ချင်းမိုင် (မဇ္ဈိမ)။ ။ ယနေ့ကျရောက်သည့် ၆၁ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့၌ ပဲခူးတိုင်း ပြည်မြို့တွင် အခမ်းအနား ကျင်းပခွင့် မရကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောသည်။
ပုသိမ်မြို့တွင်မူ တားမြစ်ထားသည့်ကြားမှ အခမ်းအနား ကျင်းပနိုင်ခဲ့သော်လည်း လက်မှတ်ထိုးရပြီး ခြိမ်းခြောက်မှုများလည်း ရှိနေကြောင်း သိရသည်။
ပြည်မြို့၌ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက် HRDP ခေါင်းဆောင်တဦးဖြစ်သူ၏ အိမ် တွင် ယနေ့ကျင်းပမည့် ပွဲ မဖြစ်မြောက်စေရန် ယနေ့နံနက် အစောပိုင်းတွင် အိမ်ရှင်ဖြစ်သူအား မယက ဥက္ကဌရုံး၌ မေးမြန်းစရာ ရှိသည်ဆို၍ ခေတ္တခေါ်ယူ ထိန်းသိမ်းခဲ့ကြောင်း သိရသည်။
“ကျနော်တို့က ဒီနေ့ မနက် ၈နာရီမှာ ကျင်းပမှာကို ကျနော့်ကို ၆ နာရီ ကတည်းက ရယက ဥက္ကဌက သူတို့ ရုံးခန်းထဲကို ခေါ်တယ်ဗျ။ ကျနော် ပြန်လွတ်တာ (နေ့လည်) ၁ နာရီမှာ” ဟု အိမ်ရှင်ဖြစ်သူ HRDP ခေါင်းဆောင်တဦးဖြစ်သူ ကိုလှမင်းထွန်း ခေါ် ကိုမင်းမင်းက မဇ္စျိမကို ပြော သည်။
ပြည်မြို့တွင် ပြုလုပ်မည့်ပွဲကို HRDP စုံညီ လူ့အခွင့်အရေးနေ့ အထိန်းအမှတ် အခမ်းအနားအဖြစ် ကျင်းပရန် စီစဉ်ထားသောကြောင့် ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးတိုင်းတို့မှ HRDP အဖွဲ့ဝင် ၈၀ ဦးခန့် ရောက်ရှိနေချိန်လည်း ဖြစ်သည်။
ကြံ့ဖွံ့၊ မီးသတ်နှင့် စွမ်းအားရှင်များကလည်း အိမ်ရှေ့နှင့် အနီးတဝိုက်တွင် တုတ်များ ကိုင်ဆောင်၍ အင်အားပြ စောင့်ကြည်မှုများရှိခဲ့သည်။ အခမ်းအနားအတွက် ငှားရမ်းထားသည့် ထိုင်ခုံများနှင့် စားပွဲ များကိုလည်း ထောက်လှမ်းရေးက မူလပိုင်ရှင်များအား ဖိအားပေး၍ ပြန်လည် သိမ်းယူစေခဲ့ကြောင်း လည်း သိရသည်။
ပဲခူးတိုင်း ပြည်မြို့နှင့် အနီးတဝိုက်တွင် လုပ်အားပေး ခိုင်းစေခြင်း၊ လယ်ယာ သိမ်းခံရခြင်း၊ ညဘက် အိမ်ပြန်နောက်ကျလျင် မှောင်ရိပ်ခိုမှုဖြင့် မတရား ဖမ်းခံရခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေကြောင်း ကိုမင်းမင်းက ဆက်ပြောသည်။
ဧရာဝတီတိုင်း ပုသိမ်မြို့တွင်မူ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို HRDP ခေါင်း ဆောင်တဦးဖြစ်သူ ကိုသက်လွင်၏ အိမ်၌ တားမြစ်ထားသည့်ကြားမှ ကျင်းပနိုင်ခဲ့သည်။
သို့သော် အခမ်းအနား အပြီးတွင် ရယက ဥက္ကဌ၊ အက်စ်ဘီနှင့် ရဲများ၏ လာရောက် မေးမြန်းခြင်းကို ခံခဲ့ရပြီး လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်များအတိုင်း အခမ်းအနား ပြုလုပ်ခြင်း ဖြစ်ကြောင်း လက်မှတ် ထိုးပေးခဲ့ရသည်ဟု ကိုသက်လွင်က ပြောသည်။
ထို့အပြင် လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် စကားပြောဆိုခြင်းမပြုရန် ပုသိမ်မြို့ခံများအား ခြိမ်းခြောက် ပြောဆိုမှုများ ရှိနေကြောင်းလည်း သိရသည်။
“ကျနော်နဲ့ ကျနော့် မိသားစုကို ဆက်ဆံရင် ထောင်ကျသွားနိုင်လောက်တဲ့ သဘောသဘာဝတွေ ပြု လုပ်တယ်” ဟု ကိုသက်လွင် က မဇ္ဈိမကို ပြောသည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို ၁၉၄၈ ခု ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ကုလ သမဂ္ဂ အထွေထွေ ညီလာခံကြီးမှ ချမှတ်ခဲ့ပြီး ယင်းနေ့ကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အဖြစ် သတ်မှတ်၍ ကမ္ဘာတဝှန်း၌ အထိန်းအမှတ်ပွဲများ ကျင်းပလေ့ရှိကြသည်။
ကြေညာစာတမ်း အပိုဒ် ၂၆ တွင် “ငြိမ်းချမ်းရေး တည်တံ့အောင် ဆောင်ရွက်ရန် အလို့ငှာ ကုလသမဂ္ဂ ၏ ဆောင်ရွက်မှုများကို ဖြစ်မြောက်အောင် အားပေးရမည်” ဟု ဖော်ပြထားသည်။ ကြေငြာစာတမ်း အပိုဒ် ၄ တွင်မူ “မည်သူကိုမျှ အဓမ္မစေခိုင်း” ခွင့် မရှိကြောင်း ဖော်ပြပါရှိသည်။ အပိုဒ် ၁၉ နှင့် ၂၀ တွင်လည်း လူတိုင်းသည် “လွတ်လပ်စွာ ထင်မြင် ယူဆခွင့်၊ လွတ်လပ် အေးချမ်းစွာ စုဝေးနိုင်ခွင့်နှင့် ဖွဲ့စည်းနိုင်ခွင့်” ရှိကြောင်း ဖော်ပြထားသည်။
ပုသိမ်မြို့နယ်အတွင်း၌ မတရား ဖမ်းဆီးမှုများ ရှိနေပြီး ကလေးစစ်သား စုဆောင်းမှုများလည်း ဖြစ်ပွားနေကြောင်း၊ စုဆောင်းခံရသူ ကလေး ၂၀ ဦးခန့် ရှိပြီဖြစ်ကြောင်း ကိုသက်လွင်က ဆိုသည်။
ခေတ်မှီတိုးတက်သည့် မြန်မာနိုင်ငံတော်ကြီး တည်ဆောက်မည်ဆိုလျင် လူ့အခွင့်အရေး ကြေငြာ စာတမ်းအား ပြည်သူများ သိရှိနိုင်ရန် စာသင်ကျောင်းများ၊ ရုံးများနှင့် ကြော်ငြာ ဆိုင်းဘုတ်ကြီးများတွင် ထင်ရှားသိသာစွာ ဖော်ပြသင့်သည်ဟု သူက အကြံပြုပြောသည်။
၂၀၀၇ မှ ၂၀၀၈ ခုနှစ်အတွင်း လူ့အခွင့်အရေး ဆွေးနွေးပွဲများသို့ သွားစဉ် ခရီးလမ်း၌လည်းကောင်း၊ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုတွင် မှတ်တမ်းများ ရယူနေစဉ်နှင့် လူ့ခွင့်အရေး စာရွက်စာတမ်းများ ဖြန့်ဝေနေစဉ်တွင် လည်းကောင်း ဖမ်းဆီးခံရသည့် HRDP အဖွဲ့ဝင် အနည်းဆုံး ၂၄ ယောက်ရှိကြောင်း HRDP ခေါင်းဆောင်တဦးဖြစ်သူ ကိုမောင်မောင်လတ်က ပြောသည်။ ယင်းတို့မှာ ရန်ကုန်၊ ဟင်္သတ၊ တောင်ကြီး၊ ဒေါပုံ၊ ဘိုကလေး မြို့များမှ ဖြစ်သည်။
၈၈ မျိုးဆက်ကျောင်းသားများ၊ ဗကသများ အဖွဲ့ချုပ်နှင့် သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီးတို့ ပူးပေါင်း၍လည်း ဒဂုံတက္ကသိုလ်တွင် နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းကို ယနေ့ ဖြန့်ဝေခဲ့ကြောင်း ဗကသ အဖွဲ့ဝင် မကြည်သူတင့်က မဇ္ဈိကို ပြောသည်။
မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ကွင်တားနားကလည်း စစ်အစိုးရ အနေဖြင့် ၂၀၁၀ ခု ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံသားများ၏ အခြေခံ အခွင့်အရေးများကို ဆုံး ရှုံးစေသည့် ဥပဒေများကို ပြန်ပြင်ပြီး နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို လွှတ်ပေးရန် အကြံ ပြုထားသည်။
စစ်တပ်ကိုလည်း လူ့အခွင့်အရေး လေးစားလိုက်နာရန် လေ့ကျင့်ပေးရေးနှင့် လွတ်လပ်သော တရား စီရင်ရေးစနစ် ဖြစ်ပေါ်စေရန် ပြုပြင်ပေးရေးတို့ အကြံပြု ပြောဆိုထားသည်။
(ကိုဝိုင်းတည်းဖြတ်သည်)