အင်းစိန်ထောင်တွင်း အထူးတရားရုံးများက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးရေ ၂၀ ကျော်၏ အမှုများအား ယခုလအတွင်း အပြီးသတ် စစ်ဆေးစီရင်ရန် စီစဉ်နေကြောင်း ရန်ကုန် ရှေ့နေ အသိုင်းအဝိုင်း အဆိုအရ သိရသည်။
“တရားရုံးဘက်က ပြောတာက တလအတွင်း အပြီးစစ်မယ်လို့တော့ တရားသူကြီးက ရည်မှန်းထားတယ်လို့တော့ ကျနော်တို့ကို ပြောတာတွေ ရှိတယ်။ ဒါကြောင့်မို့ အခုဆိုရင် တပတ်ကို ၂ ရက် စစ်တယ်။ သူတို့ ဖြစ်ချင်တာတော့ ပြောတာပေါ့။ တကယ်တမ်း ပြီးမပြီးတော့ မပြောတတ်ဘူး” ဟု နိုင်ငံရေးအမှုများကို လိုက်ပါဆောင်ရွက်နေသည့် ရန်ကုန်ရှိ ရှေ့နေတဦးက မဇ္စျိမကို ပြောသည်။
“အခုတလော အမှုတွေကို ပုံမှန်ထက် မြန်မြန်ဆန်ဆန် စစ်ဆေးနေတယ်။ ပုံမှန်အမှုကတော့ တပတ်တခါ စစ်တယ်။ အခုဟာက တပတ်တခါ စစ်တာရှိသလို၊ တပတ်ကို ၂ ရက် စစ်ဆေးတာတွေလည်း ရှိတယ်။ သူတို့ မြန်မြန်ဆန်ဆန် စစ်တယ်ဆိုတာကကလည်း အမှုကို မြန်မြန်ဆန်ဆန် ပြီးချင်လို့ စစ်တယ်လို့ ကျနော် ထင်တယ်။ တခြားအကြောင်းတော့ ကျနော် မပြောတတ်ဘူး” ဟု သူက ဆက်ပြောသည်။
နိုင်ငံရေးအမှုများကို လိုက်ပါပေးနေသည့် ရှေ့နေ ဦးကျော်ဟိုးကလည်း အင်းစိန်ထောင်တွင်း တရားရုံးများက ယခုလအတွင်း အလျင်အမြန် ရုံးချိန်းရက်ပေးကာ စစ်ဆေး နေကြောင်း ပြောဆိုသည်။
ယခုလအတွင်း အပြီးသတ် ကြားနာစစ်ဆေးမည့် အမှုများတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်မှု (လဝက ပုဒ်မ) နှင့် အသင်းအဖွဲ့ ပုဒ်မတို့ဖြင့် အသီးသီး စွပ်စွဲခံထားရသည့် နိုင်ငံရေးတက်ကြွသူ ရခိုင်လူငယ် ၁၁ ဦး၏ အမှုများ ပါဝင်သည်ဟု သူက ဆိုသည်။
သူတို့ကို ရန်ကုန်နှင့် ရခိုင်ပြည်နယ် မြို့နယ်တချို့တွင် ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၄ ရက်နေ့နှင့် နောက်ပိုင်းရက်များတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ဦးကျော်ဟိုးကပင် ရှေ့နေလိုက်ပေးနေသည်။
ထို့ပြင် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့် စွဲဆိုခံနေရသည့် မန္တလေးတိုင်းမှ မသန္တာထွန်းနှင့် ကိုမောင်ညိုတို့ ၂ ဦး၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် စွဲဆိုခံရသည့် ရန်ကုန် အင်္ဂါဆုတောင်းအသင်းမှ ဒေါ်နော်အုန်းလှ အပါအဝင် အတိုက်အခံ အမျိုးသမီး ၄ ဦးနှင့် မကွေးတိုင်း ရေနံချောင်းနှင့် ချောက်မြို့မှ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၆ ဦးတို့၏ အမှုများလည်း ပါဝင်သည်။ ၎င်းတို့ ၆ ဦးကိုမူ မည်သည့်ပုဒ်မများဖြင့် စွဲဆိုနေကြောင်း မသိရသေးပါ။
ယခုလ ၁၃ ရက်နေ့ကလည်း အင်းစိန်ထောင်တွင်း တရားရုံးကပင် အန်အယ်ဒီ လူမှုအထောက်အကူပြု အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးရွှေဂျိုး (လှိုင်မြို့နယ်) ၊ ဦးစိန်လှိုင် (စမ်းချောင်းမြို့နယ်) ၊ မချို ခေါ် ဒေါ်မြင့်မြင့်စန်း (အလုံမြို့နယ်) တို့ကို မတရားအသင်းနှင့် ဆက်သွယ်မှုဖြင့် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သေးသည်။
နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၏ အမှုများကို အင်းစိန်ထောင်တွင်း၌ ယခုလို မြန်ဆန်စွာ စစ်ဆေးနေခြင်းသည် ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ပတ်သက်နေနိုင်ကြောင်း ရန်ကုန်ရှိ ဗဟိုတရားရုံးချုပ် ရှေ့နေတဦးဖြစ်သူ ဦးကြည်ဝင်းက ထင်မြင်ချက်ပေးသည်။
သူက “ဥပဒေရုံးမှာ နောက်ဆုံးတာဝန်ထမ်းတဲ့ အချိန်တုန်းက တရားသူကြီးချုပ် ဦးအောင်တိုးနဲ့ ကွယ်လွန်သွားတဲ့ ရှေ့နေချုပ် ဦးသန်းထွန်းတို့ ဆင်းလာပြီး လက်ကျန် အမှုတွေကို အပြီးစစ်ဆေး၊ ပြီးတော့ တချို့ဟာတွေကို ရိုးရိုးအရပ်ရုံးနဲ့ မပြီးနိုင်တာတွေကို စစ်ရုံးကို လွှဲပါတဲ့။ အဲလိုလွှဲပေးရတာ ရှိခဲ့ဖူးတယ်။
၁၉၉ဝ ရွေးကောက်ပွဲ နီးလာတဲ့အခါမှာ အမှုတွေကို မြန်မြန်စစ်ဆေးခဲ့တဲ့ ဟာမျိုးတွေ ရှိတယ်။ အခုဟာလည်း ၂ဝ၁ဝ ရွေးကောက်ပွဲ နီးလာတဲ့အတွက် မြန်မြန်ဆန်ဆန် စစ်ဆေးတဲ့ သဘောပါလိမ့်မယ် ထင်တယ်” ဟု ပြောသည်။