လမ်းပြမြေပုံအတွက် ဘွဲ့နှင့် ဆုများ ချီးမြှင့်မည်

လမ်းပြမြေပုံအတွက် ဘွဲ့နှင့် ဆုများ ချီးမြှင့်မည်
by -
ဆလိုင်းဟံသာစန်း
ချမှတ်ထားသည့် လမ်းပြ မြေပုံအတိုင်း စွမ်းစွမ်းတမံ ပါဝင်သူများအား စစ်အစိုးရက ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဆုတံဆိပ်များ ၃၈ မျိုး ချီးမြှင့်သွားမည်ဟု ဆို ...

နယူးဒေလီ (မဇ္စျိမ)။     ။ ချမှတ်ထားသည့် လမ်းပြ မြေပုံအတိုင်း စွမ်းစွမ်းတမံ ပါဝင်သူများအား စစ်အစိုးရက ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဆုတံဆိပ်များ ၃၈ မျိုး ချီးမြှင့်သွားမည်ဟု ဆိုသည်။

ဂုဏ်ထူးဆောင်ဘွဲ့ ၁၆ မျိုးနှင့် ဆုတံဆိပ် ၂၂ မျိုးကို ချီးမြှင့်သွားမည့်အကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာက ထုတ်ပြန် ရေးသားလိုက်ခြင်း ဖြစ်သည်။

၁၉၄၈ ခုနှစ်တွင် ဖဆပလအစိုးရက ပြဋ္ဌာန်းခဲ့သည့် ဂုဏ်ထူးဆောင်ဘွဲ့ ၁၃ မျိုးနှင့် ဆုတံဆိပ် ၁၂ မျိုး ချီးမြှင့်ခဲ့သည့် အထဲမှ ဘွဲ့အားလုံးနှင့် ဆုတံဆိပ် ၉ မျိုး ပြန်လည်ပါဝင်သည်ဟု ဆိုထားသည်။

ထို့ပြင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ မဆလခေတ်တွင် ပြဋ္ဌာန်းခဲ့သည့် ဆုတံဆိပ်များအပြင် စစ်အစိုးရက အသစ်ထပ်မံ ပြဋ္ဌာန်းလိုက်သည့် နိုင်ငံတော် စစ်မှုထမ်း သင်္ဂဟ တံဆိပ်နှင့် နိုင်ငံတော် အေးချမ်းသာယာရေး တံဆိပ်တို့လည်း ပါဝင်သည်။

“ဆုတွေကတော့ လမ်းစဉ် ပါတီခေတ်ကလည်း ပေးခဲ့သေးတာပဲ။ အခုက ရွေးကောက်ပွဲ လုပ်မယ်ဆိုပြီး ပြောထားတဲ့ အခါကျတော့ သူတို့ကို ထောက်ခံတဲ့လူတွေကို ပြန်ချီးမြှောက်မယ့်အပေါ်မှာ ဘာမှပြောစရာ မရှိပါဘူး။ ဘယ်အစိုးရပဲ ဖြစ်ဖြစ်လေ သူတို့ကို ထောက်ခံတဲ့လူကို ပေးမှာပါပဲ။ သူတို့မှာက ဘာမဆို လုပ်နိုင်တဲ့ အခွင့်အရေး ရှိနေတာကိုး” ဟု ရန်ကုန်ရှိ ဝါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက မဇ္စျိမကို ပြောသည်။

မဆလ ပါတီက ၁၉၇၈ ခုနှစ်တွင် ပါလီမန်ခေတ်က ပေးအပ်ခဲ့သော ဘွဲ့များအားလုံးနှင့် ဆုတံဆိပ် ၂ ခုတို့ကို ချီးမြင့်ခြင်း မရှိတော့ဘဲ နိုင်ငံ့ဂုဏ်ရည်ဘွဲ့၊ လမ်းစဉ်ဇာနည်ဘွဲ့ စသည့် ဘွဲ့အသစ်များနှင့် ဆုတံဆိပ် အသစ်ပေါင်း ၃၁ မျိုး ဖန်တီးကာ ၁၉၈၈ ခုနှစ်အထိ ချီးမြှင့်ခဲ့သေးကြောင်း သိရသည်။

ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်ခံရပါက သားစဉ်မြေးဆက် ဆက်လက် ထိန်းသိမ်းခွင့် ရရှိမည်ဖြစ်ပြီး ယခင်က ချီးမြှင့်ခဲ့သည့် ဘွဲ့များနှင့် ဆုများအတွက်လည်း ခံစားခွင့်များ ဆက်လက် ပေးအပ်သွားမည်ဟု သတင်းစာတွင် ဖော်ပြထားသည်။

စစ်အစိုးရသည် ၎င်းတို့ ချမှတ်ထားသည့် နိုင်ငံရေး လုပ်ငန်းစဉ် အဆင့် ရ ဆင့်အနက် အဆင့် ၅ ဖြစ်သည့် အထွေထွေ ရွေးကောက်ပွဲကို ယခုနှစ်အတွင်း ကျင်းပသွားမည်ဟု ထုတ်ဖော် ကြေညာထားပြီး ဖြစ်သည်။

ပြီးခဲ့သည့်နှစ် မေလအတွင်းကလည်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့ရာ လိမ်လည်မှုများ ရှိခဲ့ကြောင်း အတိုက်အခံများက ဝေဖန် ပြောဆိုခဲ့ကြသည်။

Most read this week