ချင်းမိုင် (မဇ္ဈိမ)။ ။ ၆၂ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ မနောပွဲ အခမ်းအနားပွဲသို့ ကချင်အမျိုးသား လွတ်မြောက်ရေး အဖွဲ့အား စစ်ဝတ်စုံဖြင့် တက်ရောက်ရန် မြောက်ပိုင်းတိုင်းမှူးက ပြန်လည် ခွင့်ပြုလိုက်ကြောင်း သိရသည်။
မြောက်ပိုင်းတိုင်းမှှူး ဗိုလ်ချုပ်စိုးဝင်းက ကေအိုင်အိုအဖွဲ့ဝင်များအား ရိုးရာ မနောပွဲသို့ အဖွဲ့၏ စစ်ဝတ်စုံဖြင့် မတက်ရန် ဒီဇင်ဘာ ၃၁ ရက်နေ့က ညွှန်ကြားထားခဲ့ရာမှ နှစ်ဖက်တင်းမာခဲ့ပြီးနောက် ယမန်နေ့က ပြန်လည် ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း ကေအိုင်အို အရာရှိတဦးက ပြောသည်။
ခွင့်ပြုကြောင်းကို မြောက်ပိုင်းတိုင်း စစ်ဘက်ရေးရာလုံခြံုရေး (စရဖ) မှ ဗိုလ်မှူးကြီး သက်ပုံက ကေအိုင်အို အတွင်းရေးမှူး ဒေါက်တာလဂျာအား ယမန်နေ့ မနက်က ဖုန်းဖြင့် အကြောင်းကြားခဲ့သည့်အပြင် မြစ်ကြီးနားမြို့ရှိ ကေအိုင်အို ဆက်ဆံရေးရုံးသို့လည်း စာပို့၍ အကြောင်းကြားလိုက်သည်။
“ကျနော်တို့ အမြဲတမ်း အလုပ် အတူလုပ်ရမယ်။ စစ်ဝတ်စုံလည်း ဝတ်လို့ရပါတယ်လို့ ပြောလာတယ်။ အစတော့ စစ်ဝတ်စုံ မဝတ်ရဘူးပြောလို့ မသွားတော့ဘူး လုပ်ထားတာ” ဟု ကေအိုင်အို အရာရှိက မဇ္စျိမကို ပြောသည်။
ပထမပိုင်းတွင် စစ်ဝတ်စုံဖြင့် မလာရဟု တားမြစ်ခဲ့သဖြင့် ကေအိုင်အိုက ယင်းကိစ္စနှင့် ပတ်သက်ပြီး ၆ ရက်နေ့က ဌာနချုပ် လိုင်ဇာမြို့၌ အစည်းအဝေး ပြုလုပ်ကာ ကိုယ်စားလှယ်များသာ တက်ရောက်ရန် ဆုံးဖြတ်ခဲ့သည်။
သို့သော် ပြန်လည် ခွင့်ပြုသဖြင့် ယနေ့တွင် ကေအိုင်အို ဥက္ကဋ္ဌ ဇောင်းခရား၊ ဒု-ဥက္ကဋ္ဌ ဦးအင်ဘန်လ၊ အတွင်းရေးမှူး ဒေါက်တာ လဂျာ၊ ဗဟို ကော်မတီဝင်များဖြစ်သည့် ဦးလမာ ဂွမ်ဖန်း၊ ဦးဆင်ဝါး၊ လဂျောင် ခေါင်လွမ်းတို့ အပါအဝင် ထိပ်ပိုင်းခေါင်းဆောင် ရ ဦးခန့်၊ ကေအိုင်အို အမျိုးသမီး အဖွဲ့နှင့် ကချင်စစ်သားများ စုစုပေါင်း ၁၀၀ ဦးကျော် တက်ရောက်ခဲ့သော်လည်း စစ်သားများမှာမူ ဝင်ရောက် ကပြခြင်းမရှိကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်တွင် ကချင်စစ်သားများ အပါအဝင် ကေအိုင်အို အဖွဲ့ဝင် ၁၀၀၀ ကျော် တက်ရောက် ကပြခဲ့သည်။
ယခုနှစ် မနောပွဲတွင် ကချင်ရိုးရာဖြစ်သည့် ဒူးလေးနှင့် တူမီးသေနတ်များ ကိုင်ဆောင် ကခုန်ခွင့်လည်း ပိတ်ပင် ထားသည်။
ကချင်ပြည်နယ်နေ့ အခမ်းအနား မနောပွဲကို ယနေ့ နံနက် ၈နာရီမှ စတင်ကာ ဖဲကြိုးဖြတ်ခြင်း၊ ဆုတောင်း ဝတ်ပြုပြီးနောက် တက္ကသိုလ် ကျောင်းသားများ၊ ရိုးရာ ယဉ်ကျေးမှု အဖွဲ့များ အပါအဝင် အဖွဲ့ ၆ ဖွဲ့ မှ လူပေါင်း (၁၀၀၀) ကျော် ကပြခဲ့ကြောင်း အခမ်းအနား တက်ရောက်သူ တဦးထံမှ သိရသည်။
ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကျရောက်သည့် ကချင်ပြည်နယ်နေ့ အခမ်းအနားပွဲကို ယခုလ ၅ ရက်မှ ၁၁ ရက်နေ့အထိ ကျင်းပနေရာ မြောက်ပိုင်းတိုင်း လက်အောက်ခံ စစ်ဗျူဟာရုံးကို မနောကွင်းအတွင်း ထားရှိပြီး လက်နက်အပြည့်စုံဖြင့် လုံခြံုရေး အမြောက်အများ ချထားကြောင်း မနောပွဲ ကော်မတီဝင် တဦးက ပြောသည်။
ထို့အပြင် မနောပွဲ ကျင်းပသည့် စီတာပူရပ်ကွက်၊ ဒူကထောင်ရပ်ကွက်၊ သီတာရပ်ကွက်နှင့် အနီးအနားရှိ အင်ဂျန်းကောင်၊ တပ်ကုန်ကျေးရွာများတွင်လည်း လက်နက်ကိုင် တပ်ဖွဲ့ဝင်များ စောင့်ကြည့်နေကြောင်း အဆိုပါ ဒေသခံက ပြောသည်။
မနောပွဲကာလ၌ ၂၀၀၅ ခုမှစ၍ ကချင်ဘာသာဖြင့် မနောပွဲ ကျင်းပရေး ကော်မတီက နှစ်စဉ် ထုတ်ဝေလာခဲ့သော သတင်းလွှာပါ သတင်း၊ ဆောင်းပါး အားလုံးကို ကချင် ဘာသာတမျိုးတည်းဖြင့် ထုတ်ဝေခွင့် ပေးမည်မဟုတ်ပဲ ဗမာ၊ ကချင် ဘာသာနှစ်မျိုးဖြင့် ထုတ်ဝေရန် နေပြည်တော်မှလာသည့် စစ်အစိုးရ အရာရှိများက စောင့်ကြည့် ညွှန်ကြားခဲ့သည်။
ယနေ့ မွန်းလွဲပိုင်း၌မူ ကချင်ဘာသာဖြင့် “(62) Ning Hpring Mungdaw Nhtoi” အမည် ပေးထားပြီး ဗမာဘာသာဖြင့် “(၆၂) နှစ်မြောက် ကချင်ပြည်နယ်နေ့ မနောပွဲတော် သတင်းလွာ” ကို ထုတ်ဝေနိုင်ခဲ့သော်လည်း ပထမ စာမျက်နှာတွင် နအဖ၏ ဝါဒဖြန့်ချိရေးစာများ ဖော်ပြခဲ့ရကြောင်း ကချင်သတင်းစဉ် KNG ထံမှ သိရသည်။
ပြည်နယ်ပွဲတော်သို့ ကေအိုင်အို ခွဲထွက်ရေး အဖွဲ့မှ ခွဲထွက်ကာ ပြည်သူ့စစ်အသွင် ပြောင်းလိုက်သည့် လဆန်အောင်ဝါ အဖွဲ့ဝင်များနှင့် နယ်ခြားစောင့်တပ် အသွင်ပြောင်းပြီးဖြစ်သည့် ကချင် ဒီမိုကရက်သစ် တပ်မတော် (NDAK) အဖွဲ့ဝင်များလည်း ယနေ့ တက်ရောက်သည်ဟု သိရသည်။
ယနေ့ညနှင့် မနက်ဖြန်ညများတွင် နာမည်ကြီး နာမည်ကြီး အဆိုတော်များဖြစ်သည့် လေးဖြူ၊ အငဲ၊ ဝိုင်ဝိုင်း၊ မျိုးကြီး၊ ချမ်းချမ်း၊ ရှင်ဖုံးတို့ Iron Cross တီးဝိုင်းဖြင့် သီဆိုဖျော်ဖြေမည် ဖြစ်ကြောင်း သိရသည်။
(ကိုဝိုင်း တည်းဖြတ်သည်။)