ကွယ်လွန်သူ စာရေးဆရာ တသက်တာ စာပေဆု ချီးမြှင့်ခံရ

ကွယ်လွန်သူ စာရေးဆရာ တသက်တာ စာပေဆု ချီးမြှင့်ခံရ
by -
ခိုင်စု

ကွယ်လွန်သူ စာရေးဆရာ မောင်ဆုရှင် (ဦးမျိုးသန့်) ကို စီးပွားရေး လုပ်ငန်းရှင် ဦးသိန်းထွန်း၏ ထွန်းဖောင်ဒေးရှင်းက ၂၀၀၈ ခုနှစ်အတွက် တသက်တာ စာပေဆု...

ကွယ်လွန်သူ စာရေးဆရာ မောင်ဆုရှင် (ဦးမျိုးသန့်) ကို စီးပွားရေး လုပ်ငန်းရှင် ဦးသိန်းထွန်း၏ ထွန်းဖောင်ဒေးရှင်းက ၂၀၀၈ ခုနှစ်အတွက် တသက်တာ စာပေဆု ချီးမြှင့်လိုက်သည်။

၄ ကြိမ်မြောက် စာပေဆုရစာရင်းကို ယခုလ ၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ ယခုနှစ်တွင် ပထမဆုံး စတင်ချီးမြှင့်သည့် တသက်တာ စာပေဆုအား ကွယ်လွန်သူ စာရေးဆရာကြီး ရရှိခြင်း ဖြစ်သည်။

“ဦးမျိုးသန့်ကို တသက်တာဆုအတွက် ရွေးချယ်လိုက်တာက သူဟာ စာဖတ်ပရိသတ်တွေအတွက်  အကျိုးရှိတဲ့ စာပေတွေကို အများကြီး ရေးသားခဲ့တဲ့သူ ဖြစ်တယ်။ သူသေဆုံးသွားခဲ့ပေမယ့်လည်း သူ့ကို ဂုဏ်ပြုချင်လို့ ချီးမြှင့်လိုက်တာပါ။ အခြားစာပေဆုတွေမှာ တသက်တာဆု ပေးနေတာ ကြာပြီ။ ကျနော်တို့က နောက်မှ ပေါ်လာတဲ့အတွက် အခု ပေးဖြစ်တာပါ” ဟု ထွန်းဖောင်ဒေးရှင်း စာပေဆု ရွေးချယ်ရေးကော်မတီမှ တာဝန်ရှိသူ တဦးက မဇ္စျိမကို ပြောသည်။

စာရေးဆရာ မောင်ဆုရှင်သည် ရ၇ နှစ်အရွယ်တွင် အဆုတ်အအေးမိ ရောဂါဖြင့် ရန်ကုန်မြို့၌ ပြီးခဲ့သည့်နှစ် ဇွန်လ ၂ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည်။

သုတပညာပေးစာပေ၊ သိပ္ပံပညာ ဆောင်းပါးများအပြင် ဝတ္တုအချို့လည်း ရေးသားခဲ့ရာ သုတ၊ ရသ စာအုပ်ပေါင်း ၂၀၀ ကျော် ထုတ်ဝေနိုင်ခဲ့သူ ဖြစ်သည်။

မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့တွင် အတွင်းရေးမှူး၊ ဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ် ဆောင်ရွက်နေရင်း ဆရာမောင်ဆုရှင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

စာပေလုပ်သက် အနည်းဆုံး နှစ် ၃ဝ ရှိပြီး အသက် ၆ဝ နှစ် အထက်ရှိသူ တိုင်းကျိုးပြည်ပြု စာရေး ဆရာများသာ ချီးမြှင့်ကြောင်း ထွန်းဖောင်ဒေးရှင်းက ဆိုသည်။

၂၀၀၈ ခုနှစ်အတွင်း ထုတ်ဝေခဲ့သည့် စာအုပ်/စာမူများအနက် စာဖတ် ပရိသတ်အတွက်် အကျိုးပြုသည်များကို စာပေဘာသာရပ် ၁၁ မျိုး သတ်မှတ်ကာ ကော်မတီက ဆုရရှိသူများကို စိစစ်ရွေးချယ်ခဲ့သည်။ မြန်မာဘာသာဖြင့် ရေးသားသည့် စာအုပ်/စာမူများအပြင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားသည့် စာအုပ်/စာမူများလည်း ပါဝင်သည်။

ထွန်းဖောင်ဒေးရှင်းက ၂ဝဝ၅ ခုနှစ်အတွက် စာပေဆုကို ၂ဝဝ၇ ခုနှစ်တွင် စာပေဘာသာရပ် ၈ မျိုးအတွက် ဆုများဖြင့် စတင်ချီးမြှင့်ခဲ့ပြီး တနှစ်ထက်တနှစ် ဆုအရေအတွက် တိုးလာကာ ယခုအခါ တသက်တာ စာပေဆုပါ ပါဝင်လာသဖြင့် စာပေဘာသာရပ် ၁၁ မျိုး ဖြစ်လာသည်။

"စပေးတုန်းက ဘာသာရပ် ၈ မျိုးပဲ ပေးနိုင်ခဲ့ပါတယ်။ နောက်နှစ်တွေမှာ တခြားဆုတွေ တိုးတိုးလာတယ်။ အခုနောက်ဆုံး တိုးတာက တသက်တာဆုပါ။ တကယ်ဆိုရင် ၂ဝဝ၈ ခုနှစ်အတွက်ကို ၂ဝဝ၉ မှာ ပေးရမှာပါ။ ဒါပေမဲ့ အမျိုးသား စာပေဆုပေးပွဲပြီးမှ လုပ်မှာဆိုတော့ ၂ဝ၁ဝ ကို ရောက်သွားတာပါ" ဟု ကော်မတီဝင်က ပြောသည်။

ယခုလို စာပေဆုများ ပိုမိုပေါ်ပေါက်လာခြင်းသည် စာပေလောကအတွက် အကောင်းလက္ခဏာဖြစ်ကြောင်း ပြီးခဲ့သည့်နှစ်တွင် 'ဘဝဇာတ်ခုံ' စာအုပ်ဖြင့် ထွန်းဖောင်ဒေးရှင်း စာပေဆု ရရှိခဲ့သူ စာရေးဆရာ ကျော်ရင်မြင့်က မဇ္စျိမကို ပြောသည်။

သူက ဆက်ပြီး “ထွန်းဖောင်ဒေးရှင်း စာပေဆုရွေးချယ်ရေး ကော်မတီက  တော်တော်လေးကို ကြိုးစား စိစစ်ပြီး လွတ်လွတ်လပ််လပ်၊ မျှမျှတတ ရွေးချယ်ထားတယ်လို့ မြင်တယ်။ အခုလို ပုဂ္ဂလိကစာပေဆုတွေ ပေါ်လာတာ မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ အလွန်ကြီးမားတယ်။ ဆုပေးတဲ့ အဖွဲ့တွေကလည်း သူတို့ဆု ဂုဏ်သိက္ခာရှိအောင် ဂုဏ်သိက္ခာရှိတဲ့ စာအုပ်တွေကို ရွေးချယ်ပေးကြတာပါ။ ဒါကြောင့်မို့ တကယ် ရသင့်တဲ့ စာအုပ်တွေ၊ စာမူတွေ ဆုရကြတယ်လို့ မြင်ပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အာဏာပိုင်များက ချီးမြှင့်သော အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာပေဆုအပြင် တသီးပုဂ္ဂလ အသင်းအဖွဲ့များက ချီးမြှင့်သည့် ပခုက္ကူဦးအုံးဖေ စာပေဆု၊ သုတစွယ်စုံဆု၊ ဆရာဝန်တင်ရွှေဆု၊ ရွှေအမြုတေ စာပေဆု စသဖြင့် စာပေဆုပေါင်း မြောက်မြားစွာ ရှိသည်။

“ဒီလို ရသစာပေဆုတွေအပြင် ပိုလစ်ဇာဆုလို အဆင့်ရှိတဲ့ သတင်းတွေကို သတင်းဆု၊ သတင်းဓာတ်ပုံဆု တွေပါ ရှိသင့်ပါတယ်။ အခုဆိုရင် သတင်းဂျာနယ်တွေ တော်တော်များများ မြန်မာနိုင်ငံမှာ ရှိနေပါပြီ။ ဒီလိုပေးခြင်းဖြင့် သတင်းသမားတွေကလည်း ပိုကြိုးစားလာမယ်၊ မြန်မာသတင်းစာပညာကလည်း ပိုတိုးတက်လာမယ်လို့ ထင်ပါတယ်” ဟု စာရေးဆရာ ကျော်ရင်မြင့်က ဆိုသည်။

ထွန်းဖောင်ဒေးရှင်းသည် ယခုနှစ် စတုတ္ထအကြိမ်အထိ စာပေဆုပေါင်း ၄ဝ နီးပါးခန့် ချီးမြှင့်ပြီးဖြစ်သည်။

စစ်အာဏာပိုင်များနှင့်နီးစပ်ပြီး Pepsi ဖျော်ရည် လုပ်ငန်းရှင်ဖြစ်ခဲ့သူ ဦးသိန်းထွန်းသည် စီးပွားရေး ဘဏ်များအပြင် ကုမ္ပဏီများစွာလည်း ပိုင်ဆိုင်ထားသည်။ ထို့ပြင် အစိုးရ စီမံကိန်းဝင် စိုက်ပျိုးရေးလုပ်ငန်း၊ လူမှုရေးလုပ်ငန်းများလည်း လုပ်ကိုင်နေသူဟု လူသိများသည်။

၁၉၉၄ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည့် ထွန်းဖောင်ဒေးရှင်းဘဏ်မှ အကျိုးအမြတ်ဖြင့် ထွန်းဖောင်ဒေးရှင်း စာပေဆုကို ချီးမြှင့်ကြောင်းနှင့် ပန်းချီ၊ ပညာရေး အစရှိသည့် လူမှုအထောက်အကူပြု ဆုများလည်း ချီးမြှင့်လေ့ရှိကြောင်း သိရသည်။