မဇ္ဈိမ (ဒါကာ)။ ။ ရခိုင်ပြည်နယ် မြို့ကြီးများကို တရက်လျှင် ၃ နာရီခွဲသာ စစ်အစိုးရက လျှပ်စစ်မီး ပေးဝေကြောင်း မြို့တော် စစ်တွေ ဒေသခံများက ပြောဆိုကြသည်။
အာဏာပိုင်များက မြို့နယ်တိုင်းတွင် ဒီဇယ်ဆီ မီးစက်ကြီးများဖြင့် ည ရ နာရီမှ ၁ဝ နာရီခွဲအထိသာ ပေးဝေပြီး၊ မီးပေးချိန် ကုန်ဆုံးသွားပါက မြို့ပေါ်တွင် ဖွဲ့စည်းထားသော မီးလင်းရေး ကော်မတီမှ ထားရှိသည့် ဖွဲမီးစက်များဖြင့် နောက်ထပ် တနာရီစာ ဆက်လက်၍ ပေးဝေကြသည်။ ဤသည်မှာ လွန်ခဲ့သည့် ၅ လခန့်မှ စတင်ခဲ့ခြင်းဖြစ်ပြီး၊ ယခင်က ည ရ နာရီမှ ၉ နာရီခွဲအထိ ၂ နာရီခွဲကြာ ဖြန့်ဝေပေးခဲ့သည်။
“မီးလင်းရေး ကော်မီတီက ပေးတာကျတော့ သူတို့မှာ သီးသန့်လိုင်းနဲ့ ပေးတာ။ အစိုးရလိုင်းကို အသုံးမပြုဘူးလေ။ မီးအားကတော့ ဒီလောက်မကောင်းပါဘူး။ လျှပ်စစ်မီးလို့ ပြောလို့ရရုံသာသာပဲ ရှိတယ်လေ” ဟု စစ်တွေမြို့ ဘောလုံးကွင်း ရပ်ကွက်မှ ကိုကျော်သိန်းသျှေက ပြောသည်။
မြို့နယ် မီးလင်းရေးကော်မတီမှ ကြီးကြပ်သည့် ဖွဲမီးစက်များမှ ဆက်လက်၍ တနာရီကြာ ဖြန့်ဝေပေးပြီး၊ ၄ဝ မီဂါဝပ် မီးသီးတလုံးအတွက် တလလျှင် ကျပ် ၈ဝဝ စီ အခကြေးငွေ ပေးဆောင်ရသည်။
ဖွဲမီးစက်များသည် စစ်တွေတွင် စက် ၆ လုံး၊ မင်းပြားတွင် ၂ လုံးနှင့် ပုဏ္ဏားကျွန်းတွင် ၂ လုံးသာ ရှိပြီး၊ ကျန်ရှိသည့် ၁၄ မြို့နယ်များအနက် အချို့တွင် ယခုအခါ တည်ဆောက်ဆဲဖြစ်သည်။
ရခိုင်ပြည်နယ်တွင် စစ်တွေ၊ ကျောက်ဖြူ၊ မင်းပြား၊ တောင်ကုတ်၊ သံတွဲ၊ ဂွ၊ မာန်အောင်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ ကျောက်တော်၊ ရမ်းဗြဲ၊ ပေါက်တောနှင့် အမ်း စသည့် ၁၇ မြို့နယ် တည်ရှိသည်။
စစ်တွေမှ ကိုသင်္ခါကျော်က “တတ်နို်င်တဲ့ လူတွေက မီးစက်ဝယ်ထားတယ်။ မတတ်နိုင်တဲ့ လူတွေကတော့ ဖယောင်းတိုင်နဲ့ မီးခွက်ကို အားကိုးရတာ” ဟု ပြောသည်။
စစ်အစိုးရမှ လျှပ်စစ်မီး မပေးနိုင်သဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်များသည် ကိုယ်ပိုင်မီးစက်များ အသုံးပြုပြီး လုပ်ငန်း လည်ပတ်နေရခြင်းကြောင့် အရင်းအနှီး ပိုများသည့် လုပ်ခများမှာ ကျသင့်သည့်ထက် ပိုမိုမြင့်မားရကြောင်း စစ်တွေမြို့ လုပ်ငန်းရှင်တဦးက ပြောသည်။
“ကျနော့်အလုပ်က တွင်ခုံအလုပ်ဗျာ၊ မီးမမရှိလို့ မဖြစ်ဘူး။ ဆိုတော့ ကိုယ်ပိုင်မီးစက် မောင်းပြီး လုပ်ရတဲ့အခါ လက်ခက ၁ဝဝဝ ယူရမယ့် နေရာမှာ ၂ဝဝဝ ယူလိုက်ရတယ်။ တခြား လုပ်ငန်းတွေမှာလည်း ဒီလိုပဲ ၁ဝဝ တန်တဲ့ ပစ္စည်းက ၂ဝဝ ဖြစ်သွားရတယ်” ဟု ယင်းလုပ်ငန်းရှင်က မဇ္ဈိမကို ပြောသည်။
ရခိုင်ပြည်နယ်တွင် လောင်စာစွမ်းအင် အရင်းအမြစ် သဘာဝဓာတ်ငွေ့ ထွက်ရှိသော်လည်း ဒေသခံများအဖို့ ခံစားခွင့် မပြုဘဲ နိုင်ငံခြားသို့ ရောင်းချနေသည်ကို ကန့်ကွက်လှုပ်ရှားသူများက ဝေဖန်ထောက်ပြလေ့ရှိသည်။