ပြန်ပေးဆွဲခံထားရသည့် မြန်မာအင်ဂျင်နီယာ မလွတ်မြောက်သေး

ပြန်ပေးဆွဲခံထားရသည့် မြန်မာအင်ဂျင်နီယာ မလွတ်မြောက်သေး
by -
ကျော်ခ
ဆိုမာလီ ပင်လယ်ဓားပြများက မြန်မာအင်ဂျင်နီယာတဦး ပါဝင်သော စင်္ကာပူ ကုမ္ပဏီပိုင် ပင်လယ်ကူး သင်္ဘောကို ပြန်ပေးဆွဲထားသည်မှာ တလခွဲကျော် ကြာမြင့်ပြီ ဖြစ်သော်လည်း ညှိနှိုင်းမှုများ မအောင်မြင် ...

ချင်းမိုင် (မဇ္စျိမ)။    ။ ဆိုမာလီ ပင်လယ်ဓားပြများက မြန်မာအင်ဂျင်နီယာတဦး ပါဝင်သော စင်္ကာပူ ကုမ္ပဏီပိုင် ပင်လယ်ကူး သင်္ဘောကို ပြန်ပေးဆွဲထားသည်မှာ တလခွဲကျော် ကြာမြင့်ပြီ ဖြစ်သော်လည်း ညှိနှိုင်းမှုများ မအောင်မြင်သေးကြောင်း မြန်မာသင်္ဘောသား သတင်းရပ်ကွက်မှ သိရသည်။

MV Kota Wajar အမည်ရှိ ကွန်တိန်နာ သင်္ဘောသည် စင်္ကာပူမှ ထွက်ခွာပြီးနောက် အောက်တိုဘာ ၁၅ ရက်နေ့၌ ဆိုမာလီနိုင်ငံအနီးရှိ Aden ပင်လယ်ကွေ့ အရောက်တွင် ပြန်ပေးဆွဲခံခဲ့ရသည်။ ပင်လယ်ဓားပြများက အမေရိကန် ဒေါ်လာ ၈ သန်းပေးရန် အစောပိုင်းက တောင်းထားသည်။

ပြန်ပေးဆွဲခံထားရသည့် သင်္ဘောမှ နိုင်ငံခြားသား ၂၁ ဦးကို ပြန်လည်ရရှိရန် စင်္ကာပူအစိုးရ၊ စင်္ကာပူ အခြေစိုက် PIL (Pacific International Line) ကုမ္ပဏီနှင့် ဓားပြများအကြား အောက်တိုဘာလ နှောင်းပိုင်းက ဆွေးနွေးမှုများ စတင်ပြုလုပ်ခဲ့သည်။

“အဆင်မပြေသေးပါဘူး။ အဲဒီကိစ္စက စင်ကာပူက သူဋ္ဌေး၊ စင်္ကာပူအစိုးရနဲ့ ဆိုမာလီ ဓားပြတွေ ဆွေးနွေးနေတုန်းလို့ စင်္ကာပူ ရုံးချုပ်က ပြောတယ်။ ဒီကိစ္စကို စင်္ကာပူအစိုးရက ကိုင်ထားတာ” ဟု PIL ကုမ္ပဏီ (ရန်ကုန်ရုံးခွဲ) မှ တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။

ဖမ်းဆီးခြင်းခံထားရသည့် နိုင်ငံခြားသား သင်္ဘောသားများအနက် မြန်မာနိုင်ငံသား အင်ဂျင်နီယာမှာ အသက် ၄၀ နှစ်အရွယ် ဦးလှချစ်၏ ဇာတိမှာ ဧရာဝတီတိုင်း မအူပင်ဖြစ်ကြောင်း သိရသည်။ ပုဂ္ဂိုလ်ရေး အချက်အလက် အသေးစိတ်ကိုမူ ပေးပိုင်ခွင့် မရှိကြောင်း ရန်ကုန်ရုံးခွဲ တာဝန်ရှိသူက ဆိုသည်။

ဆိုမာလီဓားပြများဘက်မှ တောင်းဆိုညှိနှိုင်းမှု အသေးစိတ်ကို ထုတ်ဖော်ပြောဆိုခွင့် မရှိကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများ အသင်းဝင် Leader Marine Co. Ltd မှ မန်နေးဂျင်း ဒါရိုက်တာ ဦးဋ္ဌေးအောင်က မဇ္စျိမကို ပြောသည်။ နှစ်ဖက်ဆွေးနွေးနေမှုသည် ယခုအချိန်ထိ အဆင်မပြေသေးကြောင်းနှင့် အသေးစိတ်ကိုမူ ပြောဆိုခွင့်မရှိကြောင်း သူက ဆိုသည်။

မြန်မာစစ်အစိုးရက ယခုထိ မည်သည့်အကူအညီမျှ ပေးနိုင်ခြင်း မရှိကြောင်း သင်္ဘောသား အသိုင်းအဝိုင်းထံမှ သိရသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင်လည်း တောင်ကိုရီးယား ကုမ္ပဏီပိုင် MV. Bright Ruby သင်္ဘောကို ပြန်ပေးဆွဲရာတွင် မြန်မာသင်္ဘောသား ၁၄ ဦး ပါဝင်ခဲ့ပြီး နောက်ပိုင်း၌ ပြန်လည်လွတ်မြောက်လာခဲ့သည်။

Aden ပင်လယ်ကွေ့သည် အရှေ့အာဖရိကတိုက် ဆိုမာလီနိုင်ငံနှင့် ယီမင်နိုင်ငံအကြား တည်ရှိသည်။ ယင်းပင်လယ်ကွေ့မှတဆင့် အီဂျစ်နိုင်ငံ စူးအက်တူးမြောင်းကို ဖြတ်သန်း၍ ကမ္ဘာ့အနောက်နှင့် အရှေ့ ရေကြောင်း ကူးသန်းရောင်းဝယ်ရာ အဓိကလမ်းကြောင်းလည်း ဖြစ်သည်။

နှစ်စဉ် ပင်လယ်ကူးသင်္ဘော ၂ သောင်းကျော် ဖြတ်သန်းနေပြီး သင်္ဘောများကို ပြန်ပေးဆွဲရာမှ ဓားပြများအတွက် နှစ်စဉ် အမေရိကန် ဒေါ်လာ သန်း ၁၅၀ ကျော်ရရှိကြောင်း အကဲခတ်များက ခန့်မှန်းကြသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

Most read this week