၂၁ ရာစုနှစ် အကြာဆုံး နေကြတ်မှု မြန်မာပြည်မှာ မြင်ရမည်

၂၁ ရာစုနှစ် အကြာဆုံး နေကြတ်မှု မြန်မာပြည်မှာ မြင်ရမည်
by -
မြင့်မောင်

၂၁ ရာစုအတွင်း အချိန်အကြာဆုံး ဖြစ်လာမည့် ငါးနာရီကျော် ကြာမြင့်မည့် နေကြတ်မှုဖြစ်စဉ်ကို မြန်မာပြည် အလယ်ပိုင်းဒေသများ သောကြာနေ့တွင် တွေ့မြင်ရမည်ဟု မြန်မာနိုင်ငံ ဝေဒ သုတေသန အဖွဲ့ချုပ်က...

၂၁ ရာစုအတွင်း အချိန်အကြာဆုံး ဖြစ်လာမည့် ငါးနာရီကျော် ကြာမြင့်မည့် နေကြတ်မှုဖြစ်စဉ်ကို မြန်မာပြည် အလယ်ပိုင်းဒေသများ သောကြာနေ့တွင် တွေ့မြင်ရမည်ဟု မြန်မာနိုင်ငံ ဝေဒ သုတေသန အဖွဲ့ချုပ်က ပြောဆိုသည်။

မြန်မာပြည် အလယ်ပိုင်း မုံရွာ၊ ရွှေဘို၊ ပုဂံ၊ ညောင်ဦး၊ ပုပ္ပါး၊ မန္တလေးတောင်နှင့် စစ်ကိုင်းတောင်တို့ အပါအဝင် မြို့နယ် ၁၇ မြို့နယ်တွင် နေကြတ်မှုဖြစ်စဉ်ကို ယခုလ ၁၅ ရက်နေ့တွင် တွေ့မြင်ကြမှာဖြစ်ပြီး ဝေဒအဖွဲ့ချုပ် အဆိုအရ မြန်မာစံတော်ချိန် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီကျော် ၄ နာရီမထိုးခင် ပြီးဆုံးသွားမည်ဟု သိရသည်။

“နေကြတ်၊ လကြတ်ပြီးရင် နိမိတ်တွေ စောင့်ကြည့်ရတယ်။ ငလျင်တွေ လှုပ်သလား၊ တော်လဲသလား၊ မိုးတွေ ရွာသလား။ အဲဒီနိမိတ်တွေကို ကြည့်ပြီးတော့မှ ဆုံးဖြတ် ရပါတယ်။ နေကြတ်ပြီးတော့ မိုးရွာချလို့ရှိရင် ဆိုးပြစ်တွေ အကုန်မျောပါသွားတယ်လို့ ဆိုပါတယ်။ နေကြတ်တဲ့အခါ ကြတ်တဲ့နေရဲ့ အရောင်အဆင်းကို ကြည့်ရပါတယ်။ ဟိုလိုဖြစ်မယ်၊ ဒီလိုဖြစ်မယ်ဆိုတာ ပြောလို့မရပါဘူး။ တနှစ်ကို နေကြတ်လကြတ် ၂ ကြိမ် ဖြစ်ပါတယ်” ဟု ဝေဒ အဖွဲ့ချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်မြင့်က မဇ္စျိမကို ပြောသည်။

“ရွှေဘို၊ မုံရွာက အတည့်ဆုံး ဖြစ်နေတယ်။ အပြည့်မြင်ရမှာက မန္တလေးလည်း ပါတယ်။ ရန်ကုန်က အပြည့် မမြင်ရပါဘူး။ တစိတ်တပိုင်း ကြတ်တာပဲ မြင်ရမှာပါ။ စစ်တွေဘက်ပိုင်းက စဝင်လာပြီးတော့ မြန်မာနိုင်ငံ အလယ်ပိုင်း ရွှေဘို၊ မုံရွာကနေ ရှမ်းပြည်ဘက်ကို တက်ပြီး တရုတ်ပြည်ဘက်ကို ရောက်သွားမှာ။ နေကြတ်တာ၊ ထွက်လာတာ၊ ဝင်သွားတာတို့ကို ကြည့်ပြီး ကောင်းကျိုး ဆိုးပြစ်တွေ ပါတယ်”  နေကြတ်ခြင်းကို အထင်ရှားဆုံး တွေ့မြင်ရမည့်အချိန်မှာ ညနေ ၃ နာရီ ၅ မိနစ်မှ ၃ နာရီ ၁၅ မိနစ်အတွင်း ဖြစ်မည်ဟု ခန့်မှန်းထားသည်။

''အခုဟာက ကျနော်တို့က ၁၀ နာရီကျော်လောက်မှာ ကြတ်မှာ၊ ညနေ ၃-၄ နာရီလောက်မှ ဆုံးမှာဆိုတော့ ကြတ်ရက်ကြီး ထွက်လာတာလည်း မမြင်ရပါဘူး၊ ဝင်သွားတာလည်း မမြင်ရပါဘူး။ အမဲကြီး ထွက်လာတာတို့၊ အမဲကြီး ဝင်သွားတာတို့ မြင်ရတဲ့ နိုင်ငံတွေမှာတော့ မကောင်းတတ်ဘူးလို့ ဆိုပါတယ်'' ဟု ဦးကျော်မြင့်က ပြောသည်။

နေကြတ်မှုဖြစ်စဉ်သည် အိန္ဒိယ သမုဒ္ဒရာကို ဖြတ်၍ အိန္ဒိယ တောင်ပိုင်း၊ သိရီလင်္ကာ၊ ဘင်္ဂလားဒေ့ချ်၊ မြန်မာနှင့် တရုတ်နိုင်ငံများ မြင်တွေ့ရမည် ဖြစ်သည်။