နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရ ကျူးလွန်ခဲ့သည့် လူသားဖြစ်မှုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် ကော်မရှင်တရပ် ဖွဲ့စည်းရေးအတွက် သူတို့၏ နိုင်ငံတကာ အသိုင်းအဝိုင်း အထူးသဖြင့် ကုလသမဂ္ဂထံ တောင်းဆိုနေမှုများကို ထောက်ခံပေးရန် ဗြိတိန်ပါလီမန်အမတ်များက သူတို့အစိုးရထံ အင်္ဂါနေ့က တိုက်တွန်းတောင်းဆိုလိုက်ကြသည်။
ဤတောင်းဆိုချက်ကို မြန်မာ့ဒီမိုကရေစီအရေး ပါတီစုံအမတ်များအဖွဲ့ (APG Burma) က ဗြိတိသျှ ပါလီမန်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံရှိ လူသားဖြစ်မှုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများတွင် တောင်းဆိုလိုက်ကြခြင်း ဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသူတဦးဖြစ်သည့် လန်ဒန်အခြေစိုက် မြန်မာ့တရားမျှတမှု ကော်မတီ (BJC) ဥက္ကဋ္ဌဖြစ်သူ Sappho Dias က `ဒီအချိန်ဟာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာဗိုလ်ချုပ်ကြီးတွေ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအပေါ် အရေးယူဆောင်ရွက်ရမယ့် အချိန်ဖြစ်ပါတယ်။ သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကနေ ဘယ်မှ ထွက်ပြေးလို့ မရဘူးဆိုတာကို သူတို့ကို သတိပေးရမယ့် အချိန်လည်း ဖြစ်ပါတယ်´ ဟု ပြောသည်။
အတင်းအကျပ် နေရာရွှေ့ပြောင်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ပြုလုပ်ခြင်း၊ တရားဥပဒေပြင်ပမှ သတ်ဖြတ်ခြင်းများနှင့် အဓမ္မလုပ်အားပေး ခိုင်းစေခြင်း အပါအဝင် စစ်အစိုးရ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကို သေချာစွာ မှတ်တမ်းတင်ထားပြီးဖြစ်၍ ယခုအချိန်သည် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အရေးယူ ဆောင်ရွက်ရမည့် အချိန်ဖြစ်သည်။ ထိုသို့ အရေးယူ ဆောင်ရွက်ချက်များ မပြုလုပ်ဘဲ ဆုံးဖြတ်ချက်များသာ တခုပြီးတခု ချမှတ်နေရမည့် အချိန်မဟုတ်ဟု Dias က ပြောသည်။
အဆိုပါ ဆွေးနွေးပွဲတွင် Dias က ဟားဗတ်ဥပဒေကောလိပ်၏ အစီရင်ခံစာတရပ်ဖြစ်သော `မြန်မာနိုင်ငံရှိ ရာဇဝတ်မှုများ´ ဆိုသည့် အစီရင်ခံစာကို ရည်ညွှန်းကိုးကား၍ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် အထူးကိုယ်စားလှယ်တို့က စစ်အစိုးရ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကို သက်သေ အထောက်အထားများနှင့်တကွ မှတ်တမ်းတင် ထားခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ယခုအချိန်သည် ကုလလုံခြံုရေးကောင်စီက အရေးယူ ဆောင်ရွက်ရမည့် အချိန်ဖြစ်သည်ဟု ပြောဆိုသွားသည်။
`ဟားဗတ်ဥပဒေကောလိပ်၏ အစီရင်ခံစာသည် ကုလသမဂ္ဂစာရွက်စာတမ်း အထောက်အထားများနှင့် စစ်အစိုးရ၏ ရာဇဝတ်မှုများကို စုံစမ်းလေ့လာထားသည့် အခြားစာတမ်းများစွာကို စုပေါင်းပြုစုထားခြင်းဖြစ်သည်´ ဟု Dias က ပြောသည်။
ဤဆွေးနွေးပွဲကို စီစဉ်ကျင်းပခဲ့သည့် ဆော်သြရေးအဖွဲ့တခုဖြစ်သည့် ဘားမားကင်ပိန်းယူကေမှ တာဝန်ရှိသူဖြစ်သည့် Nang Seng က ဤသို့ ကုလသမဂ္ဂ အဖွဲ့အစည်းအသီးသီးက စစ်အစိုးရ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကို မှတ်တမ်းမှတ်ရာများစွာ ပြုစုတင်ပြခဲ့သော်လည်း ကုလလုံခြံုရေးကောင်စီက ယခုထိ အရေးယူရန် ပျက်ကွက်ခဲ့ခြင်းမှာမူ ဝမ်းနည်းဖွယ်ဖြစ်သည်ဟု ပြောသည်။
မြန်မာနိုင်ငံကို ဆယ်စုနှစ် ၂ ခုကြာမျှ အုပ်စိုးခဲ့သည့် စစ်အစိုးရကို အလွန်ထိတ်လန့်ဖွယ်ကောင်းသည့် လူ့အခွင့်အရေး ဖောက်ဖျက်မှုများ၊ အထူးသဖြင့် တိုင်းရင်းသား လူနည်းစုများ နေထိုင်ရာဒေသများတွင် ကျူးလွန် ဖောက်ဖျက်ခဲ့မှုများအတွက် နိုင်ငံတကာက ပြစ်တင်ရှုတ်ချခဲ့ကြသည်။
လွန်ခဲ့သော တနှစ်အတွင်း မြန်မာနိုင်ငံအရှေ့ပိုင်းမှ အနည်းဆုံး လူဦးရေ ရ၅၀၀၀ ခန့်သည် အိုးအိမ်များကို စွန့်ခွာ ထွက်ပြေးလာကြရသည့်အတွက် မြန်မာနိုင်ငံ အရှေ့ပိုင်းရှိ အခြေအနေသည် ဆူဒန်အရှေ့ပိုင်းရှိ ဒါဖောအခြေအနေနှင့် နှိုင်းယှဉ်ကြည့်စရာပင် ဖြစ်သည်ဟု ထိုင်း-မြန်မာနယ်စပ် ညွန့်ပေါင်းအဖွဲ့ (TBBC) က အောက်တိုဘာလ အတွင်းက ပြောသည်။
ယင်းအဖွဲ့သည် ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များ၊ ဒုက္ခသည်များကို လူသားချင်းစာနာသည့် အကူအညီများ ပေးအပ်နေသည့် အကူအညီပေးရေး အဖွဲ့အစည်းများ စုပေါင်း ဖွဲ့စည်းထားသည့် ညွန့်ပေါင်းအဖွဲ့တရပ် ဖြစ်သည်။ ၂၀၀၈ ခုနှစ် သြဂုတ်လမှ ၂၀၀၉ ခုနှစ် ဇူလိုင်လအတွင်း ကျေးရွာပေါင်း ၃၅၀၀ ကျော်မှ ရပ်ရွာအသိုင်းအဝိုင်းပေါင်း ၁၂၀ ခန့်သည် ကစဥ့်ကလျားဖြစ်ကာ ထွက်ပြေး ပုန်းရှောင်နေခဲ့ကြရသည်ဟု TBBC က ပြောသည်။ ယင်းမြန်မာပြည် အရှေ့ပိုင်းရှိ ဒေသများသည် ၁၉၉၆ ခုနှစ်ကတည်းက အတင်းအကျပ် ရွှေ့ပြောင်းခံရခြင်းသော်လည်းကောင်း၊ ဖျက်ဆီးခြင်းသော်လည်းကောင်း ခံခဲ့ရသည့်နေရာများ ဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသူတဦးဖြစ်ပြီး ဟားဗတ်အစီရင်ခံစာကို ပြုစုရာတွင် ပါဝင်သည့် ဥပဒေပါရဂူ ၅ ဦး အနက် တဦးအပါအဝင်ဖြစ်သည့် Sir Geoffery Nice က ကုလသမဂ္ဂ အထောက်အထား၊ စာရွက်စာတမ်းများနှင့် အထူးကိုယ်စားလှယ်များ၏ အစီရင်ခံစာများသည် စစ်အစိုးရကို သူတို့ကျူးလွန်ခဲ့သည့် ပြစ်မှုများအတွက် တရားစွဲဆိုရန် လုံလောက်သော သက်သေခံ အထောက်အထားများပင် ဖြစ်သည်ဟု ပြောသည်။
ဤသို့ ကျယ်ပြန့်စွာ ဝေဖန် ပြောကြားနေခဲ့ကြသော်လည်း စစ်အစိုးရကမူ သူတို့သည် လူသားဖြစ်မှုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို မလုပ်ခဲ့ရကြောင်းနှင့် တိုင်းရင်းသား သူပုန်အဖွဲ့အများအပြားက ခွဲထွက်ရန် တိုက်ခိုက် ပုန်ကန်နေကြသဖြင့် တိုင်းပြည်မပြိုကွဲစေရန် လူမျိုးပေါင်းစုံ ပြည်သူများကို ကယ်တင်နေရခြင်းသာ ဖြစ်ကြောင်း ခုခံကာကွယ်ပြောကြားခဲ့သည်။
စစ်အစိုးရက သူတို့၏ အာဘော် နေ့စဉ်သတင်းစာမှနေ၍ နယ်စပ်အခြေစိုက် တိုင်းရင်းသားအဖွဲ့များသည် နိုင်ငံအဝှမ်း ဖောက်ခွဲမှုများပြုလုပ်ပြီး ဆူပူမှုများ ဖြစ်ပေါ်လာအောင် သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်နေကြသည်ဟု မကြာခဏ စွပ်စွဲပြောဆိုခဲ့သည်။ ဒေသခံကျေးရွာသားများကို သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းများလည်း ပြုလုပ်ကြသည်ဟု သူတို့က စွပ်စွဲပြောကြားသည်။
`စုံစမ်းရေးကော်မရှင်သာ ဖွဲ့စည်းပြီးပါက စစ်အစိုးရ၏ အကြောင်းပြချက်များသည် လက်ခံနိုင်စရာ မရှိတော့ကြောင်းနှင့် ကော်မရှင်၏ တွေ့ရှိချက်များအပေါ် အခြေခံ၍ သူတို့ကို အပြစ်ပေး အရေးယူနိုင်တော့မည်ဖြစ်ကြောင်း´ ရှေ့နေတဦးလည်းဖြစ်သည့် Sappho Dias က ပြောသည်။
စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရေးအတွက် ကင်ပိန်းလှုပ်ရှားမှုကို ထောက်ခံသည့်အနေဖြင့် APPG-Burma အဖွဲ့ဝင်အမတ်များက ယခင်တပတ်က နံနက်အစောပိုင်းအဆို (Early Day Motiion) ကို တင်သွင်းခဲ့ရာ ပါတီစုံမှ ထင်ရှားသော အမတ်များ အပါအဝင် အမတ်ပေါင်း ၄၀ ကျော်၏ ထောက်ခံမှုကို ရရှိခဲ့ပြီး အဆိုပါ EDM ကို လက်မှတ်ရေးထိုးပေးခဲ့ကြသည်။
`အရပ်သားများအပေါ် အဓမ္မခိုင်းစေခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းတွေကို ကျယ်ပြန့်စွာ အသုံးပြုခဲ့ကြောင်း အသေအချာ မှတ်တမ်းတင် ပြုစုထားတဲ့ အထောက်အထားတွေပဲ ဖြစ်ပါတယ်´ ဟု APPG-Burma ၏ အတွင်းရေးမှူး Alistair Carmichael က ပြောသည်။
`ဤဆိုးဝါးလှသည့် ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂက စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့ကိုဖွဲ့ရမည်ဖြစ်ပြီး အဆိုပါ အဓမ္မလုပ်အားပေး ခိုင်းစေသည့်ကိစ္စများကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးသို့ စွဲတင်ရန် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ကြီး (ILO) ၏ တောင်းဆိုချက်များကို ထောက်ခံရမည်ဖြစ်သည်´ ဟုလည်း Carmichael က ဆက်လက်ပြောဆိုသည်။