ဒေါ်စုနှင့် ပါတီခေါင်းဆောင်များ တွေ့ဆုံရန် စစ်အစိုးရ စီစဉ်

ဒေါ်စုနှင့် ပါတီခေါင်းဆောင်များ တွေ့ဆုံရန် စစ်အစိုးရ စီစဉ်
by -
ဖနိဒါ
အထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ပါတီမှ ထိပ်တန်းခေါင်းဆောင်များ တွေ့ဆုံနိုင်ရန် စစ်အစိုးရ စီစဉ်လျက်ရှိသည်ဟု ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြော ...

ချင်းမိုင် (မဇ္ဈိမ)။     ။ အထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ပါတီမှ ထိပ်တန်းခေါင်းဆောင်များ တွေ့ဆုံနိုင်ရန် စစ်အစိုးရ စီစဉ်လျက်ရှိသည်ဟု ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။

အာဏာပိုင်များက ယနေ့နံနက်ပိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ရွှေ၏ နေအိမ်သို့ သွားရောက်ကာ နေအိမ်အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ တွေ့ဆုံလိုသော ကိစ္စကို ဆွေးနွေးခဲ့သည်ဟု  ပြောသည်။

“အစိုးရဘက်က လုံခြံုရေးတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ ဒီမနက်ပိုင်းက ဥက္ကဋ္ဌ ဦးအောင်ရွှေနဲ့ သွားတွေ့တယ်။ ဒေါ်အောင်ဆန်းစုကြည် ဂါရဝပြု ကန်တော့မှုကိစ္စ ဆွေးနွေးတယ်လို့ သိရတယ်။ အသေးစိတ်တော့ မသိသေးဘူး” ဟု အဖွဲ့ချုပ်၏ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောသည်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်နှင့် အတိုက်အခံပါတီ၏  ဗဟိုအလုပ်အမှုဆောင်များအနက်မှ အသက်အရွယ်ကြီး ခေါင်းဆောင်  ၃ ဦးကို တွေ့ဆုံခွင့်ပြုမည်ဟု သတင်းများ စနေနေ့ကတည်းက ရန်ကုန်နိုင်ငံရေး အသိုင်းအဝိုင်းတွင် ထွက်ပေါ်လျက်ရှိသည်။

အသက် ၉၁ နှစ်အရွယ်ရှိ ပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အသက် ၈၈ နှစ်ရှိ ဗဟိုအလုပ်အမှုဆောင် ကော်မတီ CEC အဖွဲ့ဝင် ဦးလွန်းတင်နှင့် အသက် ၈၅ နှစ်ရှိ ပါတီ အတွင်းရေးမှူး ဦးလွင်တို့ကို ရန်ကုန်ရှိ စိမ်းလဲ့ကန်သာ အစိုးရဧည့်ဂေဟာတွင် ဒေါ်စုနှင့် တွေ့ဆုံခွင့်ပြုမည်ဟု ဆိုသည်။

လွန်ခဲ့သည့် နှစ် ၂၀ အတွင်း ၁၄ နှစ်ကျော် အချုပ်နှောင်ခံနေခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ နိုဝင်ဘာလအတွင်းက ဒုတိယမြောက် ပေးစာတစောင် ရေးသားပေးပို့ခဲ့ရာတွင် အခြား နေအိမ်အကျယ်ချုပ် ကျခံနေရသော ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦး အပါအဝင် CEC အဖွဲ့ဝင် ၁၁ ဦးလုံးနှင့် တွေ့ဆုံခွင့်ပြုပါရန်ပါ ပါရှိသည်။

“ဒေါ်စုက လိုက်ကန်တော့မယ် ဆိုတာလောက်နဲ့ စကားမပြောချင်ဘူး။ … ကျနော်တို့ ဖြစ်စေချင်တာက ဦးသန်းရွှေနဲ့ ဒေါ်စု တွေ့ဆုံရေးကို ဖြစ်စေချင်တယ်။ တွေ့ဆုံဆွေးနွေးရေးကို အနှောင့်အယှက်၊ အဟန့်အတား မဖြစ်စေချင်ဘူး” ဟု NLD – CEC အဖွဲ့ဝင်တဦးဖြစ်သော ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

ယခုလ ၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ၏ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ စိမ်းလဲ့ကန်သာတွင် ယခုနှစ်အတွင်း တတိယ အကြိမ်မြောက် တွေ့ဆုံခဲ့သည်။

Most read this week