မဇ္စျိမ (ချင်းမိုင်) ။ ။ မြန်မာငွေစျေး ထိုးတက်နေခြင်းကြောင့် ပြည်ပသို့ပို့ရန် ကုန်ပစ္စည်းအချို့ကို ပြည်တွင်း၌ ဝယ်ယူစုဆောင်းရာတွင် တွက်ချေမကိုက်ကြောင်း သက်ဆိုင်ရာ ကုမ္ပဏီများက ပြောသည်။
ပြည်ပတင်ပို့မှုတွင်လည်း အရှုံးနှင့်ရင်ဆိုင်နေကြရသည့် လုပ်ငန်းအချို့လည်းရှိနေကြောင်း သိရသည်။
ပြည်ပပို့ကုန် ကုမ္ပဏီများအနေဖြင့် ပြည်တွင်း၌ ကျပ်ငွေတက်စျေးဖြင့် ဝယ်ယူရသော်လည်း ပြည်ပသို့မူ ဒေါ်လာဖြင့် ပြန်ရောင်းရသဖြင့် ငွေလဲနှုန်းအရ တွက်ခြေမကိုက်ခြင်းဖြစ်နေကြောင်း သိရသည်။
ပြည်တွင်း ပဲတီစိမ်းနှင့် နှမ်းများကို ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ တရုတ်နိုင်ငံများသို့ တင်ပို့နေသည့် 7 Golden Lions Enterprise.Ltd မှ တာဝန်ရှိသူတဦးက “ပဲတွေ ဝယ်ရတဲ့အခါမှာကျတော့ မြန်မာငွေကမာပြီး ဒေါ်လာစျေးက ကျနေတယ်။ ပြည်တွင်းက ပဲစျေးကလည်း မကျဘူး ဖြစ်နေတယ်ဆိုတော့ မကိုက်ဘူး” ဟု မဇ္စျိမကို ပြောသည်။
အမေရိကန် ၁ ဒေါ်လာကို ဝယ်စျေး ၉၈၅ ကျပ်ဖြစ်ပြီး ရောင်းစျေး ၉၉၃ ကျပ်ဖြင့် ယနေ့စျေးပိတ်ခဲ့ကြောင်း ကျောက်တံတားမြို့နယ်မှ ဒေါ်လာအရောင်းဝယ်သမားတဦးထံမှ သိရသည်။
ယခင်လ ဒုတိယပတ်မှစ၍ ကျပ်ငွေတန်ဖိုး တက်လာခြင်းဖြစ်ပြီး အမေရိကန် တဒေါ်လာလျှင် ၉၉၀ နှုန်း ဖြင့် ရောင်းချခဲ့ကြသည်။ ယင်းမတိုင်မီက တဒေါ်လာလျှင် ၁၀၃၀ ကျပ်နှင့်အထက်တွင် ရှိခဲ့သည်။
ပင်လယ်ထွက် ငါးမျိုးစုံ၊ ကင်းမွန်နှင့် ဂဏန်းများကို မလေးရှားနိုင်ငံသို့ တင်ပို့နေသည့် Advance Seafood Industries Co.,Ltd. မှ တာဝန်ရှိသူတဦးကလည်း ဒေါ်လာစျေး ကျဆင်း နေခြင်းကြောင့် အရှုံးပေါ်နေရကြောင်း ပြောသည်။
“အခြေအနေကတော့ ရှုံးပြီးရင်း ရှုံးနေတာပါပဲ။ ပို့တာကတော့ မလေးရှားကို အများဆုံးပို့တာ။ အရင်ကလောက်တော့ မကောင်းဘူးပေါ့။ နဲနဲပါးပါးပဲ ထွက်နိုင်တော့တယ်” ဟု သူက မဇ္စျိမကို ပြောသည်။
ယင်းသို့ ပြည်ပပို့ကုန် ကုမ္ပဏီတချို့ အဆင်မပြေ ဖြစ်နေသော်လည်း ဒေါ်လာဖြင့် ပြည်ပမှ ကားများကိုတိုက်ရိုက် ဝယ်ယူ တင်သွင်းသည့် ကုမ္ပဏီများမှာမူ ကျပ်ငွေစျေးတက်မှုကြောင့် ထူးထူးခြားခြား အခက်ခဲမရှိကြောင်း ပြည်ပကားများ တင်သွင်းရောင်းချသည့် ကုမ္ပဏီမှ တာဝန်ရှိသူတဦးက ပြောသည်။
“ကျမတို့ Import ကုမ္ပဏီတွေကတော့ ငွေစျေးနဲ့ ပါတ်သက်ပြီး အခက်အခဲ ဖြစ်တယ်ဆိုတာတော့ မကြားဘူးရှင့်။ ကျမတို့ကတော့ ဒေါ်လာနဲ့ ဘဏ်ကနေပြီးတော့ တိုက်ရိုက်လွှဲပြီးတော့ လုပ်တာပါ။ အဆင်ပြေပါတယ်” ဟု 7-United Diamond Co.,Ltd. မှ တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။
7-United Diamond Co.,Ltd. သည် ဂျပန်နိုင်ငံထုတ် လူစီးယာဉ်၊ လုပ်ငန်းသုံးယာဉ်များဖြစ်သည့် Mitsubishi Canter၊ Hino၊ Nissan၊ Isuzu၊ Mitsubishi Rosa စသည်တို့နှင့် ကားအပိုပစ္စည်းများကို စင်္ကာပူနိုင်ငံမှတဆင့် မြန်မာနိုင်ငံသို့ တင်သွင်းနေကြောင်း သိရသည်။
၂၀၀၁ ခုနှစ်က တဒေါ်လာလျှင် ၉၀၀ ကျပ်ဝန်းကျင်အထိ စျေးပေါက်ခဲ့ဖူးပြီး တထောင်ကျော်တွင်သာ အပြောင်းအလဲရှိနေရာမှ ယခု တထောင်အောက် ထပ်မံရောက်ရှိသွားသဖြင့် မြန်မာကျပ်ငွေသည် ၈ နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိနေခြင်း ဖြစ်သည်။
(ကိုဝိုင်း တည်းဖြတ်သည်)