်သမားများ မှတ်ပုံတင်ခွင့် သက်တမ်းကို နောက်ထပ် ၂ နှစ် တိုးပေးလိုက်သော်လည်း ကြားခံကုမ္ပဏီထားသည့်စနစ်က ငွေကုန်ကြေးကျများစေပြီး အလုပ်သမားများအတွက် အဆင်မပြေဟု ထိုင်းနိုင်ငံရှိ အလုပ်သမား အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများက ပြောသည်။
ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ အထွေထွေအတွင်းရေးမှူး ကိုမိုးဆွေက “အခုဟာက ပုံမှန် process (လုပ်ငန်းစဉ်) မဟုတ်ဘဲနဲ့ အေးဂျင့်တွေကနေ ဖောင်ဖြည့်၊ ဖောင်လက်ခံပြီးတော့ သူတို့ မြန်မာအစိုးရဆီကို တိုက်ရိုက်ပို့ပြီးတော့ လုပ်နေတာ။ အဲဒီ အေးဂျင့်တွေခံပြီး လုပ်နေရတော့ ငွေကုန်ကြေးကျများလို့ မလုပ်ကြတာလည်းပါတယ်” ဟု မဇ္စျိမ ကို ပြောသည်။
ယာယီပတ်စ်ပို့ လုပ်ပေးသော ကာလကို မြန်မာနှင့် ထိုင်းအစိုးရ သဘောတူညီချက်အရ ၂ဝ၁ဝ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ သတ်မှတ်ထားရာမှ၊ ၂ဝ၁ဝ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ပြုလုပ်သော ထိုင်းအစိုးရ ဝန်ကြီးများ အစည်းအဝေးက ယင်းကာလကို နောက်ထပ် ၂ နှစ် သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့သည်။
မြန်မာ့ဒီမိုကရေစီ ရရှိရေး ထိုင်းလှုပ်ရှားမှုကော်မတီ (TACDB) မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်ဝေက “မြန်မာအစိုးရက ကုမ္ပဏီတွေကို ကြားထဲက ဝင်လုပ်ခွင့် ရအောင် လုပ်တဲ့အတွက် အလုပ်သမားတွေ ပိုက်ဆံထပ်ကုန်တာ။ ဒီထိုင်းနိုင်ငံအတွင်းမှာ verification process ကို နှစ်နှစ်အတွင်းမှာ ပြီးအောင် လုပ်နိုင်ဖို့ကတော့ မြန်မာအစိုးရပေါ်မှာပဲ မူတည်တယ်။ မြန်မာစစ်တပ်ကသာ ပြည်သူအပေါ်မှာ ဆက်ဆံမှုတွေ၊ ပေါ်လစီတွေ ပြောင်းလဲခဲ့မယ်ဆိုရင် အဲဒီ process က ၂ နှစ်တောင် မကြာနိုင်ပါဘူး” ဟု မဇ္စျိမကို ပြောသည်။
အလုပ်သမားများအနေနှင့် ပတ်စ်ပို့ လျှောက်ထားရာတွင် ပုံမှန်လမ်းကြောင်းအတိုင်း လျှောက်ထားပါက ဘတ်ငွေ ၃၈ဝဝ သာကုန်ကျပြီး၊ ယခုအခါ မြန်မာအစိုးရဘက်မှ အေးဂျင့်များကို အသုံးပြုနေသောကြောင့် အလုပ်သမားများအနေနှင့် ဘတ်ငွေ ၆ဝဝဝ မှ ရဝဝဝ အထိ ပေးရ၍ ထိုင်းအစိုးရက သက်တမ်း ၂ နှစ် တိုးသော်လည်း မလုပ်နိုင်ကြကြောင်း သိရသည်။
ရွှေ့ပြောင်းအလုပ်သမားများ ကူညီပေးရေးအဖွဲ့ (MAP Foundation) မှ အလုပ်သမား အခွင့်အရေး ကာကွယ်ရေး တာဝန်ခံ ကိုနစ်က “အေးဂျင့် တွေပေါ်လာတော့ နစ်နာတာက အလုပ်သမားတွေ။ ပိုက်ဆံတွေအများကြီး ပေးရတယ်” ဟု မဇ္စျိမကို ပြောသည်။
ထိုင်းနိုင်ငံအတွင်း၌ လာရောက်အလုပ်လုပ်ကိုင်နေကြသော ရွှေ့ပြောင်းအလုပ်သမားများမှာ လာအို၊ မြန်မာနှင့် ကမ္ဘာဒီးယား နိုင်ငံတို့မှဖြစ်ပြီး လာအိုနှင့် ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားများအတွက် သက်ဆိုင်ရာ အစိုးရများက ထိုင်းနိုင်ငံအတွင်းရှိ ၎င်းနိုင်ငံသားများ အလုပ်သမားအများစုရှိရာ နေရာများတွင် သွားရောက်၍ အလုပ်သမား မှတ်ပုံတင်ခြင်းကို ပြုလုပ်ပေးနေပြီး၊ မြန်မာရွှေ့ပြောင်း အလုပ်သမားများ အတွက်မူ နိုင်ငံသားဖြစ်ကြောင်း မှတ်ပုံတင်ရန် မြန်မာနိုင်ငံသို့ ပြန်လုပ်ကြရ ကြောင်း သိရသည်။
ကိုမိုးဆွေက “ မြန်မာအစိုးရကသာ ဒီဘက် (ထိုင်းဘက်) မှာ လာလုပ်ပေးမယ်ဆိုရင် အလုပ်သမားတွေ အတွက် ပိုပြီး လွယ်ကူတယ်။ ခုနကပြောတဲ့ စိုးရိမ်ကြောင့်ကြ စရာတွေလည်း မရှိတော့ဘူး။ အခု ဖြစ်တာက အလုပ်သမားတွေအနေနဲ့ ပြန်သွားရင်၊ ဟို (မြန်မာပြည်) ဘက်ခြမ်းကို ရောက်သွားရင် ဖမ်းမလား၊ ဆီးမလား ဆိုတဲ့ စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်နေတာကိုး။ မြန်မာအစိုးရဘက်က ဘာဖြစ်လို့ ဒီဘက်ကို လာပြီး မလုပ်ပေးနိုင်လဲ ဆိုတာတော့ ကျနော်တို့လည်း မစဉ်းစားတတ်တော့ဘူး” ဟု ပြောသည်။
ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် မြန်မာအစိုးရအနေနှင့် မိမိနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားများအတွက် နိုင်ငံသားဖြစ်မှု သက်သေအထောက်အထား (national verification) ကို ထိုင်းနိုင်ငံအတွင်းတွင် လာရောက်လုပ်ပေးရန် ငြင်းဆန်နေဆဲဖြစ်လျှင်၊ နိုင်ငံသားဖြစ်မှု သက်သေ အထောက်အထားအတွက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ မိမိတို့နိုင်ငံသို့ ပြန်ရန် လိုအပ်သည်ဆိုလျှင် ထိုင်းအစိုးရ၏ နောက် ထပ်သက်တမ်း ၂ နှစ်တိုးခြင်းသည် ထိရောက်မှု ရှိမည်မဟုတ်ဟု ဖော်ပြထားသည်။
၂၀၀၉ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် မြန်မာ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်း အလုပ်သမားဝန်ကြီးတို့ တွေ့ဆုံပြီးနောက် ၂၀၀၉ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့မ ှစတင်၍ ထိုင်းနိုင်ငံအတွင်းရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများ တရားဝင်မှတ်ပုံတင်ရေးအတွက် နှစ်နိုင်ငံသဘော တူညီမှုရရှိခဲ့သည်။
ထိုင်းနိုင်ငံအတွင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သန်းကျော် ၂၀၁၀ ခုနှစ် ဇန်နဝါရီလအထိ တရားဝင် မှတ်ပုံတင်ထားသော မြန်မာရွှေ့ပြောင်း အလုပ်သမားဦးရေမှာ ၁ သောင်းသာ ရှိသေးကြောင်း ထိုင်းနိုင်ငံ အခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမား အဖွဲ့အစည်းများက ပြောသည်။