ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် အင်းစိန်ထောင်တွင် ၉ နှစ် ကျခံနေရသည့် လှိုင်သာယာမြို့နယ် အန်အယ်ဒီ မြို့နယ်စည်း အဖွဲ့ဝင် ဦးတင်ယုအား ထောင်ဝင်စာတွေ့ခွင့် တလပိတ်ကြောင်း သမီးဖြစ်သူက ပြောသည်။
ယခုလ ၁၆ ရက်နေ့တွင် ဖခင်ဖြစ်သူထံ ထောင်ဝင်စာသွားတွေ့သူ သမီးဖြစ်သူ မသင်းသင်းယုကို ထောင်ရဲက ထောင်ဝင်စာတွေ့ခွင့် တလ ပိတ်ပင်ထားကြောင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ကျမတို့ က ၁၆ ရက်နေ့က အဖေ့ကို ထောင်ဝင်စာ သွားတွေ့တာ။ နာမည်စာရင်း ပေးထားပြီး ဝင်ခါနီးကျမှ တပွင့်နဲ့ရဲက ထောင်ဝင်စာ ပိတ်ထားတယ်၊ တွေ့လို့မရဘူးလို့ ပြောတယ်။ ၁၂ ရက်နေ့ကတည်းက ထောင်ဆေးရုံမှာ ဆရာဝန်နဲ့ စကားများလို့ တိုက်ပို့ထားတယ်လို့ ပြောတယ်။ လူကိုမတွေ့ရဘဲ ပါသွားတဲ့ အစားအသောက်တွေကို သူတို့ကို အပ်ပြီး ပြန်လာခဲ့ရတယ်” ဟု မသင်းသင်းယုက မဇ္စျိမကို ပြောသည်။
၅၃ နှစ်အရွယ် ဦးတင်ယုသည် အစာအိမ်၊ သွေးတိုးနှင့် ကျီးပေါင်းရောဂါများ ခံစားနေရသည့်အတွက် ထောင်ကျပြီး နောက်ပိုင်း အင်းစိန်ထောင်ဆေးရုံတွင် တက်ရောက် ဆေးကုသမှု ခံယူနေရသူ ဖြစ်သည်။
“ကျမအဖေက နဂိုကတည်းက ကျန်းမာရေး မကောင်းဘူး။ သူတို့က ရိုးရိုးတိုက်ကို ပို့တယ်လို့ ပြောပေမယ့် စစ်ခွေးတိုက်ကို ပို့ခဲ့ရင် အရမ်းစိုးရိမ်ပါတယ်။ အာဏာပိုင်တွေ ကတော့ ကျမအဖေကို တလတခါ အပြင်မှာ ဆေးခန်းပြပေးတယ်” ဟု မသင်းသင်းယုက ပြောသည်။
ဦးတင်ယုသည် ၂၀၀၇ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း ရန်ကုန်တွင် ကုန်စျေးနှုန်း ကျဆင်းရေးနှင့် သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများ ဖြစ်ပွားရာ ပါဝင်ခဲ့သဖြင့် ၄၃ ရက်ကြာ စစ်ကြော ထိန်းသိမ်းခံ ရပြီးနောက် ပြန်လွတ်လာခဲ့သည်။
၂၀၀၈ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင်မူ လူတစုက ဝိုင်းဝန်းရိုက်နှက်သဖြင့် ဦးခေါင်းတွင် ၂၃ ချက် ချုပ်ရကာ၊ မျက်စိပါ ထိခိုက်ခဲ့ရပြီး၊ သြဂုတ်လ ၂၈ ရက်နေ့တွင် ထပ်မံ ဖမ်းဆီးခံရကာ အင်းစိန်ထောင်၌ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ထောင်ဒဏ် ရ နှစ်ခွဲ ချမှတ်ခဲ့သည်။ ပြီးခဲ့သည့် ၂ဝဝ၉ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့တွင်မူ နောက်တိုး ထောင်ဒဏ် ၂ နှစ် ထပ်မံ ချထားခံပြန်သည်။
ထို့ပြင် မကွေးတိုင်း သရက်ထောင်တွင် ထောင်ဒဏ် ၈ နှစ် ကျခံနေရသူ နိုင်ငံရေးအကျဉ်းသူ မနီမိုလှိုင်သည်လည်း ထောင်တွင်း၌ ကျန်းမာရေး အခြေအနေ ဆိုးရွား နေကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) - AAPP (B) က ပြောသည်။
“မနီမိုလှိုင်က လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကတည်းက ကျန်းမာရေး မကောင်းဘူးလို့ ကျနော်တို့ ကြားရပါတယ်။ ဒီနေ့လည်း ထပ်သိရတဲ့ သတင်းအရတော့ သူ့ကျန်းမာရေး အခြေအနေ စိုးရိမ်ရတဲ့ အနေအထားရှိပါတယ်။ အရင်ဖြစ်တဲ့ တိုက်ဖွိုက်ရောဂါက မပျောက်သေးဘူး။ ဒီလိုရောဂါမျိုးက ကျန်းမာရေးစောင့်ရှောက်မှု တအား လိုအပ် ပါတယ်'' ဟု AAPP (B) မှ တွဲဖက် အထွေထွေ အတွင်းရေးမှူး ကိုဘိုကြည်က မဇ္စျိမကို ပြောသည်။
''အစိုးရအနေနဲ့ ဖမ်းပြီးရင်လည်း အကျဉ်းသားတွေကို လုံလောက်တဲ့ အစာအာဟာရ၊ ဆေးဝါး ပေးရမှာပါ။ အဲလို မပေးနိုင်ရင် လွှတ်ပေးလိုက်ပါ။ အခုဟာက သေစေ ချင်တဲ့ ဆန္ဒနဲ့ တမင်ကို ဖမ်းချုပ်ထားပြီး ညှဉ်းဆဲထားတဲ့ သဘောပါ။ ဒါက လူ့ယဉ်ကျေးမှုနဲ့လည်း မကိုက်ညီပါဘူး။ စစ်အစိုးရအနေနဲ့ သတင်းစာထဲမှာတမျိုး အပြင်မှာ တမျိုး၊ အပြောတမျိုး အလုပ်တမျိုး လုပ်ရပ်တွေကို ရပ်တန်းက ရပ်သင့်ပါပြီ” ဟု သူက ဆက်ပြောသည်။
မနီမိုလှိုင်သည် ၂၀၀၈ ခုနှစ် ဇွန်လက အာဏာပိုင်များက ရန်ကုန်မြို့ မြေနီကုန်းရှိ အအေးဆိုင် တဆိုင်မှ ဖမ်းဆီးသွားပြီး နိုင်ငံတော် တည်ငြိမ်ရေးကို ပျက်ပြားစေမှု၊ တရားမဝင် အဖွဲ့အစည်းကို ဆက်သွယ်မှုတို့ဖြင့် ၂၀၀၉ ခုနှစ် မတ်လတွင် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံရခြင်း ဖြစ်သည်။