ရွှေလီ (မဇ္ဈိမ) ။ ။ တရုတ်နိုင်ငံတဝှန်း A (H1N1) တုတ်ကွေး ဖြစ်ပွားနေစဉ် မြန်မာနိုင်ငံသား သောင်းချီ၍ နေထိုင်သော ရှမ်းပြည်မြောက်ပိုင်း မူဆယ် တဖက်ကမ်းရှိ တရုတ်နယ်စပ်မြို့ ရွှေလီတွင် ကျောင်းအားလုံးကို ယနေ့ ပိတ်လိုက်သည်။
မူကြို အပါအဝင် ကျောင်းများတွင် ဖျားနာသူ ကျောင်းသားဦးရေ တိုးပွားလာသဖြင့် ကျောင်းအားလုံးကို ယနေ့မှစတင်၍ ၁၀ ရက်ကြာ ပိတ်လိုက်ကြောင်း ကျောင်းအာဏာပိုင်များက မိဘများကို ခေါ်ယူ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ကျောင်းက မိဘတွေကို ဒီနေ့ အစည်းအဝေး ခေါ်တယ်။ ကျောင်းကို ၁၀ ရက် ပိတ်လိုက်တယ်။ ကလေးတွေကို လူသိပ်များတဲ့ နေရာတွေ မသွားဖို့ ပြောတယ်” ဟု တရုတ် ကျောင်းသားတဦး၏ မိခင်က မဇ္ဈိမကို ပြောသည်။
ယခုတပတ်အတွင်း ရွှေလီမြို့ အမှတ် ၁ အလယ်တန်းကျောင်းရှိ စာသင်ခန်းတခန်းတွင် ဖျားနာသူ ကျောင်းသား ၃၀ ဦးကို တွေ့ရှိပြီးနောက် အဆိုပါ ကျောင်းကို စတင်၍ ပိတ်ခဲ့သည်။
ယခုအခါ ဖျားနာနေသည့် ကလေးများနှင့် ကျောင်းသားများကို ပြင်ပ ဆေးခန်းများက ကုသမပေးဘဲ မြို့နယ် ဆေးရုံကြီးတွင် သွေးဖောက် စစ်ဆေးပြီး၊ A (H1N1) ပိုး မတွေ့ရှိမှသာ ကုသပေးကြောင်း ဆေးရုံသို့ သွားခဲ့သည့် အခြား ကျောင်းသားမိဘတဦးက မဇ္ဈိမကို ပြောသည်။
“သူတို့ အပြင်ဆေးခန်းတွေကိုလည်း ညွှန်ကြားထားတယ်လို့ ဆရာမတွေက ပြောတယ်။ ဆေးရုံကြီးမှာ သွေးသွားစစ်ရမယ်။ တုပ်ကွေးပိုး မတွေ့မှ သူတို့ဆီမှာ ဆေးလာထိုးလှည့်လို့ အဲလိုပြောတော့ ဆေးရုံကြီးကို သွားတယ်။ ကလေးလူနာတွေ သွေးစစ်နေတာ မနည်းဘူး။ ပုလင်းကြီး ချိတ်ထားတဲ့ ကလေးတွေလည်း ဟောခန်းထဲမှာ အများကြီးပဲ” ဟု သူက ပြောသည်။
ယခင်က နှာခေါင်းစွပ် တပ်ဆင်၍ ကျောင်းတက်ခဲ့ကြရပြီး၊ ယခုတပတ်အတွင်း ဖျားနာခဲ့သည့် ကျောင်းသားများကို ဆေးဝန်ထမ်းများက နေအိမ်များသို့ လိုက်လံ၍ သွေးစစ်ဆေးခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ကပ်ရောဂါအဖြစ် WHO ခေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတ်မှတ်ခေါ်ဝေါ်သော A (H1N1) ရောဂါပိုးကို တရုတ်နိုင်ငံ၌ လူဦးရေ တသိန်းကျော်တွင် တွေ့ရှိခဲ့ပြီး၊ ၎င်းတို့အနက် ၃၂၆ ဦးမှာ အသက်ဆုံးရှုံးခဲ့ကြောင်း တရုတ်ကျန်းမာရေး ဝန်ကြီးဌာနက စာရင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံနှင့် နယ်နမိတ်ချင်း ထိစပ်နေသည့် ယူနန်ပြည်နယ် တယ်ဟုန်တိုင်းတွင် ရောဂါပိုးတွေ့ရှိသူ မည်မျှရှိသည်ကို တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပါ။ သို့သော် တယ်ဟုန်တိုင်းတွင် A (H1N1) ပိုးတွေ့ရှိသူ ဦးရေ ၁၀၀၀ ကျော်ခန့်ရှိပြီး ၃ ဦးမှာ အခြေအနေ ဆိုးရွားသဖြင့် ယူနန်ပြည်နယ်မြို့တော် ကူမင်းနှင့် တယ်ဟုန်မြို့တော် မန်စီမြို့သို့ သွားရောက်၍ ဆေးကုသနေကြောင်း ဒေသခံများအကြား ပြောဆိုခန့်မှန်းနေကြပြီဖြစ်သည်။
ရွွှေလီနှင့် ကပ်လျက် တည်ရှိသည့် မူဆယ်မြို့တွင်လည်း နှာစေးချောင်းဆိုးနှင့် အအေးမိ ဖျားနာသည့် ကလေးများ များပြားနေကြောင်း ဒေသခံများ အဆိုအရ သိရသည်။
ယခုနှစ်တွင် တရုတ်နယ်စပ်၌ ရာသီဥတု ပိုမိုအေးချမ်းသဖြင့် ကလေးများသာမက လူကြီးများလည်း ဖျားနာသည့် ဝေဒနာ ခံစားနေရကာ A (H1N1) ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစီးများဖြင့် သွားလာနေသည်။