တွေ့ဆုံ ဆွေးနွေးရန် ဝ ဥက္ကဋ္ဌ ငြင်းဆို

တွေ့ဆုံ ဆွေးနွေးရန် ဝ ဥက္ကဋ္ဌ ငြင်းဆို
by -
ဖနိဒါ
နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စ ထပ်မံ ဆွေးနွေးရန် နအဖ ဒုဗိုလ်ချုပ်ကြီးရဲမြင့်က တွေ့ဆုံလိုသည်ကို ဝ’ ပြည် သွေးစည်းညီညွတ်ရေးပါတီ - UWSP ဥက္ကဋ္ဌ ပေါက်ယူချန်းက ကျန်းမာရေး အကြောင်းပြချက်ဖြင့် မကြာသေးခင်က...

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စ ထပ်မံ ဆွေးနွေးရန် နအဖ ဒုဗိုလ်ချုပ်ကြီးရဲမြင့်က တွေ့ဆုံလိုသည်ကို ဝ’ ပြည် သွေးစည်းညီညွတ်ရေးပါတီ - UWSP ဥက္ကဋ္ဌ ပေါက်ယူချန်းက ကျန်းမာရေး အကြောင်းပြချက်ဖြင့် မကြာသေးခင်က ငြင်းဆိုလိုက်သည်။

ယခုလဆန်းပိုင်းတွင် စစ်ဘက်ရေးရာ လုံခြံုရေးဌာန - စရဖ အကြီးအကဲ ဗိုလ်ချုပ်ကြီးရဲမြင့်က ဖုန်းဖြင့် ပြောဆိုလာခြင်းဖြစ်ကြောင်း UWSP ပါတီ လက်အောက်ခံဖြစ်သည့် ဝ' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် - UWSA မှ ဗိုလ်မှူးတဦးက မဇ္စျိမကို ပြောဆိုသည်။

“ဗိုလ်ချုပ်ရဲမြင့်က တွေ့ချင်တယ်လို့ ဖုန်းကနေတဆင့် အကြောင်းကြားလာတယ်။ ကျနော်တို့ဘက်က ဘာဘဲဖြစ်ဖြစ် တွေ့ဆုံစကားပြောရမှာပဲ။ ဥက္ကဋ္ဌက အကြာကြီး စကားပြောလို့တော့ မရဘူး။ ခဏတဖြုတ်တော့ ပြောလို့ရတယ်။ ကျန်းမာရေးကြောင့်ပေါ့” ဟု အမည်မဖော်လိုသူ ဝ’ ဗိုလ်မှူးက ပြောသည်။

မည်သည့်နေရာတွင် တွေ့ဆုံသည်ဖြစ်စေ ဝ’ တပ်ဖွဲ့အနေဖြင့် ဗိုလ်ချုပ်ကြီးရဲမြင့်ထံ နိုဝင်ဘာလက တင်ပြခဲ့သော အချက် ၉ ချက်ကို ဆက်လက်ကိုင်စွဲသွားမည်ဟု အဆိုပါအရာရှိက ပြောသည်။

ယခုလ ၅ ရက်နေ့တွင် ဝ' တပ်ဖွဲ့ ဥက္ကဋ္ဌ ပေါင်ယူချန်းနှင့် တွေ့ဆုံလိုကြောင်း ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်က ဝ’ ဆက်သွယ်ရေး တာဝန်ခံမှတဆင့် ဆက်သွယ်လာသည်ကို ကိုယ်တိုင်သွားမတွေ့နိုင်ကြောင်း တုံ့ပြန်ခဲ့သည်ဟု ရှမ်းနှင့် တရုတ်နယ်စပ် သတင်းများကို စောင့်ကြည့်ဖော်ပြနေသည့် ရှမ်းသံတော်ဆင့် သတင်းဌာန လက်ထောက် အယ်ဒီတာကလည်း ပြောသည်။

“ခင်ဗျားတို့ ကျုပ်တို့ ဌာနချုပ်လာပြီးတော့ ဆွေးနွေးနိုင်တယ်။ အချိန်မရွေးလာနိုင်တယ်။ ကျနော်ကိုယ်တိုင်က မသွားနိုင်ဘူး။ ဥက္ကဋ္ဌကြီးအနေနဲ့က တခြားနေရာကို သွားလို့မရဘူး။ ဥက္ကဋ္ဌကိုယ်တိုင်က မသွားဘူးလို့ ပြောလိုက်တယ်” ဟု လက်ထောက်အယ်ဒီတာ ဦးစိန်ကြည်က မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း ဒုဗိုလ်ချုပ်ကြီးရဲမြင့် ဦးဆောင်သည့် နအဖ ကိုယ်စားလှယ်အဖွဲ့နှင့် UWSP ဒု-ဥက္ကဋ္ဌ ပေါဝ်းယျိုလျှန် အဖွဲ့တို့အကြား နယ်ခြားစောင့်တပ် အရေး ဆွေးနွေးခဲ့သော်လည်း ယခုထိ သဘောတူညီမှု မရရှိသေးဘဲ ဖြစ်နေသည်။ နအဖ က ဝ’ အဖွဲ့ကို အဖြေပေးရန် သတ်မှတ်ပေးထားသည့် ကာလကို ကျော်လွန် သွားပြီဖြစ်သည်။

ဝ’ ဥက္ကဋ္ဌ ပေါင်ယူချန်းက ပန်ဆန်းဌာနချုပ်ရှိ WSTV ရုပ်မြင်သံကြားမှတဆင့် တရုတ်၊ မြန်မာ နှစ်ဘာသာဖြင့် နအဖမှ ထိပါးကျူးကျော်လာလျှင် အဆင်သင့်ပြင်ဆင် ထားကြောင်း နေ့စဉ် နံနက်နှင့် ညနေတွင် ၁ဝ မိနစ်ခန့်စီ ကိုယ်တိုင်ရုပ်ပြ၍ မိန့်ခွန်းများ ထုတ်လွှင့်နေကြောင်း ဦးစိန်ကြည်က ပြောသည်။

ရုပ်မြင်သံကြား အစီအစဉ်မှာ နံနက် ရ နာရီမှ ၉ နာရီတွင်း တကြိမ်၊ ညနေ ၆ နာရီမှ ၈ နာရီကြား တကြိမ် နေ့စဉ် ထုတ်လွင့်နေခြင်း ဖြစ်သည်။

ထို့ပြင် ယခုသတ္တပတ်အတွင်း ထုတ်ဝေသည့် “ယနေ့ ဝ' ပြည်နယ်” ဂျာနယ်တွင်လည်း ဥက္ကဋ္ဌ၏ အလားတူ မိန့်ခွန်းများ ကိုးကားဖော်ပြထားသည်ဟု ဆိုသည်။

စစ်အစိုးရက အပစ်ရပ် တိုင်းရင်းသားအဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ယခုနှစ် ဧပြီလ ၂၈ ရက်နေ့မှ စတင်၍ ကမ်းလှမ်းခဲ့သည်။ UWSA သည် ဗမာပြည် ကွန်မြူနစ်ပါတီ - ဗကပ မှ ၁၉၈၉ ခုနှစ်တွင် ခွဲထွက်၍ ထိုနှစ်အတွင်း စစ်အစိုးရနှင့် အပစ်ရပ်စဲခဲ့သည်။

Most read this week