တန်းတူအခွင့်အရေးရှိသည့် ဒီမိုကရေစီနိုင်ငံကို တည်ဆောက်မည်ဟု ကချင်ပါတီပြော

တန်းတူအခွင့်အရေးရှိသည့် ဒီမိုကရေစီနိုင်ငံကို တည်ဆောက်မည်ဟု ကချင်ပါတီပြော
by -
ဖနိဒါ
အပစ်ရပ် တိုင်းရင်းသား အဖွဲ့အချို့၏ ခေါင်းဆောင်ဟောင်းများဖြင့် ဖွဲ့စည်းထားသော ကချင်ပြည်နယ် တိုးတက်ရေးပါတီ KSPP သည် ကချင်ပြည်နယ်ရှိ မြို့နယ်အများစုသို့ စည်းရုံးရေး ဆင်းနေပြီ ...

မဇ္ဈိမ(ချင်းမိုင်)။      ။ အပစ်ရပ် တိုင်းရင်းသား အဖွဲ့အချို့၏ ခေါင်းဆောင်ဟောင်းများဖြင့် ဖွဲ့စည်းထားသော ကချင်ပြည်နယ် တိုးတက်ရေးပါတီ KSPP သည် ကချင်ပြည်နယ်ရှိ မြို့နယ်အများစုသို့ စည်းရုံးရေး ဆင်းနေပြီ ဖြစ်ကြောင်း ပါတီ ဥက္ကဌ ဒေါက်တာတူးဂျာက ပြောသည်။

မြစ်ကြီးနားမြို့ရှိ ရပ်ကွက်များသာမက မြို့နယ်များဖြစ်သည့် ဝိုင်းမော်၊ ပူတာအို၊ နောင်မွန်း၊ မချမ်းဘော၊ ခေါင်လန်ဖူး၊ အင်ဂျန်းယန်၊ ဖားကန့်၊ တနိုင်း၊ မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ မိုးမောက်၊ ရွှေဂူ စသည့်မြို့နယ်များသို့ သွားရောက် စည်းရုံးခဲ့ခြင်းဖြစ်သည်။

“ခြေလှမ်း ကြီးကြီးတော့ မလုပ်သေးဘူးဗျ။ မြို့နယ် ၁၈ မြို့နယ်ထဲက တော်တော်များများကို ကျနော် သွားခဲ့ပြီးပြီ။ ကျန်တဲ့ ချီဖွေမြို့နယ်ဘက်က မြို့နယ်တချို့တော့ မရောက်သေးဘူး။ ကျနော်တို့ လူခွဲပြီး သွားကြတယ်” ဟု ဒေါက်တာတူးဂျာက မဇ္ဈိမကို ပြောသည်။

KSPP တွင် ကေအိုင်အို ဒုဥက္ကဌဟောင်း ဒေါက်တာတူးဂျာ၊ ကချင်အတိုင်ပင်ခံကောင်စီမှ ခေါင်းဆောင်တဦးဖြစ်သူ ဦးဇော်ဖန်း၊ ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDAK) မှ ဗိုလ်မှူးမန်ချန် သိန်း ဆောင်၊ ကေအိုင်အိုခွဲထွက်ရေး လဆန်အောင်ဝါအဖွဲ့မှ ဗိုလ်မှူးဖုန်းရမ်တို့ အပါအဝင် စုစုပေါင်း အဖွဲ့ဝင် ၉၀၀ ခန့် ရှိပြီဖြစ်ကြောင်း သိရသည်။

ပါတီယာယီရုံးကို မြစ်ကြီးနားမြို့ မြို့သစ်ရပ်ကွက်၌ ယခင်လ နိုဝင်ဘာ ၁၈ ရက်က ဖွင့်လှစ်ခဲ့သည်။ ပါတီဆိုင်းဘုတ်ကိုမူ တပ်ဆင်ထားခြင်း မရှိသေးကြောင်း သိရသည်။

စစ်အစိုးရ၏ “လမ်းပြမြေပုံ” ကို လိုက်နာခြင်းဖြစ်သောကြောင့် စည်းရုံးရေးခရီးစဉ်များတွင် သက်ဆိုင် ရာ စစ်အစိုးရ အာဏာပိုင်များ၏ နှောက်ယှက်ခြင်း မကြံုရကြောင်း ဒေါက်တာတူးဂျာက ပြောသည်။

၎င်းတို့ ပါတီက လူမျိုး ဘာသာ မခွဲခြားပဲ ပါတီဝင်များ လက်ခံသွားမည်ဖြစ်ပြီး တိုင်းရင်းသားအားလုံး တန်းတူ အခွင့်အရေးရရှိသည့် ဒီမိုကရေစီနိုင်ငံအား ငြိမ်းချမ်းစွာ တည်ဆောက်သွားရန် ရည်ရွယ်ထား ကြောင်း သိရသည်။

ထို့အပြင် ၂၀၁၀ ရွေးကောက်ပွဲ၌ ပါတီအနေဖြင့် ပြည်နယ်လွတ်တော်နှင့် ပြည်သူ့လွှတ်တော် နှစ်ရပ်လုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း သူက ဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲ၌ ယှဉ်ပြိုင်ရန်အတွက် KSPP ပါတီအဖွဲ့ဝင်များအနေဖြင့် အဆင်သင့်ရှိနေကာ ရွေးကောက်ပွဲ ဥပဒေကို စစ်အစိုးရက မကြာမီ ထုတ်ပြန်မည်ဟု မျှော်လင့်ကြောင်း ဒေါက်တာတူးဂျာက ပြောသည်။

ပါတီခေါင်းဆောင် ဒေါက်တာတူးဂျာ အပါအဝင် ကေအိုင်အိုမှ ထိပ်ပိုင်းခေါင်းဆောင် ၆ ဦးသည် ယခု နှစ် စက်တင်ဘာလက ကေအိုင်အိုအဖွဲ့မှ နုတ်ထွက်ခဲ့သည်။

ကချင် ဒီမိုကရေစီသစ် တပ်မတော်သည် ယခင်လက နယ်ခြားစောင့်တပ် အသွင်ပြောင်းလိုက်ပြီး စစ်အစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာန အုပ်ချုပ်မှုအောက်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

ကေအိုင်အိုခွဲထွက်ရေး လဆန်အောင်ဝါ အဖွဲ့သည်လည်း အောက်တိုဘာလက ပြည်သူ့စစ်အသွင် ပြောင်းလဲလိုက်ပြီး ဖြစ်သည်။

အရာရှိအဆင့် ၁၈ ဦး၊ အခြားအဆင့် ၃၀၈ ဦးပါဝင်သော နယ်ခြား စောင့်တပ်တွင် တပ်မှူးမှာ အပစ်ရပ်အဖွဲ့မှ ဖြစ်သော်လည်း မြန်မာ့တပ်မတော်မှ ဗိုလ်မှူးအဆင့်ရှိ အရာရှိတဦး၊ ဗိုလ်ကြီးအဆင့် ရှိသူ ၂ ဦးနှင့် အခြားအဆင့်ရှိ ၂၇ ဦးတို့ကိုလည်း ထည့်သွင်းရမည် ဖြစ်သည်။ လစာကိုလည်း ကာကွယ်ရေး ဝန်ကြီးဌာနမှ ရာထူးအလိုက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်သူ့စစ်အဖွဲ့များကိုမူ အင်အားအရ နယ်ခြားစောင့်တပ်ထက်နည်းပြီး သက်ဆိုင်ရာ ဒေသတွင်း နအဖ တပ်များအတွက် တိုက်ခိုက်ရေးအပါဝင် အခြားလိုအပ်သည့် အထောက်အကူများ ရရှိနိုင်ရန် ဖွဲ့စည်းလေ့ရှိသည်။ ၎င်းတို့သည် ဒေသတွင် တပိုင်စား လုပ်ပိုင်ခွင့်များ ရလေ့ရှိသည်။

စစ်အစိုးရက သူတို့၏ လမ်းပြမြေပုံ အဆင့် ၅ အရ ၂၀၁၀ ခုတွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ပြောနေသော်လည်း ယခုအထိ အချိန်ဇယားနှင့် ရွေးကောက်ပွဲဥပဒေများကို မထုတ်ပြန်သေးပေ။

ထို့အပြင် ဥပဒေနှင့်မညီသော အဖွဲ့အစည်းအချို့၏ ရွေးကောက်ပွဲ စည်းရုံးရေး ခရီးစဉ်များကို မသိကျိုးကျွံ ပြုထားကာ တရားဝင်ပါတီဖြစ်သော အန်အယ်ဒီကိုမူ ရန်ကုန်ဗဟိုရုံးတခုသာ ဖွင့်ခွင့်ပေးထား၍ ပါတီခေါင်းဆောင်များနှင့် အဖွဲ့ဝင်များကို နေအိမ်နှင့် ထောင်များတွင် ထိန်းသိမ်းထားသည်။

ကုလသမဂ္ဂနှင့် နိုင်ငံတကာကမူ မြန်မာ့နိုင်ငံရေး ပြဿနာတွင် ပါဝင်ပတ်သက်နေသူ ခေါင်းဆောင်များ အားလုံး မပါဝင်ပါက ၂၀၁၀ ရွေးကောက်ပွဲသည် တရားဝင်မည် မဟုတ်ဟု ဆိုသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)