ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက လွှတ်ပေးမည်ဟု ကောလာဟလများ ထွက်ပေါ်နေချိန်တွင် ဗဟို တရားရုံးချုပ်က သူမအပေါ် ချမှတ်ထားသော ပြစ်ဒဏ် ပြင်ဆင်ပေးရန်အတွက် အယူခံ တင်သွင်းခြင်းကို ယနေ့ လက်ခံ လိုက်သည်။
ယနေ့နံနက် ၁၁ နာရီခန့်တွင် လျှောက်လဲချက်ကို ဗဟို တရားရုံးချုပ်က ကြားနာခဲ့ပြီးနောက် အသက် ၆၄ နှစ် အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ၁၈ လဖြင့် ဆိုင်းငံ့ ပြစ်ဒဏ်ချထားသည်ကို ပြင်ဆင်ရန် လျှောက်လဲထားမှုအပေါ် လက်ခံကြားနာရန် ညနေ ၃ နာရီကျော်တွင် အမိန့် ချမှတ်လိုက်ခြင်း ဖြစ်သည်။
“တရားရုံးချုပ်က လက်ခံလိုက်ပါပြီ။ ဒီနေ့အမှုက ဒေါ်စု၊ ဒေါ်ဝင်းမမတို့သားအမိ တက်တယ်။ အစိုးရဘက်က တက်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။ သို့သော် မည်သည့် နေ့ရက်တွင် နှစ်ဖက် အပြီးသတ် လျှောက်လဲချက် ပေးရမည်ကိုမူ ထုတ်ပြန်ခြင်း မရှိသေးပေ။
လျှောက်လဲချက် လက်ခံလိုက်ခြင်း အပေါ် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်ဘက်၏ ရှေ့နေများက အကောင်းမြင်လျက်ရှိပြီး တရားဥပဒေပါ အချက်အလက်များကို ကျယ်ပြန့်စွာ တင်ပြခွင့်ရခြင်းဟု ဦးဉာဏ်ဝင်းက ပြောသည်။
အတိုက်အခံ ခေါင်းဆောင်၏ ရှေ့နေများက စီရင်ချက်ချရာတွင် ကိုးကားခဲ့သော ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံဥပဒေမှာ ပျက်ပြယ်ပြီး ဖြစ်သဖြင့် ယင်း ဥပဒေအရ စီရင်ခြင်း မှာလည်း တရားမဝင်ကြောင်း အမှုပြင်ဆင်ချက်တွင် တင်ပြထားသည်။
တရားလိုအစိုးရ ရှေ့နေများဘက်က ၁၉၇၄ ခု အခြေခံဥပဒေသည် ရပ်ဆိုင်းသွားသော်လည်း တချို့သာ ပျက်ပြယ်သွားခြင်း ဖြစ်သည်ဟု ပြန်လည်၍ စောဒက တက်ခဲ့ကြသည်။
အင်လျားကန်စောင်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ အိမ်အတွင်းသို့ အမေရိကန် နိုင်ငံသားတဦး ယခုနှစ် မေလဆန်းတွင် ခိုးဝင်ခဲ့သည်ကို ဧည့်ခံမှုဖြင့် မြောက်ပိုင်း ခရိုင်တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့သည်။
ပြစ်ဒဏ်ကို ပြင်ဆင်ပေးရန် ခရိုင်ထက် တဆင့်မြင့် ရန်ကုန်တိုင်း တရားရုံးတွင် သူမ၏ ရှေ့နေများက အယူခံ တင်သွင်းခဲ့ရာ ပယ်ချခံရပြီးနောက် ဗဟို တရားရုံးချုပ်သို့ ဆက်လက် တင်သွင်းခဲ့သည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ အချုပ်အနှောင်ဘဝဖြင့် ၁၄ နှစ်ကျော် ဖြတ်သန်းနေခဲ့ရသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးက နိုင်ငံခြား တိုင်းပြည်များ၏ ပိတ်ဆို့ အရေးယူများ ဖယ်ရှားရေး ပါဝင်ဆောင်ရွက်မည်ဟု စာရေးသား ပေးပို့ပြီးနောက် ပါတီသက်ကြီးပိုင်း ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့်ပြုခြင်းနှင့် စစ်အစိုးရဘက်က ကိုယ်စားလှယ် စေလွှတ်မှုများ ပိုမိုလုပ်လာခဲ့ပြီးနောက် အကျယ်ချုပ်မှ လွှတ်ပေးနိုင်သည်ဆိုသော ကောလာဟလများ နိုင်ငံရေး အသိုင်းအဝိုင်းတွင် ဖြစ်ထွန်းနေသည်။
အန်အယ်ဒီ ရုံးချုပ်တွင်လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာလျှင် ရုံးထိုင်နိုင်ရန် ရုံးခန်း ပြင်ဆင်မှုများ ပြုလုပ်လာနေသည်။
(ကိုဝိုင်း တည်းဖြတ်သည်။)